တစ်ပတ်တာ လွှတ်တော်လည်ပြန်

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တက်ရောက်ပြီး ပြန်လည်ထွက်ခွာလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

အောက်တိုဘာ ၁၇ ရက်မှ ၂၃ ရက်အထိ

နှစ်လခန့် ရပ်နားထားသော ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးများကို အောက်တိုဘာ ၁၇ ရက်တွင် ပြန်လည်စတင်ခဲ့သည်။ ယခုတစ်ကြိမ် အစည်းအဝေးများသည် ဒုတိယ အကြိမ်လွှတ်တော်၏ ဆဋ္ဌမပုံမှန်အစည်းအဝေးဖြစ်သည်။ ယခုတစ် ပတ်အတွင်း လွှတ်တော်သုံးရပ်၏ လုပ်ဆောင်ချက်များထဲမှ ထူးခြားသည့်အကြောင်းအရာများကို ကောက်နုတ်ချက်အဖြစ် 7Day News က ဖော်ပြလိုက်ပါသည်။

အောက်တိုဘာ ၁၇ ရက်

နှစ်လခန့် ရပ်နားပြီးနောက် အစည်းအဝေးများ ပြန်လည်စတင်သည့်နေ့ဖြစ်၍ လွှတ်တော်နှစ်ရပ်ဥက္ကဋ္ဌများက သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က နိုင်ငံ၏လက်ရှိအခြေအနေအရ တိုင်းရင်းသားများအကြား၊ နိုင်ငံရေးပါတီများအကြား မယုံကြည်မှုနှင့် သံသယစိတ်များကို ဖယ်ရှားပြီး ပြည်ထောင်စုစိတ်ဓာတ် မွေးမြူရန် တိုက်တွန်းသည်။ ပြည်တွင်း၊ ပြည်ပအန္တရာယ်များကို စုစည်းညီညွတ်မှုဖြင့် ကာကွယ်ရမည်ဟု ပြောသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ဆွေးနွေးရမည့် ဥပဒေကြမ်း ၁၇ ခုနှင့် အဆိုကိုးခု အဆင်သင့်ရှိနေကြောင်း ဥက္ကဋ္ဌက ပြောသည်။ ပြစ်ဒဏ်များ ဖြေလျှော့ထားသည့် ရှေးဦး ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်က ပြည်သူ့လွှတ်တော်သို့ တင်သွင်းသည်။

ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်လာစေကာ မူကြိုအရွယ် ကလေးသူငယ်များ မူလတန်းလွန်ကျောင်း တက်ရောက်မှုနှုန်း မြင့်မားလာစေရန် ရည်ရွယ် တင်သွင်းခြင်းဖြစ် ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

တစ်ပြိုင်တည်းမှာပင် ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် မူကြိုပညာရေးဆိုင်ရာ မဟာဗျူဟာအစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးရန် အစိုးရအားတိုက်တွန်းကြောင်း အဆိုကို သိန်းနီမဲဆန္ဒနယ်မှ ဦးစိုင်းခမ်းဦးက တင်သွင်းပြီး လွှတ်တော်က လက်ခံဆွေးနွေးသဘောတူခဲ့သည်။

အမျိုးသားလွှတ်တော်တွင် ဥပဒေကြမ်းကော်မတီက မြန်မာ နိုင်ငံ လွှတ်တော်အဖွဲ့ဥပဒေကြမ်း နှင့်ပတ်သက်၍ အစီရင်ခံစာတင်ပြခဲ့သည်။ ယင်းဥပဒေကို အတည်ပြုမည်ဆိုပါက ပြည်ထောင်စုလွှတ်တော်က ကျန်လွှတ်တော် များအားလုံးကို ချုပ်ကိုင်သည့် သဘောသက်ရောက်မှုရှိ၊ မရှိ ဆန်းစစ်သင့်သည်ဟု ကိုယ်စားလှယ်များက အကြံပြုထားကြောင်း အစီရင်ခံစာ၌ ဖော်ပြသည်။


ဓာတ်ပုံ-စိုင်းဇော်

ထိုသို့ အကြံပြုသူများတွင် တပ်မတော်ကိုယ်စားလှယ်များ အပြင် ဒီချုပ်ကိုယ်စားလှယ်အချို့လည်း ပါဝင်သည်။ သို့သော် ယင်းဥပဒေကို ပြင်ဆင်ချက်အချို့ဖြင့် အတည်ပြုသင့်ကြောင်း ဥပဒေ ကြမ်းကော်မတီက မှတ်ချက်ပေးခဲ့ သည်။

ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြိုဆိုနှုတ်ခွန်းစကား ပြောကြားခဲ့ရာ ပြည်သူများအပေါ်ထားရှိရမည့် ကတိသစ္စာများကို မဖောက်မပြန်ဘဲ အလေးထား ဆောင်ရွက်ရန် တိုက်တွန်းသည်။

ထို့နောက် ဘဏ္ဍာနှစ်သတ်မှတ်မှုပုံစံပြောင်းလဲရေးဆောင်ရွက်မှုကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။ မြန်မာနိုင်ငံတွင် ၁၉၇၄ မှ စတင်ကာ ဧပြီ ​၁ ရက်မှ မတ်လ ၃၀ ရက်အထိ ဘဏ္ဍာနှစ်သတ်မှတ်မှုပုံစံကို ကျင့်သုံးခဲ့သော်လည်း ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကစတင်ကာ အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အဖြစ် ပြောင်းလဲကျင့်သုံးရန် တင်ပြသည်။

လက်ရှိဘဏ္ဍာနှစ် သတ်မှတ်မှုသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေရေးအတွက် အခြေခံပြီး ပြောင်းလဲမည့် ဘဏ္ဍာနှစ်သတ်မှတ်မှုပုံစံသည် ဆောက်လုပ်ရေးလုပ်ငန်းများကို အဆင်ပြေရေးကို အခြေခံသတ် မှတ်ထားခြင်းဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ပြောသည်။

ထို့အပြင် ပြည်ပချေးငွေနှင့် အကူအညီများ ရယူရာတွင် ဘဏ္ဍာနှစ်မတူညီ၍ ညှိနှိုင်းရခြင်း၊ အထွေထွေရွေးကောက်ပွဲကျင်းပ သည့်နှစ်၌ နောက်အစိုးရအတွက် ဘတ်ဂျက်သတ်မှတ်ပေးရခြင်း စသည့်အချက်များကြောင့်လည်း ပြင်ဆင်ခြင်းဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ ဖြည့်စွက် ငွေအပါအ၀င် နောက်ထပ်ဘဏ္ဍာ ငွေသုံးစွဲရေးဥပဒေကြမ်းကို တင်သွင်းခဲ့ရာ အစိုးရက ဖြည့်စွက်ခွင့် ပြုငွေ စုစုပေါင်း ကျပ် ၂,၅၄၄ ဒသမ ၇၃၇ ဘီလီယံ တောင်းခံ ထားသည်။ ယင်းဘတ်ဂျက် တောင်းခံမှုကို လွှတ်တော်နှစ်ရပ် ကိုယ်စားလှယ်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ ၁၇ ဖွဲ့က စစ်ဆေးနေပြီး ဖြတ်တောက်မှုများ ပြုလုပ်ရန် ရှိနေသည်။

ပြည်ထောင်စု အစိုးရအပ်ငွေစာရင်း၏ လိုငွေအားဖြည့်ဆည်းရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကျပ်ဘီလီယံ ၁,၂၀၀ ကို ထုတ်ချေးရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြည်ထောင်စုလွှတ်တော်သို့ တင် ပြခဲ့သည်။

အောက်တိုဘာ ၁၉

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် သို့ တင်သွင်းခဲ့သည်။ ဥပဒေကြမ်း နှင့် ပတ်သက်၍ ပြည်သူ့လွှတ် တော်ဥပဒေကြမ်းကော်မတီက ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အထူးကော်မရှင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တင်ပြခဲ့ သည်။ ထို့ကြောင့် ဥပဒေကြမ်းတစ်ရပ်ရေးဆွဲရာတွင် ပြင်ပမှ နားလည်တတ်ကျွမ်းသူများကိုလည်း ခေါ်ယူတွေ့ဆုံဆွေးနွေးရန် လို ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ညွန်ကြားခဲ့သည်။

ရွှေတူးဖော်ရေး ကုမ္ပဏီ ၁၈၆ ခုက အစိုးရသို့ ပေးသွင်းရန် ရွှေ ကြွေးကျန် ပိဿာ ၁၄၀ ကျော်ရှိနေပြီး ယင်းတို့အနက် ကုမ္ပဏီ ၁၂၂ ခုကို တရားစွဲဆိုရန် ပြင်ဆင်နေ ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီး ဦးအုန်းဝင်းက ပြည်သူ့လွှတ် တော်တွင် ပြောသည်။

ကြွေးကျန်ကုမ္ပဏီများတွင် မိုးထိမိုးမိဒေသ၌ ရွှေသတ္တုအကြီး စားတူးဖော်ရေးလုပ်ငန်း လုပ်ကိုင် နေသည့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီလည်းပါဝင်ပြီး ရွှေကြွေးကျန် ၅၁ ပိဿာကျော်ရှိ နေကြောင်း ၎င်းကပြောသည်။ ရွှေ ကြွေးကျန်များကို ၂၀၁၈ အတွင်း ပေးသွင်းခြင်းမရှိပါက အရေးယူမည်ဟုလည်း ဆိုသည်။

သဘာဝသယံဇာတတူးဖော် ထုတ်လုပ်ခြင်းမှရရှိသည့် နိုင်ငံ တော်၏ ဝင်ငွေများကို နိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာ ချပြပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ အလုံးစုံဝင်ရောက်နိုင်ရေးအစီ အစဉ်များ ချမှတ်ဆောင်ရွက်ပေး ရန် အစိုးရအား တိုက်တွန်းသည့် အဆိုကို ဒဂုံမြို့နယ်မဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်က တင်သွင်းခဲ့ပြီး လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူခဲ့သည်။

အောက်တိုဘာ ၂၀

တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီက တင်သွင်းခဲ့သည်။ လိုင်စင်မရှိဘဲ အမဲလိုက် ခြင်း၊ အမဲလိုက်ခွင့်စည်းကမ်းချက်တစ်ရပ်ကို ချိုးဖောက်ခြင်း၊ မျိုး တုံးအန္တရာယ်ရှိသဖြင့် ကာကွယ်ထိန်းချုပ်ထားသည့် တောရိုင်းတိရစ္ဆာန်ကို ခွင့်ပြုချက်မရှိဘဲ စီးပွားရေးအလို့ငှာ မွေးမြူခြင်း၊ သ ဘာဝနယ်မြေအတွင်း ရေထု၊ လေထုကို ညစ်ညမ်းစေခြင်းစသည့် တားမြစ်ချက်များပါဝင်ပြီး ချိုး ဖောက်ပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်နှစ်သိန်းမှ အများဆုံးငါးသိန်း အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရန်ရေးဆွဲထားသည်။

ထို့အပြင် သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ကို ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း၊ အနာတရဖြစ်စေ ခြင်း၊ တောရိုင်းတိရစ္ဆာန်ကိုဖြစ်စေ၊ ယင်း၏ အစိတ်အပိုင်းကိုဖြစ် စေ ခွင့်ပြုချက်မရှိဘဲ လက်ဝယ် ထားရှိခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း (သို့မဟုတ်) လွှဲပြောင်းခြင်း စသည့်တို့ပြုလုပ်ပါက ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ အနည်းဆုံးကျပ်သုံးသိန်းမှ အများဆုံး ၁၀ သိန်းအထိ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင် ကြောင်းလည်း ပြဋ္ဌာန်းထားသည်။

နိုင်ငံတော် ဘတ်ဂျက်ဖြင့် တည်ဆောက်မည့် အဆောက်အအုံများ အရည်အသွေးမီ၊ မမီကို သက်ဆိုင်ရာ မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ်များက စောင့်ကြည့်ကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က မှာကြားသည်။လဟယ်မဲဆန္ဒနယ်မှ ဦးသက်နောင်က လဟယ်မြို့နယ်အတွင်း ကျေးရွာ ရှစ်ရွာရှိ ကျောင်းဆောင်များ အဆင့်မြှင့်တင်ဆောက်လုပ်ပေးရန် မေးမြန်းပြီးနောက် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ထိုသို့မှာကြားသည်။

အောက်တိုဘာ ၂၃

ဘဏ္ဍာရေးနှစ်သတ်မှတ်မှု ပုံစံပြောင်းလဲရေး သတ်မှတ်ရေး နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး စတင်ဆွေးနွေးရာ ဒီချုပ်အမတ်ရှစ်ဦးက ထောက်ခံဆွေးနွေးသည်။ သို့သော် တပ်မ တော်သားကိုယ်စားလှယ် နှစ်ဦး၊ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် တစ်ဦး တို့က ကန့်ကွက်ခဲ့ပြီး ရခိုင်အမျိုး သားပါတီအမတ်နှစ်ဦးတွင် တစ်ဦးက ကန့်ကွက်ကာ တစ်ဦးကအ ကြံပြုဆွေးနွေးခဲ့သည်။

ဘဏ္ဍာရေးနှစ်သတ်မှတ်ပုံစံ ပြောင်းလဲရာတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အဆင်ပြေရေးကိုသာ ဦးစားပေး၍ အခြားကဏ္ဍများအတွက်လည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြည်ခိုင်ဖြိုးအမတ်က ဆွေးနွေးသည်။ ဒီချုပ် ကိုယ်စားလှယ်များကမူ လက်ရှိကျင့်သုံးနေသည့် ဘဏ္ဍာနှစ်သတ်မှတ်မှုပုံစံတွင် အားနည်းချက်များ ရှိနေကြောင်း ပြောသည်။

ပြောင်းလဲသတ်မှတ်မည့် ပုံစံသည် နိုင်ငံတကာအလေ့အကျင့်များနှင့် တစ်သားတည်းဖြစ်သွား ခြင်း၊ မိုးရာသီအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရမှုကို ရှောင်လွှဲနိုင်ခြင်း၊ လပတ်အလိုက် ဘဏ္ဍာငွေသုံးစွဲမှုများ ပို မိုညီညွတ်မှုရှိလာခြင်း၊ ဘဏ္ဍာရေးနှစ်တစ်နှစ်ချင်းစီအလိုက် လုပ်ငန်း ဆောင်ရွက်မှုများကို မိုးရာသီတွင် စစ်ဆေးနိုင်ခြင်း၊ ဘဏ္ဍာရေးနှစ် စတင်ချိန်နှင့် နှစ်သစ်ကူးရုံးပိတ် ရက်များ တိုက်ဆိုင်မှုမရှိတော့ခြင်း စသည့် အားသာချက်များရှိကြောင်း ဒီချုပ်ကိုယ်စားလှယ်များက ဆွေးနွေးသည်။
 

Top News