လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနည်းပြရော်ဂျာနှင့် အဖွဲ့ချုပ်လမ်းခွဲ

 မြန်မာနိုင်ငံဘောလုံးအ ဖွဲ့ချုပ်သည် စာချုပ်သက်တမ်း ကုန်ခဲ့သည့် လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနည်းပြချုပ် နယ်သာလန်နိုင်ငံသား ရော်ဂျာနှင့် အောက်တိုဘာလကုန်ကလမ်းခွဲခဲ့သည်။

အသက် (၅၃) နှစ်အရွယ် ရော်ဂျာရိုင်နာသည် မြန်မာ့လက် ရွေးစင်အမျိုးသမီးအသင်းနည်းပြ ချုပ်အဖြစ် ၂၀၁၆ ဖေဖော်ဝါရီက စတင်ကာ ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲပြီးသည်အထိ ကိုင်တွယ်ခဲ့သူဖြစ်သည်။ ရော်ဂျာလက်ထက်တွင် မြန်မာအမျိုးသမီးဘောလုံးအသင်းသည် အာဆီယံပြိုင်ပွဲ တတိယဆုနှင့် ဆီးဂိမ်းတတိယဆုရရှိခဲ့သည်။

‘‘မြန်မာအမျိုးသမီး အသင်း နည်းပြချုပ် ရာထူးအတွက် ကျွန် တော့်ကို တာဝန်ပေးအပ်ခဲ့ကြတဲ့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့တကွ တာဝန်ရှိသူ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ မြန်မာအသင်းကို ကိုင်တွယ်စဉ်ကာလအတွင်းမှာ ဘောလုံးအဖွဲ့ချုပ်နဲ့ အသင်းဖော်တွေ၊ ၀န်ထမ်းတွေအားလုံးနဲ့ အတူတကွလုပ်ကိုင်ဆောင်ရွက်ခဲ့ရခြင်းကိုလည်း ဂုဏ်ယူမဆုံးပါဘူး။ အထူးသဖြင့် မြန်မာအမျိုးသမီးအသင်းကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျွန်တော်လုံးဝမေ့နိုင်မှာ မဟုတ်ပါဘူး။ သူတို့ဘယ်လောက်အံ့သြစရာကောင်းလောက်အောင် အားပေးခဲ့ကြတယ်ဆိုတာ မန္တလာသီရိကွင်းအပြည့်အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကြည့်တာနဲ့  သိနိုင်ပါတယ်။ မြန်မာအသင်းအားလုံး အနာဂတ်မှာ အောင်မြင်မှုအသီးသီး ဆွတ်ခူးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ ကျွန်တော်တို့ တစ်ချိန်ချိန်မှာ ပြန်ဆုံကြမယ်လို့လည်း မျှော်လင့်ပါတယ်’’ဟု ရော်ဂျာက ပြောကြားသည်။

ရော်ဂျာရိုင်နာသည် မြန်မာအသင်းကို မကိုင်တွယ်မီက နယ်သာလန်အမျိုးသမီးလက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ပြီး နယ်သာလန်အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ရော်ဂျာ၏ နေရာတွင် ပြည်တွင်းနည်းပြကိုသာ တာဝန်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်  အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားထားသည်။

Top News