သာစည်မြို့နယ်အတွင်း ကျေးရွာအချို့ ရက်ရှည် ရေနစ်မြုပ်နေ၍ သောက်သုံးရေအခက်ကြုံ

မန္တလေးတိုင်း၊ ပေါက်တောကျေးရွာတွင် ရေနစ်မြုပ်ပျက်စီးနေသော စိုက်ခင်းတစ်ခု (ဓာတ်ပုံ−စည်သူလင်း)

 မန္တလေးတိုင်း သာစည် မြို့နယ်အတွင်းရှိ ကျေးရွာအချို့ ရက်ရှည်ရေနစ်မြုပ်၍ သောက် သုံးရေအခက်အခဲရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးမိုး မြင့်သိန်းက ပြောသည်။

လွန်ခဲ့သော တစ်ပတ်ကျော် မှစ၍ မိတ္ထီလာကန်နှင့် ညောင်ရမ်းမင်းလှကန်တို့ ရေလျှံရေလွှတ်ရာမှ သာစည်မြို့နယ်တွင် ကျေးရွာ ၂၀ ခန့် ရေကြီးနစ်မြုပ်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းများ ကြုံနေရကြောင်း ၎င်းက ဆိုသည်။

‘‘ကန်တွေက လွှတ်လိုက်တဲ့ ရေကလည်း များပြီး ရွာတဲ့မိုးက လည်း ကောင်းတော့ ရေနစ်မြုပ် တာတွေဖြစ်ကုန်တယ်။ အဲဒီအခါ မှာ ကျေးရွာချင်းဆက်လမ်းတွေပါ ပျက်စီးကုန်တယ်။ စားဝတ်နေ ရေးကတော့ ဆိုးဆိုးရွားရွား ပြဿနာမရှိပေမယ့် အ၀ီစိတွင်း တွေ၊ သောက်သုံးရေကန်တွေက ရေတွေဝင်ကုန်တော့ အခက်အခဲ ရှိကုန်တာပေါ့’’ဟု ဦးမိုးမြင့်သိန်း က ပြောသည်။

ပရဟိတအဖွဲ့များ လာ ရောက်လှူဒါန်းသော်လည်း လုံလောက်မှုမရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

သာစည်မြို့နယ်တွင် ရေဘေးဒဏ်သင့်နေသည့် ကျေးရွာများ၌ တစ်ပေမှ လေးပေခန့်အထိ ရေနစ်မြုပ်လျက်နေသေးကြောင်း ဆိုသည်။

ထို့အပြင် စပါး၊ ငရုတ်၊ ၀ါ၊ ဖရဲစသည့်စိုက်ခင်းများ ရေနစ်ပျက်စီးပြီး အချို့ကျေးရွာများတွင် စားနပ်ရိက္ခာအခက်အခဲများရှိနေသည်ဟု ပြောကြားလာ ကြောင်း မိတ္ထီလာမြို့နယ် ၈၈ ငြိမ်းပွင့်မှ ဦးထိန်မင်းခိုင်က ပြော ကြားသည်။

‘‘သောက်ရေနဲ့ ရိက္ခာအခက် အခဲရှိနေတယ်လို့ မနေ့က ပြော လာတယ်။ တချို့ရွာတွေက ထ မင်းကို ချက်ပြုတ်စားသောက်လို့ မရတဲ့ အနေအထားဖြစ်တာပေါ့။ အခုရက်ပိုင်းအတွင်း သောက်ရေ နဲ့ ထမင်းထုပ်ပို့ဖို့ရာ စီစဉ်နေ တယ်’’ဟု ဦးထိန်မင်းခိုင်က ပြော သည်။

ယင်း ဖြစ်စဉ်နှင့် ပတ်သက်၍ သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်မရခဲ့ပေ။

‘‘ရွာမှာ ရေက တက်လိုက် ကျလိုက်ဖြစ်နေတာ။ အခုတော့ ရေက ပြန်ကျသွားပြီ။ တစ်ပေ လောက်ပဲရှိတော့တာ။ ရေပြန်ကျ သွားတော့ သောက်သုံးရေတို့၊ စားနပ်ရိက္ခာတို့ကတော့ တအား ကြီးအခက်အခဲမရှိတော့ပါဘူး။ ဒါပေမဲ့ ဖရဲတို့၊ ပဲစိုက်ခင်းတို့က တော့ ပျက်စီးကုန်ပြီ’’ဟု သာစည် မြို့နယ် ပေါက်တောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟန်မြင့်က ပြော သည်။

အဆိုပါ ပေါက်တောကျေး ရွာတွင် ရေနစ်မြုပ်မှုကြောင့် ဖရဲ စိုက်ခင်း ၇၃ ဧက၊ ၀ါစိုက်ခင်း ၈၂ ဧကနှင့် ပဲစိုက်ခင်း ၁၃ ဧက ပျက် စီးခဲ့ကြောင်း ၎င်းက ပြောသည်။