တက္ကသိုလ်ပါမောက္ခ ၁၆ ဦးကို ပထမဆုံးအကြိမ် ပညာရေးဆိုင်ရာ အဆင့်မြင့်စီမံခန့်ခွဲမှု သင်တန်းပေးမည်

ပညာရေးဝန်ကြီးဌာနက ပထမဆုံးအကြိမ် ဖွင့်လှစ်သည့် ပညာရေးဆိုင်ရာ အဆင့်မြင့်စီမံ ခန့်ခွဲမှုသင်တန်းတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များရှိ ပါမောက္ခ ၁၆ ဦးကို စီမံခန့်ခွဲရေးဆိုင်ရာ ပညာရပ်များပို့ချမည်ဟု အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောသည်။

ပညာရေးဆိုင်ရာ အဆင့် မြင့် စီမံခန့်ခွဲမှုသင်တန်း (Advanced Management Training in Higher Education) ကို ရန်ကုန်စီးပွားရေးတက္ကသိုလ် တွင် ၂၀၁၇ အောက်တိုဘာ ၂၉ မှ ၂၀၁၈ ဧပြီ ၂၉ ရက်အထိ ခြောက်လကြာ ဖွင့်လှစ်မည်ဖြစ် ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် နှင့် ရန်ကုန်ပညာရေးတက္ကသိုလ် မှ ဆရာ၊ ဆရာမများက သင်တန်း ပို့ချမည် ဖြစ်သည်။

‘‘အခုရွေးလိုက်တဲ့ ၁၆ ယောက်စလုံးက ပါမောက္ခတွေ ချည်းပဲ။ ဓာတုဆို ဓာတုဗေဒ၊ ဘူမိဆို ဘူမိဗေဒ ပါမောက္ခတွေ ပေါ့။ ဒါပေမဲ့ သူတို့ကို ဒုတိယပါ မောက္ခချုပ် ရာထူးတိုးပေးရင် စီမံ ခန့်ခွဲရေးက လိုလာပြီ။ စီမံခန့်ခွဲ ရေးပိုင်းတွေ၊ ဘဏ္ဍာရေးပိုင်းတွေ ကို သေချာလုပ်နိုင်အောင် သင် တန်း အရင်ပေးတာပေါ့’’ဟု ဒေါက်တာအောင်အောင်မင်းက ပြောသည်။

လုပ်သက်၊ စွမ်းဆောင်ရည် မှတ်တမ်းများအရ သင်တန်းတက် ရောက်ရန် ပဏာမစာရင်းဝင်သူ ပါမောက္ခ ၂၀ ဦးကို အင်္ဂလိပ်စာ နှင့် အိုင်စီတီအရည်အချင်းစစ်စာ မေးပွဲများ စစ်ဆေးခြင်း၊ ပညာ ရေးဆိုင်ရာ Powerpoint Presentation တင်ပြခြင်းတို့ ပြုလုပ်စေကာ ယင်းတို့အနက် ပါမောက္ခ ၁၆ ဦးကို သင်တန်း တက်ရောက်ခွင့်ပြုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘အရင်ကတော့ စီးပွားရေး တက္ကသိုလ်မှာ Education Management ဆိုတဲ့ သင်တန်း ဖွင့်ဖူးတယ်။ အခုဟာကတော့ အဲ ဒီထက်မြင့်တာပေါ့။ Advanced Management Training in Higher Education နာမည်နဲ့က ဒါပထမဆုံးဖွင့်တာပါ’’ဟု ၎င်းက ပြောသည်။

ပထမအကြိမ် ပညာရေး ဆိုင်ရာ အဆင့်မြင့်စီမံခန့်ခွဲမှု သင်တန်းကို ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ကွန်ပျူတာတက္က သိုလ်(မန္တလေး)၊ မန္တလာဒီဂရီ ကောလိပ်၊ မြိတ်တက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ပဲခူးတက္က သိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ တောင်ငူ တက္ကသိုလ်၊ လားရှိုးတက္ကသိုလ်တို့ မှ ပါမောက္ခ ၁၆ ဦးတက်ရောက် ခွင့်ရရှိသည်။

‘‘ဒီဆရာ၊ ဆရာမတွေကို အောက်ခြေက ဆရာ၊ ဆရာမ တွေရဲ့ သဘောထားမပါဘဲ ၀န် ကြီးဌာနရဲ့ သဘောထားနဲ့ရွေး သွားတာ တွေ့ရတယ်။ ဒီသင် တန်းခေါ်တာ၊ ရွေးတာတွေ အောက်ခြေက မသိလိုက်ရဘူး။  စာထွက်လာမှ သိတာ။ ဘယ်လို စံနှုန်းတွေနဲ့ ရွေးတယ်ဆိုတာ မသိ ရဘူး။ ပါမောက္ခတွေကအများ ကြီး၊ အဲဒီထဲမှာမှ ဒီ ၁၆ ယောက် ကိုပဲ ရွေးတယ်။ ရာထူးတိုးပေးဖို့ လျာထားတယ်ဆိုတော့ ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်နေတဲ့အ ခုချိန်မှာ အောက်ခြေက ဆရာ၊ ကျောင်းသားတွေကို အသိပေး၊ အသံတွေနားထောင်ပြီးမှ လုပ် သင့်တယ်လို့ ပြောချင်တယ်’’ဟု ရတနာပုံတက္ကသိုလ်မှ ကထိက ဦးသုတက ပြောသည်။

အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကော လိပ်နှင့် ကောလိပ်များတွင် ပါမောက္ခရာထူးဖြင့် ဆရာ၊ ဆရာမ တစ်ထောင်ကျော် ရှိနေသည်။ 

Top News