နမ္မတူမြို့နယ်၌ မိုင်းနင်းမိ၍ အရပ်သားတစ်ဦးသေဆုံး၊ ကလေးငယ်အပါအဝင် နှစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ် မြောက် ပိုင်း နမ္မတူမြို့နယ်တွင် မိုင်းနင်းမိ ၍ အရပ်သားတစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် နှစ်ဦး ဒဏ်ရာရရှိကြောင်း နမ္မတူဒေသ ခံများက ပြောသည်။ 


သေဆုံး၊ ဒဏ်ရာရသူများ သည် နမ္မတူမြို့နယ် ညောင်ပန် လှရွာနေ ရွာသူများဖြစ်ပြီး ရွာနှင့် နှစ်မိုင်ခန့်အကွာတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း နမ္မတူမြို့နယ် စစ်ဘေးဒုက္ခသည်ကူညီရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်ဆန်းဦး က ပြောသည်။ 

‘‘ဒီနေ့မနက် ၁၁ နာရီက ဖြစ် တာ။ တစ်ဦးက ဆုံးတယ်။  ဆုံးတဲ့ လူနာမည်က အိုက်လေးတဲ့။ နောက်နှစ်ယောက် ဒဏ်ရာရတာ က အိုက်ဦးက (၃၅)နှစ်၊ အိုက် မောင်းက (၁၁)နှစ်၊ ဒဏ်ရာရတဲ့ နှစ်ယောက်ကတော့ လားရှိုးကို ပို့လိုက်ပြီ။ ဆုံးတဲ့လူကတော့ ရွာ မှာပဲ’’ဟု ၎င်းက ဆိုသည်။ 

နမ္မတူမြို့နယ်အတွင်း တပ်မတော်၊ တအာင်းလက်နက်ကိုင် အဖွဲ့(TNLA)နှင့် ရှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီ (RCSS) စသည်တို့မှ တပ်ဖွဲ့ဝင် များလှုပ်ရှားသွားလာမှုရှိကြောင်း နမ္မတူမြို့ခံ ဦးစိုင်းဗညားက ပြော သည်။ 

‘‘ဒီကိစ္စက သူတို့ကလည်း သူတို့တပ်လှုပ်ရှားမှုတွေမှာ ကာ ကွယ်ကြတာပေါ့ဗျာ။ ဒါပေမဲ့ သူတို့မိုင်းထောင်တာတော့ မကောင်းဘူးပေါ့။ အဲဒါတွေက သူ့တို့ မတည့် တဲ့လူတွေအချင်းချင်း ထိတာမ ဟုတ်ဘူးလေ။ ရွာသားတွေပါထိ တာ။ မိုင်းထောင်တာ မဖြစ်သင့် ဘူး။ မဖြစ်စေချင်ဘူး’’ဟု ၎င်းက ဆိုသည်။ 

ပြီးခဲ့သည့် အောက်တိုဘာ ကလည်း စစ်ပွဲများဖြစ်ပွားနေခြင်း နှင့် ဆက်စပ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အရပ်သားသုံးဦး သေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ သည်။

အောက်တိုဘာ ၁၉ ရက်က နမ့်ခမ်းမြို့နယ် ပန်းကနိုင်းရွာအနီး ဖြစ်ပွားသော တိုက်ပွဲတွင် ကျေး ရွာအတွင်းရှိ ကလေးငယ်တစ်ဦး လက်နက်ကြီးကျည် ထိမှန် သေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ သည်။

ယင်းဖြစ်စဉ်မတိုင်ခင် ရက်ပိုင်းအတွင်းကလည်း နမ့်ဆန်မြို့ နယ်ရှိ မန်လွယ်ရွာနှင့် လုံကောက်ရွာတွင် မိုင်းပေါက်ကွဲ၍ နှစ်ဦးသေဆုံးခဲ့သည်။ 

တပ်မတော်နှင့် TNLA တို့ သည် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် မကြာခဏတိုက်ပွဲ ဖြစ်ပွားနေသကဲ့သို့ TNLA နှင့် RCSS တို့အကြားတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ဖူးသည်။ 

တိုက်ပွဲဖြစ်ပွားမှုနှင့်ဆက် စပ်ပြီး ယင်းဒေသရှိ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုများ ယခင်ကလည်း ရှိခဲ့သည်။ 

More in News Section

Top News