ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံဒေ့ဗ်ကို မြန်မာပြည်ချန်ပီယံဟောင်း စောငမန်း စိန်ခေါ် စောငမန်းကို အသင့်ပြင်ထားရန် ဒေ့ဗ်က ပြန်လည်တုံ့ပြန်

 ရိုးရာလက်ဝှေ့ ကမ္ဘာ့ ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ့ဗ် ကို မြန်မာပြည် ချန်ပီယံဟောင်း စောငမန်းက တရားဝင်စိန်ခေါ်ခဲ့ သည်။

နိုဝင်ဘာ ၄ ရက်က ရန်ကုန် မြို့ အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁)  သုဝဏ္ဏ၌ ကျင်းပသည့် ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ (WLC-3) တွင် စောငမန်းက ဩစတြေးလျနိုင်ငံ သား အက်ဒီဖာရယ်ကို အမှတ် ဖြင့် အနိုင်ရပြီးနောက် ဒေ့ဗ်ကို တရားဝင်စိန်ခေါ်ခဲ့သည်။

‘‘ကျွန်တော် ကမ္ဘာ့ချန်ပီယံ ဒေ့ဗ်ကို စိန်ခေါ်ပါတယ်။ အကြီး တန်း ထိုးသတ်ကြေးရရင် ထိုးပါ မယ်။ ဒေ့ဗ်က အရပ်ရှည်တယ်ဆို ပေမယ့် ကျွန်တော် ထိုးခဲ့ဖူးတဲ့ပွဲ တွေမှာ အရပ်ရှည်တဲ့သူများပါ တယ်။ ဒါပေမဲ့ အရှောင်အတိမ်း ပညာနဲ့ပဲ ထိုးရပါတယ်။ ဒေ့ဗ်နဲ့ ထိုးရမယ်ဆိုရင် အနိုင်၊အရှုံးပြတ် အောင် အမှတ်ပေးပွဲ ထိုးချင်ပါ တယ်။ ရိုးရိုးစိန်ခေါ်ပွဲဆို သရေနဲ့ ပဲ ပြီးသွားမှာ စိုးလို့ပါ’’ဟု စော ငမန်းက ပြောသည်။

ကနေဒါနိုင်ငံသား    ဒေ့ဗ် သည် ၂၀၁၆ အတွင်း တူတူးကို သရေ၊ ထွန်းထွန်းမင်းကို ပထမ ပွဲစဉ်တွင် သရေကျပြီး ဒုတိယပွဲ စဉ်တွင် အလဲထိုးဖြင့် အနိုင်ရ သဖြင့် ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီ ယံဖြစ်ခဲ့သည်။

စောငမန်း၏ စိန်ခေါ်မှုနှင့် ပတ်သက်၍ ‘‘ခုလို သတ္တိရှိရှိ စိန် ခေါ်တဲ့အတွက် မင်းသတ္တိကို လေးစားပါတယ်။ ဒါပေမဲ့ သတ္တိရှိရုံနဲ့ မလုံလောက်ပါဘူး။ မင်းနောက် ဆုံးထိုးသွားတဲ့ ပွဲတုန်းကထက် ပိုကောင်းအောင် လုပ်ပြမှ အထင် ကြီးမိမှာပါ။ ငါတို့ မကြာခင် တွေ့ ကြဦးမှာပါ။ အဆင်သင့်ပြင်ထား ပါ။ မြန်မာ့လက်ဝှေ့စစ်စစ်ဆိုတာ ဘယ်လိုလဲဆိုတာ ငါမင်းကို ပြမယ်’’ဟု ဒေ့ဗ်က  လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ပြန်လည် ဖြေကြားသည်။

အသက် (၂၅)နှစ်အရွယ် ဒေ့ဗ်သည် မွေထိုင်းလက်ဝှေ့ လောကမှ မြန်မာ့ရိုးရာ လက်ဝှေ့ ဘက်သို့ ၂၀၁၆ တွင် စတင်ကူး ပြောင်းလာပြီး ရိုးရာလက်ဝှေ့ပွဲ ခုနစ်ပွဲတွင် သုံးပွဲနိုင်၊ လေးပွဲသရေ၊ရှုံးပွဲမရှိ စံချိန်ရရှိထားသည်။

နိုဝင်ဘာ ၁၀ ရက်တွင် ကျင်းပမည့် Air KBZ Aung Lan Championship ရိုးရာလက် ဝှေ့ပြိုင်ပွဲ၌ စောငမန်းနှင့် ဒေ့ဗ်တို့ ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်နေကြောင်း ပွဲစီစဉ်သူ ဦးဝဏ္ဏက ပြောသည်။

More in News Section