ဘောလုံးဖိုရမ်တစ်ခု နိုဝင်ဘာအတွင်း ကျင်းပမည်ဟု ဦးဇော်ဇော်ပြောကြား

မြန်မာ့ဘောလုံး အဆင့်အတန်း မြင့်မားလာစေရေး အလွှာပေါင်းစုံပါဝင်မည့် ဘောလုံးဖိုရမ်တစ်ခုကို နိုဝင်ဘာအတွင်း ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။


မြန်မာ့ ဘောလုံးလောက သည် ဆုတ်ယုတ်မှုများရှိနေပြီး အခြားပြိုင်ဘက်နိုင်ငံများနှင့် နှိုင်း ယှဉ်ပါက လွန်စွာခြားနားနေ ကြောင်း၊ ထို့ကြောင့် မြန်မာ့ဘောလုံးအဆင့်အတန်းမြင့်မားစေရန် ရည်ရွယ်၍ ရွှေခေတ်လက်ရွေးစင်ဘောလုံးသမားဟောင်းများ၊ ဒိုင်များ၊ နည်းပြများ၊ လက်ရှိမျိုးဆက်သစ်များနှင့် အခြားပညာရှင်များပါဝင်မည့်ဖိုရမ်တစ်ခုကျင်းပမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘နိုဝင်ဘာလထဲမှာ ဘော လုံးဖိုရမ်တစ်ခုလုပ်ဖို့ ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံက တခြားနိုင်ငံ တွေနဲ့ယှဉ်လိုက်ရင် အမြဲနောက် ကောက်ကျနေပါတယ်။ ဘာလို့ လဲဆိုတော့ ကျွန်တော်တို့အချင်း ချင်းစည်းလုံးမှု မရှိလို့ပါပဲ။ ဒါ့ ကြောင့် ကိုယ့်နိုင်ငံအတွက် လုပ် နေတဲ့အလုပ်တစ်ခုမှာ အားလုံး ၀ိုင်းဝန်းပြီး စည်းစည်းလုံးလုံးနဲ့ လုပ်မယ်ဆိုရင် တစ်ချိန်မှာအောင် မြင်မှု ရရှိလာမယ်’’ဟု အောက် တိုဘာ ၂၈ ရက်က သုဝဏ္ဏမြက် ခင်းတုကွင်း၌ ကျင်းပခဲ့သည့် အ သက်(၇၀)အထက် ဘောလုံးသ မားဟောင်းများအား ကန်တော့ပွဲ တွင် ဦးဇော်ဇော်ကပြောကြား သည်။

ယင်းဖိုရမ်တွင် မြန်မာနိုင်ငံ ၏ ဘောလုံးအခြေအနေ၊ ကမ္ဘာ့ ဘောလုံးလောက၏ အခြေအနေ နှင့် မြန်မာ့ဘောလုံးလောကတွင် တွေ့ကြုံနေရသည့် အခက်အခဲ များကို တင်ပြမည်ဖြစ်ပြီး လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို အဖြေရှာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ဒိုင် ကဏ္ဍတွင်လည်း အဆင့်အတန်း နိမ့်ပါးမှုဖြစ်နေပြီး အာဆီယံနိုင်ငံ များအနက် အနိမ့်ဆုံးအဆင့်တွင် ရှိနေခြင်းကြောင့် ဒိုင်များ၏အ ရည်အသွေး တိုးတက်စေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့ပြင် ပြည်တွင်း နည်းပြများ၏ အရည်အသွေးများ လည်း ကျဆင်းလာသည်ကို မြင် တွေ့နေရကြောင်း ဦးဇော်ဇော်က ပြောသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မြို့နယ်အလိုက်ဘောလုံး အဖွဲ့ချုပ်များကို ဖွဲ့စည်းပေးပြီး ကျောင်းအဆင့်ပြိုင်ပွဲ၊ မြို့နယ်အ ဆင့်ပြိုင်ပွဲများကို ပြန်လည်ကျင်း ပနိုင်ရန် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုသို့ပြိုင်ပွဲများ ကျင်းပ နိုင်ပါက ကျောင်းသား၊ ကျောင်း သူများ၏ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့် ပေါင်းစပ်လုပ်ကိုင်မှု စွမ်းရည်များ တိုးတက်လာမည်ဖြစ်ကြောင်း အ ဖွဲ့ချုပ်ဥက္ကဋ္ဌကဆိုသည်။