ဟိုတယ်များ၏ လုံခြုံရေးစနစ်ကို မေးခွန်းထုတ်စရာဖြစ်လာသော ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှု

အောက်တိုဘာ ၁၉ ရက် နံနက်အစောကမီးလောင်နေသော ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို မီးငြှိမ်းသတ်နေစဉ် YE AUNG THU/ AFP

ရန်ကုန်မြို့၏ ပုံရိပ်တစ်ခုအဖြစ် တည်ရှိနေသည့် ရွှေဝါရောင်ကျွန်းသစ်များနှင့် ခမ်းနားထည်ဝါလှသည့်အဆောက်အအုံကြီးမှာ မီးတောက်များဝါးမျိုမှုကြောင့် နာရီ အနည်းငယ်အတွင်း ပြာပုံအသွင်ကူးပြောင်းခဲ့သည်။ 


 နိုင်ငံခြားသားခရီးသွားများ ကို ဆွဲဆောင်နိုင်သည့် မြန်မာမှု လက်ရာများဖြင့် မွမ်းမံထားသော ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်ခု မီးအကြီးအကျယ်လောင်ကျွမ်းပြီး ဆုံးရှုံးခဲ့သည်။ 

ယင်းဟိုတယ်မှာ ထိုင်းကုမ္ပ ဏီ Baiyoke Group of Hotels နှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ၁၉၉၃ခုနှစ်က အဆင့်မြှင့်တင် ဖွင့်လှစ်ထားသည့် ကန်တော်ကြီးပဲလေ့စ် ဟိုတယ်ဖြစ်သည်။ ထို့နောက် ယင်းဟိုတယ်ကို စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက ထိုင်းကုမ္ပဏီ Baiyoke Group of Hotels ထံမှ ၂၀၁၂ တွင် ကန်ဒေါ်လာ ၂၉ သန်းဖြင့် ဝယ်ယူခဲ့သည်။ ဟိုတယ်အတွင်း ၁၉၃၄ က ရန်ကုန်လှေလှော် ကလပ် (Rangoon Rowing Club)အဖြစ် တည်ဆောက်ခဲ့သည့် အ ဆောက်အအုံတစ်ခုလည်း ပါဝင် သည်။ 

ဂျပန်နိုင်ငံသားတစ်ဦးအပါ အဝင် လူနှစ်ဦးသေဆုံးခဲ့သည့် ကန် တော်ကြီးပဲလေ့စ်ဟိုတယ် မီး လောင်မှုတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုအားနည်းခြင်း ကို ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များက ဝေဖန် ထောက်ပြခဲ့သည်။ ထို့အတူ ဟို တယ်များတွင် မီးဘေးအန္တရာယ်ပိုမို သတိထားစရာဖြစ်လာခဲ့သည်။ 

မြန်မာနိုင်ငံတွင် မီးသတ် စနစ်အားနည်းမှုများ ရှိနေဆဲဖြစ် ပြီး ကြိုတင်ကာကွယ်မှုနှင့် ပညာပေးလုပ်ငန်း ပိုမိုလုပ်ကိုင်ရန် လိုအပ်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌဟောင်း ဦးရန်ဝင်းက ပြောသည်။ 

‘‘ဟိုတယ်တွေမှာ အခုထက် ပိုပြီး လုပ်ရမယ်ဆိုတာ ပေါ်လာ တာပေါ့။ လုံခြုံရေးသတိကတော့ ဟိုတယ်တိုင်းမှာ ရှိရမယ်ဆိုတာ ပေါ်သွားတာပေါ့ကွာ’’ဟု ဦးရန် ဝင်းက ဆိုသည်။ 

ယခုဖြစ်စဉ်တွင် ဟိုတယ်တာ ဝန်ရှိသူများ၏ ကြီးကြပ်မှုအား နည်းခြင်းကြောင့် ဖြစ်နိုင်ပြီး နိုင်ငံ တကာအဆင့်မီ ကြယ်ငါးပွင့်ဟို တယ်မီးလောင်ခြင်းက မြန်မာနိုင်ငံရှိ အခြားဟိုတယ်အားလုံးကို မေးခွန်းထုတ်စရာ ဖြစ်လာနိုင် ကြောင်း မြန်မာနိုင်ငံဟိုတယ်လုပ် ငန်းရှင်များအသင်း အတွင်းရေးမှူးဦးသီဟအောင်က ဆိုသည်။ 

‘‘ဒီလိုဟိုတယ်ကြီးမှာ ဖြစ် သွားတော့ မြန်မာ့ဟိုတယ်တွေက စိတ်မချရဘူးဆိုတဲ့ အယူအဆ လေးဝင်သွားနိုင်ပါတယ်။ မီးဘေး ကာကွယ်ရေးစနစ်တွေ၊ သတိပေး စနစ်တွေ ကြိုပြီး လုပ်ထားသင့်ပါ တယ်’’ဟု ဦးသီဟအောင်က ပြော သည်။ 

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီး ရက်ပိုင်းအကြာတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ မြန် မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များ အသင်းထံသို့ အကြောင်းကြားစာ ပေးပို့ခဲ့သည်။ ထိုစာတွင် ဟိုတယ် နှင့် တည်းခိုခန်းတိုင်းတွင် မီးဘေး ကြိုတင်ကာကွယ်ရေးစနစ်၊ သတိ ပေးစနစ်၊ မီးအာမခံများကို အလေးထားဆောင်ရွက်ရန် တိုက်တွန်း ထားသည်။ 

ထို့ပြင် မီးဘေးကာကွယ်ရေး အတွက် သတိပေးခေါင်းလောင်း များ၊ ကြိုတင်ကာကွယ်ရေးစနစ် များအပြင် မီးသတ်ဆေးဘူးနှင့် ရေပိုက်ခေါင်းများ ကောင်းမွန်ခြင်း ရှိ၊ မရှိ ပုံမှန်စစ်ဆေးရန် ပါဝင် သည်။ ဟောင်းနွမ်းနေသော မီး ကြိုးများ၊ မိန်းခလုတ်များကို ပြန် လည်စစ်ဆေးရန်နှင့် မီးဘေးလုံခြုံ ရေးလေ့ကျင့်မှုများ လစဉ်ပြုလုပ်ရန်လိုအပ်ကြောင်း တိုက်တွန်း ထားသည်။ 

မီးလောင်မှုဖြစ်ပွားချိန်တွင် ဟိုတယ်၌ ပြည်တွင်း၊ ပြည်ပမှ လာရောက်တည်းခိုသူ ၁၄၁ ဦးရှိပြီး ၎င်းတို့အနက် လူ ၁၂၀ ကျော်သည်နိုင်ငံခြားသားများဖြစ်သည်။ 

မီးလောင်မှုဖြစ်ပွားမည့်ည တွင် ဟိုတယ်၌ ရှိသည့်အခန်း ၁၈၅ခန်းအနက် ၉၆ ခန်းတွင် တည်းခို သူများရှိခဲ့ပြီး အောက်တိုဘာ ၁၈ ရက် ညသည် ဒီပါဝလီနေ့ဖြစ်သော ကြောင့် မီးနှင့်ပတ်သက်၍ ယခင် ရက်များထက် ပိုမိုသတိထားခဲ့ ကြောင်း ထူးကုမ္ပဏီဥက္ကဋ္ဌရုံးတာ ဝန်ခံ ဦးဌေးလွင်က ပြောသည်။ 

ဟိုတယ်တာဝန်ခံများသည် မီးလောင်သည်ကို သိရှိချိန်တွင် မီးသတ်ဆေးဘူးများ အသုံးပြုကာ ငြှိမ်းသတ် ခဲ့သေးကြောင်းလည်း ဦးဌေးလွင်က ပြောသည်။ ဟိုတယ် သည် မီးဘေးကာကွယ်ရေးစနစ် များ အပြည့်အဝရှိပြီး မီးဘေးကာ ကွယ်ရေး လုပ်ငန်းများကိုလည်း သုံးလတစ်ကြိမ်ပြုလုပ်လေ့ရှိကြောင်းဆိုထားသည်။ 

‘‘မီးလောင်တဲ့အချိန်မှာ နှစ်ခု လုပ်လို့ရပါတယ်။ မီးကို ငြှိမ်းမ လား၊ ဧည့်သည်တွေကို ဦးစားပေး မလား။ အဲဒီမှာ ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေကို ဦးစားပေးလိုက် တဲ့အတွက် မီးဘက်မှာ အားနည်း တာဖြစ်သွားတာပေါ့။ မနက် ၃ နာရီဖြစ်တဲ့အတွက် နှစ်ခုမှာ တစ်ခုပဲ လုပ်ဆောင်လို့ရပါတယ်။ အဲဒါကြောင့် ဧည့်သည်တွေနဲ့ ဝန်ထမ်း တွေသက်သာအောင် မီးကို ထား ပြီး အသက်အန္တရာယ်ကို ကယ် လိုက်တဲ့သဘောပါ’’ဟု ကန်တော် ကြီးပဲလေ့စ်ဟိုတယ်အမှုဆောင် အရာရှိချုပ် မစ္စတာရေမွန်က မီးလောင်မှု ဖြစ်ပွားပြီးနောက် အောက်တိုဘာ ၁၉ ရက် နံနက်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

ရန်ကုန်တိုင်းမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကြည်ဝင်းက ဟိုတယ်မီးလောင်မှုကို တက္ကစီသမားများ အကြောင်းကြားမှုကြောင့် သိရှိကာ မီးငြှိမ်းသတ်ရန် ထွက်ခွာခဲ့ကြောင်းပြောသည်။ 

 ကန်တော်ကြီးပဲလေ့စ် ဟို တယ်သည် ကျွန်းသစ်များကို အ သုံးပြုကာ မြန်မာမှုလက်ရာများနှင့်အညီ တည်ဆောက်ထား၍  မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသားဧည့်သည်များကြား ရန်ကုန်မြို့၏ ပုံရိပ်တစ်ခု အနေဖြင့် ထင်ရှားသည့် ဟိုတယ်တစ်ခုဖြစ်ကြောင်း၊ ယခုမီးလောင်မှုကြောင့် ခရီးသွားဝင်ရောက်မှုထိခိုက်မှုမရှိနိုင်သော်လည်း မြန်မာ့ခရီးသွားကဏ္ဍအတွက် ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောသည်။  အဆိုပါဖြစ်စဉ်များသည် အ ခြားနိုင်ငံများတွင်လည်း ဖြစ်လေ့ရှိပြီး ဟိုတယ်တစ်လုံးမီးလောင်ရုံ ဖြင့် ခရီးသွားလုပ်ငန်းတစ်ခုလုံးကို ထိခိုက်စရာမရှိဟု မြန်မာနိုင်ငံဟို တယ်လုပ်ငန်းရှင်များအသင်း ဒုတိ ယဥက္ကဋ္ဌ ဦးခင်မောင်ပြုံးက မှတ် ချက်ပြုသည်။
သို့သော် လက်ရှိ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်၏ စီမံခန့်ခွဲမှုသည် ညံ့ဖျင်းကြောင်း၊ အကယ်၍ အလိုအလျောက်စနစ် မရှိပါက လက်ဖြင့်ဆွဲသည့် အချက်ပေးစနစ်ကို တပ်ဆင်ထားသင့်ကြောင်း ၎င်းက ပြောသည်။ 

‘‘ခရီးသွားလုပ်ငန်းအတွက် ပုံရိပ်ကျတယ်။ ကြယ်ငါးပွင့်ဟို တယ်ကြီးက ဒီလောက်ဖြစ်သွားရ တာ ဟိုတယ်က စီမံခန့်ခွဲမှုညံ့တယ် ပြောရမယ်။ ဒီလောက်ထိဖြစ်သွား တော့ ဒီနာမည်နဲ့ ဒီဟိုတယ်တော့ အဖတ်ဆယ်လို့ မရတော့ဘူး’’ဟု ဒဏ္ဍာရီခရီးသွားလုပ်ငန်းကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးလှရွှေက ပြောသည်။ 

ကြယ်ငါးပွင့်အဆင့် ဟိုတယ် မီးလောင်ပြီး မီးဘေးကာကွယ်ရေး စနစ်ညံ့ဖျင်းခြင်းသည် နိုင်ငံခြား သားခရီးသွားများ ထပ်မံ လာ ရောက်လည်ပတ်လိုစိတ်ကုန်သွား စေနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

‘‘ဒီလောက်မီးလောင်နေတာ တောင် အချက်ပေးသံမမြည်ဘူး။ တစ်ခန်းချင်း တံခါးလိုက်ခေါက်နေ ရတယ်။ ခုန်ချတဲ့ သူတဲ့။ ဘယ် လောက် စိတ်ပျက်စရာကောင်းလဲ။   ခရီးသွားလုပ်ငန်းအတွက် ဘာ ဆက်လုပ်ရမှန်းမသိဘူး။ ခရီးသွား ကုမ္ပဏီက ကြိုးစားပမ်းစားရှာထား တဲ့ ဧည့်သည်တွေကို အခုလိုဖြုန်း တီးပစ်နေတာ မြန်မာ့ခရီးသွားလုပ် ငန်းကို အများကြီးထိခိုက်တယ်’’ ဟု ၎င်းက ပြောသည်။ 

သို့သော် လက်ရှိ ဟိုတယ်များလိုင်စင်လျှောက်ရာတွင် စည်ပင် သာယာရေးကော်မတီနှင့်မီးသတ် ဦးစီးဌာနက သေချာကြပ်မတ် ဆောင်ရွက်ခြင်းကြောင့် မီးဘေးကာကွယ်ရေးစနစ်များ ပါဝင် ကြောင်း ဦးသီဟအောင်က ပြော သည်။ ယခုကဲ့သို့ မီးဘေးကာကွယ် ရေးစနစ်မပါဝင်ခြင်းမှာ ယခင် ဆောက်ခဲ့သည့် ဟိုတယ်များတွင် ဖြစ်၍ နောက်ပိုင်းတွင် ပိုမိုကြပ်မတ်ပါက ယခုလို ဖြစ်လာစရာ အကြောင်းမရှိကြောင်း ၎င်းက ဆိုသည်။ 

ဟိုတယ်များတွင် မီးဘေး ကြောင့်ဖြစ်စေ၊ အဖျက်သမား ကြောင့်ဖြစ်စေ ပျက်စီးဆုံးရှုံးမှု သည် ကြီးမားကြောင်း၊ ထို့ကြောင့် အုပ်ချုပ်မှုပုံစံအဆင့်ဆင့်မှ မီး သတ်ဆေးဘူးကအစ စစ်ဆေး ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌက ပြော ကြားသည်။ 

ကြယ်ငါးပွင့်ဟိုတယ်၌ လူ သေသည်အထိ မီးလောင်မှုတွင် တာဝန်ပေါ့ဆမှုကို အရေးယူသင့် ကြောင်း၊ သို့မှသာ ဟိုတယ်များ တွင် မီးဘေးအပါအဝင် လုံခြုံရေး ဂရုစိုက်ရမည်ကို သိလာမည်ဖြစ် ကြောင်း ဧည့်လမ်းညွှန် ဦးရန်ပိုင် အောင်က မှတ်ချက်ပြုသည်။ 

ကန်တော်ကြီးပဲလေ့စ်ဟို တယ်မီးလောင်မှုသည် ရခိုင်ပဋိ ပက္ခနောက်ပိုင်းတွင် ခရီးသွား လုပ်ငန်း ထိခိုက်စေနိုင်သည့် အကြောင်းတစ်ခုဖြစ်လာကြောင်း ဦးလှရွှေက ပြောသည်။ ထို့အပြင်  လက်ရှိအဖြစ်အပျက်တွင် ဟိုတယ် လုပ်ငန်းများအပေါ် ဝန်ကြီးဌာန ကြီးကြပ်မှုအားနည်းခြင်းလည်း ပါဝင်နေကြောင်း၊ ဟိုတယ်ပိုင်ရှင် များသည် ခရီးသွားလုပ်ငန်းကို လေးစားသင့်ပြီး နောက်ပိုင်းတွင် လုံခြုံမှုအပိုင်းကို ပိုမိုဂရုစိုက်သင့် ကြောင်း ဦးလှရွှေက အကြံပြု သည်။    ။

More in Tourism Section

Top News