ပြည်ခိုင်ဖြိုးအတိုက်အခံလုပ်တတ်၊ မလုပ်တတ်

၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်ပွဲတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

၂၀၁၆အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရ အဖွဲ့ တာဝန်လွှဲပြောင်းယူချိန်မှစ ၍ လက်ရှိအချိန်အထိ အစိုးရ၏ ဦးဆောင်နိုင်စွမ်းနှင့်ပတ်သက်ပြီးဝေဖန်မှု များစွာရှိခဲ့သည်။ နှစ် ပေါင်းငါးဆယ်ကျော်ကြာ အဘက် ဘက်က ချွတ်ခြုံကျနေသော တိုင်း ပြည်ကို ပထမဆုံး ပြန်လည်ဦး ဆောင်ခွင့်ရသည့် အရပ်သား အစိုးရအနေဖြင့် အတိုက်အခံများ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများ ၏ ဝေဖန်မှုဖိအားများစွာဖြင့် ရင် ဆိုင်နေရသည်။

သို့သော် အဆိုပါဝေဖန်မှုများ ထဲတွင် အတိုက်အခံကောင်းတစ် ရပ်၏ အင်္ဂါရပ်နှင့်ညီညွတ်စွာ နိုင်ငံရေးရပ်တည်ချက်ရှိရှိဖြင့် ဝေဖန်ခံနိုင်သော အတိုက်အခံဟူ၍ လက်ချိုးရေတွက်ရမည်ဖြစ်သည်။ အထူးသဖြင့် အာဏာရပါတီပြီးလျှင် အင်အားအကြီးဆုံးနှင့် တပ်မ တော်က ကျောထောက်ခံနောက်ခံ ပြုထားသော ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အင် အားကြီးအတိုက်ခံပါတီအဖြစ် လတ်တလောတွင် ရပ်တည်နေ သော်လည်း ၎င်းတို့ပါတီနှင့် ဆက် စပ်မှုများရှိခဲ့သူအချို့၏ လုပ်ရပ် က ပါတီ၏ နိုင်ငံရေးပုံရိပ်ကို ထိ ခိုက်မှုများရှိနေကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ပြော ကြားမှုများရှိလာသည်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှ အစပြုကာ ရခိုင်ပြည်နယ်အရေး၊ လတ်တလောပြည်သူစိတ်ဝင်စား မှုမြင့်တက်နေသည့် ဖြိုးကိုကိုတင့် ဆန်းအမှုအထိ ဖြစ်ရပ်အချို့က ပြည်ခိုင်ဖြိုးပါတီ၏ အတိုက်အခံအဖြစ် ရပ်တည်မှုအပေါ် ရိုက်ခတ်လာစေခဲ့သည်။

ဖြစ်စဉ်ကြီးကြီးမားမားများ ဖြစ်ပွားအပြီးတွင် အာဏာရပါတီ ဟောင်းဖြစ်ပြီး ယခုအတိုက်အခံ အဖြစ် ရပ်တည်နေရသည့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ယင်းဖြစ်စဉ်ပါ လူ ပုဂ္ဂိုလ်များမှာ ပါတီနှင့်မသက်ဆိုင် ကြောင်း ဖြေရှင်းချက်များ မကြာ ခဏထုတ်ပြန်နေရသည်။

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရ မှုတွင် ပြည်ခိုင်ဖြိုးပါတီဝင် လွှတ် တော်အမတ်တစ်ဦး ဆက်စပ်နေ သည်ဟုဆိုကာ ဝေဖန်မှုများ ထွက် ပေါ်လာမှုကြောင့် ပြည်ခိုင်ဖြိုးပါတီနှင့် ကာယကံရှင်ကိုယ်စား လှယ်တို့က မဟုတ်မှန်ကြောင်း ဖြေရှင်းခဲ့ရသည်။

ထို့အပြင် ပြီးခဲ့သည့် သြဂုတ် က ဖြစ်ပွားခဲ့သော မောင်တော ဒေသအကြမ်းဖက်ခံရမှုဖြစ်စဉ် တွင် ကြံရာပါအဖြစ် တရားစွဲဆိုခံ ထားရသော ဘူးသီးတောင်ပြည် သူ့လွှတ်တော် အမတ်ဟောင်း ဦးရွှေမောင်သည် ယခင်အစိုးရလက်ထက်က ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သူဖြစ်သည်။ သို့သော် ၎င်းနှင့်ပတ်သက်၍ ဝေဖန်မှုများရှိလာချိန်တွင် ပါတီနှင့်သက်ဆိုင်မှုမရှိ တော့ကြောင်း ပြည်ခိုင်ဖြိုးပါတီက ရှင်းလင်းခဲ့သည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် တွင် ဆူပူမှုများပြုလုပ်ရန် လှုံ့ဆော်ပေးမည်ဆိုပါက ကျပ် ငါးသိန်းပေးမည်ဟု စည်းရုံးခိုင်းစေသူဟု စွပ်စွဲခံရသူနှင့် မူးယစ်ဆေးဝါးနှင့် လက်နက်အများအပြား ကိုင်ဆောင်သိမ်းဆည်းထားမှုကြောင့် ဖမ်းဆီးခံရသူ ဖြိုးကိုကိုတင့်ဆန်းအမှုတို့တွင်လည်း ပြည်ခိုင်ဖြိုးပါတီက ပါတီနှင့်မသက်ဆိုင်ကြောင်း ဖြေရှင်းချက်များ ထုတ်ခဲ့ရသည်။

 ဖြိုးကိုကိုတင့်ဆန်းသည် ယခင်အစိုးရလက်ထက် အားက စားဝန်ကြီး ဦးတင့်ဆန်း၏သားဖြစ် ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင် ခဲ့သူလည်းဖြစ်သည်။ အဆိုပါဖြစ် စဉ်များသည် ပြည်ခိုင်ဖြိုးပါတီ၏ နိုင်ငံရေးဂုဏ်သိက္ခာကို ထိခိုက် စေကြောင်း သုံးသပ်မှုများရှိသည်။

‘‘ဒီလိုအကြမ်းဖက်လုပ်တာ တွေနဲ့ဆက်စပ်တာရှိတယ်ဆိုရင် တော့ ဒါဟာ နိုင်ငံရေးအရ ပြည် သူအထင်သေးစရာပေါ့’’ဟု ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးရဲထွန်းက သုံးသပ် သည်။

အထက်ပါဖြစ်ရပ်များသည် တစ်ဦးချင်းအနေဖြင့် ဆောင်ရွက် ခဲ့သည့် ကိစ္စများဖြစ်သဖြင့်  ပြည်ခိုင်ဖြိုးပါတီကို ဝေဖန်ပြစ်တင်ရန်မဖြစ်နိုင်သော်လည်း အကယ်၍ပါတီဝင်များ ပါဝင်ပတ်သက်နေပါက တိကျစွာအရေးယူရန်လိုကြောင်း နိုင်ငံရေးလေ့လာသူအချို့က ပြောသည်။

သို့သော် ပါတီပြောရေးဆို ခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကမူ အဆိုပါဝေဖန်မှုများကို ပယ်ချ သည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို အား ပေးထောက်ခံခြင်းမရှိဟု ၎င်းက ပြတ်သားစွာပြောသည်။ ‘‘ဖြစ်စဉ် တွေကို ကြည့်မယ်ဆိုရင် တစ်ဦး တစ်ယောက်ချင်းရဲ့ စိတ်ခံစား ချက်၊ လုပ်ဆောင်မှုနဲ့ပဲ ဆိုင် တယ်။ ဥပမာ ဖြိုးကိုကိုတင့်ဆန်း ကို ကြည့်မယ်ဆိုရင်လည်း သူ့ရဲ့ ချမ်းသာကြွယ်ဝမှု မိသားစုအခြေ အနေ သူ့ရဲ့စိတ်ခံစားမှုအခြေအ နေတွေပါတယ်ပေါ့ဗျာ’’ဟု ဒေါက် တာနန္ဒာလှမြင့်က တုံ့ပြန်သည်။

 ထို့အပြင် အဆိုပါဖြစ်ရပ် များအပေါ် အခြေခံသည့် ဝေဖန်မှု များကြောင့် ပြည်ခိုင်ဖြိုးပါတီ၏ နိုင်ငံရေးပုံရိပ်ကို ထိခိုက်စေမည် ဟု ယူဆထားခြင်းမရှိဟုလည်းဆို သည်။ ပြည်ခိုင်ဖြိုးအနေဖြင့် လက်ရှိရပ်တည်ချက်အတိုင်း အ တိုက်အခံပါတီတစ်ရပ်အဖြစ် နိုင်ငံ့အကျိုးအတွက် အစိုးရ၏ အားနည်းချက်ကို ထောက်ပြနိုင် ရန် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်းက ဆိုပါ သည်။

ထို့အပြင် ပြည်ခိုင်ဖြိုးအနေ ဖြင့် ဒီမိုကရေစီနည်းကျ ရွေး ကောက်တင်မြှောက်မှုကို လက်ခံ ထားပြီး လက်ရှိအစိုးရပြုတ်ကျရေး ရည်ရွယ် ဆောင်ရွက်နေခြင်း လည်းမရှိကြောင်း ဒေါက်တာနန္ဒာ လှမြင့်က ပြောသည်။

‘‘တပ်မတော်နဲ့ ပြည်ခိုင်ဖြိုး က မလိုလားရင် ဒီနေ့ ဒေါ်အောင် ဆန်းစုကြည် အစိုးရဖြစ်မလာဘူး’’ ဟု သမ္မတ ဦးသိန်းစိန်လက်ထက် ဆောင်ရွက်ခဲ့မှုများကို ရည်ညွှန်း၍ ၎င်းက ပြောသည်။

‘‘နိုင်ငံအတွက် ကောင်းတာ လုပ်ရင် ကျွန်တော်တို့ဝိုင်းကူမယ်။ ပူးပေါင်းမယ်။ နိုင်ငံအတွက် မ ကောင်းတဲ့အလားအလာတွေ ဖြစ် နေပြီဆိုရင် ကျွန်တော်တို့ အတွေ့ အကြုံတွေနဲ့ ဆွေးနွေးအကြံပြု မယ်။ အပြုသဘောနဲ့ထောက်ပြ မယ်။ ပြည်သူကို လမ်းပေါ်ဆွဲမ တင်ဘူး။ ကျွန်တော်တို့လုပ်နေတာ ပြည်ခိုင်ဖြိုးအာဏာရရေးမဟုတ် ဘူး’’ဟု ၎င်းက ဆိုသည်။

ခေတ်အဆက်ဆက် မြန်မာ့ နိုင်ငံရေးတွင် ဖိနှိပ်မှုများကြားမှ ပင် အတိုက်အခံနိုင်ငံရေးလှုပ်ရှား မှုများ အင်အားကောင်းခဲ့သည်။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲ တွင် အတိုက်အခံပါတီ ဒီချုပ်က အပြတ်အသတ်နိုင်ပြီး အစိုးရဖြစ် လာရာ အတိုက်အခံကဏ္ဍမှာ ချည့်နဲ့သွားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ၏ အတိုက် အခံရပ်တည်ချက်များကို ပါတီ တာဝန်ရှိသူက ပြောကြားသော် လည်း လက်ရှိဒီချုပ်အစိုးရလက် ထက်တွင်မူ အစိုးရကို စနစ်တကျ ထိရောက်စွာထိန်းကျောင်းနိုင် သည့် အတိုက်အခံနိုင်ငံရေးအင် အားစုမရှိဟု နိုင်ငံရေးလေ့လာသူ များက ပြောသည်။

လက်ရှိနိုင်ငံရေးပါတီများအ နက် ပြည်ခိုင်ဖြိုးသည် NLD အ တွက် အဓိကယှဉ်ပြိုင်ဘက်ပါတီ ဖြစ်ပြီး အတိုက်အခံပါတီအဖြစ် ရပ်တည်နိုင်သည့် တစ်ခုတည်း သော ပါတီဖြစ်သည်။ သို့သော် သမိုင်းဖြတ်သန်းမှုအရ ပြည်သူ အများစုကြား ပုံရိပ်ကောင်းတည် ဆောက်မှုမရှိသေးခြင်းက ပြည် ခိုင်ဖြိုးပါတီ၏ အားနည်းချက်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင် ဆွေက မှတ်ချက်ပေးသည်။

 ‘‘လူထုကြားမှာ ကြံ့ခိုင်ဖွံ့ ဖြိုးရေးရဲ့ပုံရိပ်က စင်းလုံးချောမ ဟုတ်တော့ အတိုက်အခံလုပ်တဲ့ နေရာမှာလည်း သက်ရောက်မှုက အားနည်းတာပေါ့’’ဟု ၎င်းက ပြော သည်။

 ၁၉၉၃ တွင် တပ်မတော် အစိုးရခေါင်းဆောင်များ ဦးဆောင် သည့် လူမှုရေးအသင်းအဖြစ် ပေါ် ထွက်လာချိန်ကတည်းက ‘‘အာ ဏာရှင်စနစ်’’၏ ဒေါက်တိုင်ဟု ကင်ပွန်းတပ်ခံခဲ့ရသော ပြည်ခိုင် ဖြိုးသည် လက်ရှိအချိန်အထိ ထို အမြင်ကို ပြောင်းလဲအောင်စွမ်း ဆောင်နိုင်ခြင်းမရှိသေးပေ။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် အရေးမလှဖြစ်ခဲ့ပြီး နောက် ပါတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ သော်လည်း အငြိမ်းစားတပ်မ တော် ထိပ်တန်းခေါင်းဆောင် ဟောင်းကြီးများက ပါတီကို ဆက် လက်ဦးဆောင်နေဆဲပင် ဖြစ် သည်။ ထို့ကြောင့် ပြည်ခိုင်ဖြိုးသည် အငြိမ်းစား တပ်မတော်အရာရှိများအတွက် နိုင်ငံရေးတံခါးပေါက်ဟူ၍ သတ်မှတ်ခံနေရဆဲ ဖြစ်သည်။ထို့အပြင် လက်ရှိပြည်ခိုင်ဖြိုးသည် NLD အစိုးရ၏ ဆောင်ရွက် ချက်များကိုစနစ်တကျထောက်ပြ ဝေဖန်သည့် အတိုက်အခံနည်း လမ်းထက် ပြစ်တင်ရှုတ်ချ၍ နာ မည်ဖျက်မှုအသွင်ဆောင်သည့် အတိုက်အခံ နိုင်ငံရေးပုံစံသာ ဆက်လက် ကျင့်သုံးနေသည်ကို တွေ့ရကြောင်း နိုင်ငံရေးဆောင်း ပါးများရေးသားနေသူ ကိုသီဟ သွေးက ပြောသည်။

‘‘NLD ရဲ့ပုံရိပ်ကိုပြောင်းမှ သူတို့ကိုထောက်ခံမှုပြန်တက်လာ မလားဆိုတဲ့ ကြိုးစားမှုမျိုးပဲတွေ့ ရတယ်။ ဒါကမှားယွင်းတဲ့အတိုက် အခံပြုမှုလို့ပဲမြင်ပါတယ်’’ ဟု၎င်းကပြောသည်။ ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကမူ ဒီချုပ်အစိုးရက အတိုက်အခံ နိုင်ငံရေးအင်အားစုများ၏အပြု သဘောဆောင်သည့် အကြံပြု ချက်များကို အလေးထားမှုမရှိခြင်း သာဖြစ်သည်ဟုဆိုသည်။

လက်ရှိအစိုးရလက်ထက် တွင် စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုး တက်မှုရှိအောင် မဆောင်ရွက်နိုင် သည့်အပြင် ကျဆင်းလာနေပြီး တည်ငြိမ်အေးချမ်းမှုရှိအောင် လည်း မဆောင်ရွက်နိုင်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ဝေဖန်ထား သည်။ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်ဖွဲ့စည်းမှုကိုလည်း အ ပြင်းအထန်ကန့်ကွက်ခဲ့သည်။

ထို့အပြင် လက်ရှိ ရခိုင်ပြည် နယ်အရေးကိုင်တွယ်ဆောင်ရွက် ရာတွင်လည်း နိုင်ငံတကာကိုသာ အာရုံစိုက်နေပြီး ပြည်တွင်းနိုင်ငံ ရေးအင်အားစုများ၏ ထောက်ပြ ဝေဖန်မှုကို လျစ်လျူရှုထားသည် ဟုဆိုသည်။ ရခိုင်ပြည်နယ်မြောက် ပိုင်းဒေသတွင် အကြမ်းဖက်တိုက် ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် နိုင် ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေး ကောင်စီခေါ်ယူပေးရန် အကြိမ် ကြိမ်တောင်းဆိုခဲ့သည်။

သို့သော် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် အာဏာလက်လွှတ်ရ ပြီးချိန်တွင် ယခင်ကျင့်သုံးခဲ့သည့် မူဝါဒနှင့်နည်းလမ်းများကို ဆက် လက်ကျင့်သုံးနေခြင်းက မှား ယွင်းနေကြောင်း ပြည်သူအချို့က ပြန်လည်ထောက်ပြသည်။ အား ကောင်းသည့်အတိုက်အခံနိုင်ငံ ရေးပါတီတစ်ရပ်ဖြစ်လာစေရန် ပြည်သူကိုဗဟိုပြုသည့် မူဝါဒကို အကောင်အထည်ဖော်ရန်လိုအပ် ကြောင်းဆိုသည်။

နိုင်ငံရေးနယ်ပယ်မှမဟုတ် သော လူပုဂ္ဂိုလ်အချို့ကို 7Day News ဂျာနယ်က မေးမြန်းရာ လက်ရှိပြည်ခိုင်ဖြိုးတွင် အား ကောင်းသည့်အတိုက်အခံပါတီ အဖြစ် ရပ်တည်ရန် လုံလောက် သောဩဇာမရှိသည့်အပြင် လို အပ်သည့်ပြုပြင်ပြောင်းလဲမှုများ လည်း လုပ်ဆောင်မှုမရှိကြောင်း ပြန်လည်ဖြေကြားသည်။

‘‘တချို့သူတို့ထောက်ပြတဲ့ အရာတွေက သူတို့အာဏာရှိစဉ် ကတည်းက မှားခဲ့တဲ့အရာတွေ ဖြစ်နေတာတွေ့ရမှာပါ။ ပြည်သူ ကို ကိုယ်စားပြုဖို့ကြိုးစားတယ်ဆို ပေမယ့် သူတို့ရဲ့လုပ်နည်းကိုင် နည်းတချို့ကလည်း ပုံစံမပြောင်း သေးဘူး’’ ဟု စစ်တွေမြို့တွင် နေ ထိုင်သူရခိုင်တိုင်းရင်းသားတစ်ဦး က ထောက်ပြသည်။

အတိုက်အခံပါတီတစ်ရပ်အ နေဖြင့် လွှတ်တော်တွင်းဥပဒေပြု ရေးကိစ္စရပ်များတွင် ထိရောက်စွာ ဆောင်ရွက်ရန်နည်းလမ်းအပြင် အခြားနိုင်ငံရေးပါတီများ၊ အရပ် ဘက်အဖွဲ့အစည်းများနှင့်ချိတ် ဆက်၍ အာဏာရအစိုးရ၏မူဝါဒ နှင့်လုပ်ရပ်များ မှားယွင်းမှုမရှိစေ ရန် စနစ်တကျထောက်ပြဝေဖန်မှု များဆောင်ရွက်သင့်ကြောင်း ဦး ရဲထွန်းက အကြံပြုသည်။

‘‘သူတို့ထောက်ပြတာတွေ က လုပ်သင့်တယ်၊ အကျိုးအ ကြောင်းခိုင်လုံတယ်လို့ယူဆရင် ပြည်သူလူထုက သူတို့ကိုထောက်ခံမှာပေါ့ဗျာ’’ ဟု၎င်းကပြောသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်း ကြောင်းတွင် လျှောက်လှမ်းနေ ခြင်းဖြစ်၍ ဒီမိုကရေစီစနစ်ကို ယုံ ကြည်မှုရှိပြီး ဒီမိုကရေစီအတွက် အမှန်တကယ် ကြိုးပမ်းအားထုတ် နေသည့် နိုင်ငံရေးပါတီများရှိမှ သာ အတိုက်အခံ နိုင်ငံရေး အား ကောင်းနိုင်မည်ဟု ၈၈ မျိုးဆက် များ အပါအ၀င် နိုင်ငံရေး အင်အားစု အသီးသီးစုပေါင်းတည်ထောင်မည့်ပါတီဖြစ်မြောက်ရေး ပါဝင်ဆောင်ရွက်နေသူ ဦးရဲနိုင်အောင်က ပြောသည်။ ဒီမိုကရေစီစနစ်တွင် အာ ဏာရပါတီနှင့်အစိုးရကို အဓိက ထိန်းကွပ်နိုင်မည့် ယန္တရားများ၌ အတိုက်အခံများ၏ အခန်းကဏ္ဍ မှာလည်း အထူးလိုအပ်လှသည်။ မြန်မာနိုင်ငံတွင် အဆိုပါလစ်လပ် နေသည့် ကွက်လပ်ကို ဖြည့်ဆည်း နိုင်ရန် မှန်ကန်သော အတိုက်အခံ ကောင်းများ လိုအပ်နေပါသည်။

Top News