ဥယျာဉ်မှူးတစ်ယောက်၏ အိပ်မက်

ဓာတ်ပုံ−ဖြိုးဖြိုးဇော်

နှင်းဆီခြံထဲတွင် ဥယျာဉ်မှူး   တစ်ယောက် ပေါင်းသင်၊ မြေနုတ် ရင်း ညှိုးနွမ်းနေသော နှင်းဆီပန်း ပွင့်လေးများနှင့် အရွက်များကို ကတ်ကြေးဖြင့်ကိုက်ကာ ဖယ် ထုတ်နေသည်။ မိဘက သားသမီး တစ်ယောက်ကို ကြင်နာယုယနေ သကဲ့သို့ နှင်းဆီပန်းများကို ဂရုတ စိုက်ပြုပြင်နေသည့် မြင်ကွင်းဖြစ် သည်။

အဆိုပါဥယျာဉ်မှူးသည် ပြင် ဦးလွင်မြို့နယ် အင်းထိပ်ဦးကျေး ရွာရှိ တော်ဝင်နှင်းဆီခြံ မန်နေဂျာ (၄၂) နှစ်အရွယ် ဦးသန်းအောင်ဖြစ်သည်။ ဦးသန်းအောင်သည် အညာသားပီပီ အသားညိုညို ခန္ဓာကိုယ်ပိန်ပိန်ပါးပါး၊ လျှာထိုးဦးထုပ်လေးအမြဲဆောင်းပြီး လက်ထဲတွင် ပန်းခူးကတ်ကြေးကို အမြဲကိုင်ထားလေ့ရှိသည်။ ၎င်း၏ ဇာတိသည် တံတားဦးမြို့နယ် မြို့သာမြို့က ဖြစ်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ နေအိမ်ကို အစ်ကိုတစ်ဦး၏ အချိတ်အဆက်ဖြင့် အလုပ်လာရောက် လုပ်ကိုင်ရာမှတစ်ဆင့် အင်းထိပ် ဦးရွာရှိ နှင်းဆီခြံသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ပန်းခြံထဲရှိ နှင်းဆီပန်းများကို ပြုစုရုံမျှမက ပန်းအိုးလာရောက် ၀ယ်ယူသူများကို ပန်းရောင်းချ ပေးခြင်းလုပ်ငန်းကိုလည်း လုပ်ကိုင်ရသည်။  တော်ဝင်နှင်းဆီခြံ တွင်  အခြားနှင်းဆီခြံများကဲ့သို့ ပန်းကို ခူးမရောင်းဘဲ၊ ပျိုးပင် နှင်းဆီပင်များကိုသာ   ရောင်း ချပေးသည်။ တော်ဝင်နှင်းဆီခြံ၏ ထူးခြားမှုဟု ပြောရမည့်အချက်က တော့ ထိုခြံထဲတွင် ကမ္ဘာကျော် အမျိုးသမီးတစ်ဦးအတွက် နှင်းဆီပန်းခင်းကြီးတစ်ခု သီးသန့်စိုက်ပျိုး ထားခြင်းပင် ဖြစ်သည်။

ထိုနှင်းဆီပန်းခင်းကြီးမှ နှင်းဆီပန်းများကို ပန်ဆင်သူက အခြားသူမဟုတ်။ မြန်မာ့ဒီမိုက ရေစီခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  တက်ရောက်မည့် အခမ်းအနားများတွင် ပန်ဆင်နိုင်ရန် နှင်းဆီပန်းများကို ပြင်ဦးလွင်မြို့နယ်ရှိ   တော်ဝင် နှင်းဆီခြံက လိုင်းကားဖြင့် အမြဲပို့ပေးလေ့ရှိသည်။

‘‘ပွဲမတိုင်ခင် တစ်ရက်၊ နှစ် ရက်လောက်ကြိုပို့ပေးတယ်။ ကားဂိတ်ကနေပဲ ပို့ပေးရတယ်။ အမေစုက နှင်းဆီပွင့်သေးသေး လေးတွေပဲ ကြိုက်တယ်။ အနံ့မ ပြင်းတာပေါ့’’ဟု ဥယျာဉ်မှူး ဦး သန်းအောင်က ပြောသည်။

နှင်းဆီပျိုးပင်များပြုစုပျိုး ထောင်ရသည့် လုပ်သက် (၁၅) နှစ်နီးပါးရှိသော်လည်း အတိုင်ပင် ခံပုဂ္ဂိုလ်အား နှင်းဆီခူးပေးရသည် မှာ တစ်နှစ်ကျော်ကျော်သာရှိ သေးသည်။ အခြားသော နှင်းဆီ ပန်းများကို စိုက်ပျိုးပေးခြင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံပန်ဆင်ရန် စိုက်ပျိုးထားသည့် နှင်းဆီပန်းများ ကို စိုက်ပျိုးပေးရသော ခံစားချက် မကွာလှသော်လည်း အတိုင်ပင်ခံ အတွက် စိုက်ပျိုးထားသော ပန်း များကို ကိုင်တွယ်ရသည်မှာ ရင် ထဲ ၀မ်းသာပီတိအပြည့်ရှိနေ ကြောင်း သူကဆိုသည်။ နှင်းဆီ ပန်းများကို ဒေါ်အောင်ဆန်းစု ကြည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ စည်းရုံးရေးဆင်းပြီး နောက်ပိုင်းကာလများတွင် အမြဲပို့ဆောင်ပေးရပြီး တစ်ခါပို့ပေးလျှင် အရောင်စုံ နှင်းဆီပန်း ၁၀ မျိုးခန့် ပို့ပေးရသည်ဟုဆိုသည်။ အမြဲနှင်းဆီပန်းခူးပေးနေသည့် ဦးသန်းအောင်က အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် သုံးကြိမ်နီးပါးလူချင်းတွေ့ဆုံဖူးပြီး မြင်တွေ့ရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အင်္ကျီအရောင်နှင့် လိုက်ဖက်သည့် နှင်းဆီပန်းကို အမြဲဝတ်ဆင်ထားတတ်ပြီး ၎င်းကိုယ်တိုင်ကလည်း လက်ရောက်ပန်းပေးဖူးသည်။

‘‘အမေစုက ကျေးဇူးတင်ပါ တယ် ပြန်ပြောတော့ ရင်ထဲမှာ အရမ်းပျော်သွားမိတယ်’’ဟု ဦး သန်းအောင်က ပီတိအသံဖြင့် ဆို သည်။

အဆိုပါနှင်းဆီခြံကို ရန်ကုန် မြို့ ရွှေဂုံတိုင်ရှိ ဦးစိုးညွန့်က ပိုင် ဆိုင်ပြီး လွန်ခဲ့သည့် ၁၅ နှစ်ကျော် က မြေ၀ယ်ထားကာ ၁၀ နှစ်ဝန်းကျင်တွင်    စတင်စိုက်ပျိုးခြင်း ဖြစ်သည်။ မြေ ၅၇ ဧက နီးပါး ရှိပြီး   နှင်းဆီစိုက်ဧက  အနည်းငယ်သာရှိသော်လည်း တရုတ်နိုင်ငံဘက်မှ   ၀ယ်ယူစိုက်ပျိုးထားသော နှင်းဆီများ၊ တပဒီလိုက်၊ ဘရာဗို၊ ရှိုး၊ ကျောက်နှင်းဆီစသည့် နှင်းဆီအမျိုးပေါင်းစုံလင်စွာ စိုက်ပျိုးထားသည်။

တော်ဝင်နှင်းဆီခြံကို လူသိ များလာသည်မှာ တစ်နှစ်ကျော် ကျော်သာရှိသော်လည်း နယ်မြို့ များ၊ လားရှိုး၊ တောင်ကြီးနှင့် ရန်ကုန်မြို့ကြီးများအထိ ပေးပို့နေရပြီ ဖြစ်သည်။ ဥယျာဉ်မှူး အလုပ်ကို ၀ါသနာပါသော ဦးသန်း အောင်သည် နှင်းဆီစိုက်ပျိုး ရောင်းချပေးခြင်းလုပ်ငန်းလုပ် ကိုင်နေရ၍ ကျေနပ်နေသည့်အ ပြင် ၎င်းလက်ဖြင့် ကိုယ်တိုင်ခူး ထားသော ပန်းကို နိုင်ငံတော်အ ကြီးအကဲ တစ်ဦးခေါင်းပေါ်တွင် ပန်ဆင်နေသည်ကို မြင်တွေ့နေရခြင်းသည် အတိုင်းမသိဝမ်းသာ ပီတိဖြစ်ရကြောင်း သူက ဆိုသည်။‘‘ကိုယ့်အမေခေါင်းမှာ ပန် တာကို တီဗီကနေ မြင်ဖူးတယ်။ ကျွန်တော်က သူ့ကိုလေးစား တယ်။ သူ့ရဲ့လုပ်ရပ်တွေကြောင့် ပေါ့’’ဟု ဦးသန်းအောင်က အပြုံး ဖြင့် ပြောသည်။

ဦးသန်းအောင်သည် အတိုင် ပင်ခံပုဂ္ဂိုလ် မည်မျှလေးစားသည် ဆိုသည်ကို သူ၏ ကိုယ်တွင် ဒေါ် အောင်ဆန်းစုကြည်ရုပ်ပုံပါ အင်္ကျီကို ဟောင်းနွမ်းသည်အထိ ၀တ် ဆင်ထားသည်ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ယင်းအင်္ကျီကို ကြိုက်လွန်းသဖြင့် ဦးသန်းအောင်သည်  လွန်ခဲ့သည့် တစ်နှစ်က ရန်ကုန်မြို့ ရွှေဂုံတိုင်မှ တစ်ထည်လျှင် ကျပ် ၂,၅၀၀ နှုန်းဖြင့် သုံးထည်ဝယ်လာပြီး နှစ်ထည်သည် ဟောင်းနွမ်း၍ ၀တ်မရတော့ကြောင်း ရယ်မောရင်း သူက ပြောသည်။ ဥယျာဉ်မှူး ဦးသန်းအောင်တစ်ယောက်အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် နှင်းဆီပန်းမပို့ရသည်မှာ ခြောက်လခန့်ကြာမြင့်ပြီ ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီ နံနက်ပိုင်းတွင် ပန်းဖြတ်ကတ်ကြေးလေးကိုင်ကာ သီးသန့်စိုက်ပျိုးထားသော ပန်းခင်းထဲမှ လက်တစ်ထွာအတိုရှိ နှင်းဆီပန်းရောင်စုံကို ခူးပြီး ဂျပ်ဖာထဲတွင် ကျကျနန နှင်းဆီပန်းများကို စီရီကာထည့် သည်။ ထို့နောက် နိုင်ငံခြားခရီးစဉ်အခမ်းအနားတစ်ခုတွင် အတိုင်ပင်ခံပန်ဆင်ရန် ဆိုင်ကယ် နောက်၌ ပို့နေကျအတိုင်း ဂျပ် ဖာပုံးတင်ကာ ပြင်ဦးလွင်မြို့ပေါ်ရှိ မန္တလာမင်းကားဂိတ်သို့သွားပို့ သည်။ ထိုသို့ပို့ဆောင်ပေးပြီး နောက် ခြောက်လအကြာထိ ပို့ ပေးရခြင်းမရှိတော့ကြောင်း ဦး သန်းအောင်က ပြောသည်။

‘‘ဘာကြောင့်မပို့ရတာလဲ ဆိုတာတော့ မသိဘူး။ ပိုင်ရှင်နဲ့ သိတာဆိုတော့ ခိုင်းတဲ့အတိုင်းပဲ လုပ်ရတာ။ ပန်းတွေဆက်မပို့ပေး ရတော့ပေမယ့် ဥယျာဉ်မှူးက ဥယျာဉ်မှူးအလုပ်အတိုင်း ဆက် လုပ်ရတာပေါ့’’ဟု သူက ဆိုသည်။ဒေါ်အောင်ဆန်းစုကြည်ပန် ဆင်ရန် ယခင်က ရွှေဂုံတိုင်ရှိ နှင်းဆီခြံကလည်း ပန်းများပေး ပို့ရပြီး ပြင်ဦးလွင်မြို့နယ်ရှိ တော် ၀င်နှင်းဆီခြံမှလည်း ပေးပို့ရလေ့ရှိကြောင်း သူက ဆိုသည်။ လက်ရှိ တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ အတိုင်ပင်ခံနေအိမ်တွင်လည်း စိုက်ထားသော နှင်းဆီပင်များ ရှိနေပြီ ဖြစ်ကြောင်း ဦးသန်းအောင်က ပြောသည်။ အတိုင်ပင် ခံအတွက် နှင်းဆီပန်းပွင့်များ မပေးရသော်လည်း သီးသန့်စိုက်  ပျိုးပေးထားသည့် နှင်းဆီခင်းများ ကို နေ့စဉ်ဂရုတစိုက်ကြည့်ရှုပြီး လိုအပ်သည့် ရေဖျန်း၊ ပိုးသတ် ဆေးဖျန်း၊ လုပ်ငန်းများကိုမူ ဦးသန်းအောင်တစ်ယောက်အ ဆက်မပြတ်လုပ်ဆောင်ပေးနေ ဆဲ ဖြစ်သည်။

ဦးသန်းအောင်သည် လုပ် သားဝန်ထမ်းဘ၀ဖြင့် နှင်းဆီပန်း စိုက်ပျိုးပေးနေရသော်လည်း ၎င်း မှာ အိပ်မက်တစ်ခုရှိသည်ဟု ဆိုသည်။ ‘‘ကိုယ်ပိုင်ခြံလေးတစ်ခုလောက်ပိုင်ဆိုင်ချင်ပါတယ်။ အဲဒီခြံလေးထဲမှာ တခြားအပင်တွေစိုက်ပြီး အမေစုအတွက်တော့ သီးသန့်နှင်းဆီပန်း ခင်းလေးစိုက်ထားပြီး အမြဲပန်းပို့ပေးချင်ပါတယ်’’