မြို့ပြညများ လုံခြုံလှပစေလို

ရန်ကုန်မြို့ အင်းလျားကန်ပေါင်တွင် နိုဝင်ဘာ ၆ရက်ညချမ်းက သွားလာအပန်းဖြေနေသော ပြည်သူအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းဇော်)

သောကြာနေ့ ညနေမျိုးဆိုလျှင် ကိုထက်ရှိုင်းတစ်ယောက် အလုပ်မှပြန်ရန် ပိုမိုစိတ်အားထက်သန်နေသည်။ အသက် (၂၄) နှစ်အရွယ်ရှိပြီဖြစ်ပြီး ဆေးကုမ္ပဏီတစ်ခုမှ အရောင်းဝန်ထမ်းဖြစ်သော သူက ယခုလိုသောကြာ ညမျိုးတွင် တစ်ပတ်တာ ပင်ပန်း သမျှ ဖြေဖျောက်ရန် သူငယ်ချင်းများနှင့် အချိန်းအချက်လုပ်ထားပြီးဖြစ်သည်။

‘‘သောကြာနေ့ည ပြီးရင် စနေ၊ တနင်္ဂနွေပိတ်ရက်ရတော့ စိတ်လွတ်ကိုယ်လွတ်နေလို့ရတယ်။ အလုပ်ကိစ္စတွေခဏမေ့ လို့ရသွားတယ်။ ဒီလိုညမှာဆို မိုးလင်းတဲ့အထိအပြင်မှာ နေဖြစ်ကြတာများတယ်’’ဟု သူက ဆိုသည်။

TGIF ဟု အလွယ်ခေါ်ကြ သည့် သောကြာညများတွင် မိတ်ဆွေ၊ သူငယ်ချင်းများနှင့် စိတ်လက်အပန်းဖြေခြင်း ဓလေ့တစ်ခုလူငယ်တွေကြား ရေပန်းစား လာသည်မှာ လွန်ခဲ့သောနှစ်အ နည်းငယ်က ဖြစ်သည်။

‘‘သူငယ်ချင်းတွေကို TGIFလို့ ပြောလိုက်ရင် သူတို့နားလည်ကြပြီ။ ရှိသမျှအလုပ်ကို စောစောသိမ်းကြမယ်၊ သူငယ်ချင်းတွေ စုကြမယ်ဆိုတာ’’ဟု ကိုထက်ရှိုင်းကပြောသည်။ သောကြာနေ့မျိုးဆိုလျှင်တော့ ညဘက်အပြင်ထွက် အပန်း ဖြေကြသူအများဆုံး ရှိတတ်ပြီး အချို့ကတော့ ကြားရက်များတွင် ပါ အပေါင်းအသင်းများနှင့် Night Out ဟု အလွယ်ခေါ်ကြသော ညဘက်ထွက်လည်သည့် အလေ့အထများ ပြုလုပ်လာကြသည်။ အဆိုပါယဉ်ကျေးမှုသည် နိုင်ငံတကာ ကုမ္ပဏီများ၊ နိုင်ငံခြားသားများ နိုင်ငံအတွင်း ပိုမိုဝင်ရောက်လာ သော ၂၀၁၁ နောက်ပိုင်းတွင် ပိုမိုထွန်းကားလာခြင်းဖြစ်သည်။ ထို့အပြင် နေ့ခင်းဘက်တွင် အလုပ်၌  တစ်နေကုန် လုပ်ကိုင်ခဲ့ကြသူများ အတွက် ညပိုင်း၌ စိတ်အပန်းဖြေ ရန်မှာ ယခင်ကဲ့သို့ လက်ဖက်ရည် ဆိုင်ဖြင့် မလုံလောက်တော့ဘဲ မွန်းကျပ်သော မြို့ပြတွင် နေရာ လွတ်များ၊ နေရာအသစ်များ လိုအပ်လာခြင်းဖြစ်သည်။

သို့သော် နိုင်ငံတကာတွင် တစ်နေကုန် အလုပ်လုပ်ပြီး ညဘက်တွင်မှ အပန်းဖြေအနားယူ ကြသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးအခြေအနေအရ ညဘက်တွင် အပန်းဖြေအနားယူသည့်ဓလေ့ အမှန်တကယ်လိုအပ် နေပြီလားဆိုသည်မှာ စဉ်းစားစရာ ဖြစ်သည်ဟု မန္တလေးမြို့မှ စာရေးဆရာ ဆူးငှက်က မေးခွန်းထုတ်သည်။ ညဘက်တွင် အပန်းဖြေအနားယူနိုင်ရန် ဖျော်ဖြေရေးများ၊ ရိုးရာယဉ်ကျေးမှု ပြပွဲများ၊ သဘာဝပတ်ဝန်းကျင်မထိခိုက်စေဘဲ ခေတ်နှင့် လျော်ညီသည့် ပျော်ပွဲရွှင်ပွဲများ  ပြုလုပ်ပေးနိုင်လျှင် ပိုမိုကောင်းမွန်မည်ဟု ၎င်းက မှတ်ချက်ပြု သည်။

‘‘ညဘက်ဆိုတော့ ပျော်ဖို့ မဟုတ်ဘူး။ အပန်းဖြေဖို့။  လက်ရှိမှာအချိုးကမညီမျှသေးဘူး။ စီးပွားရေးနဲ့ လည်း ဆိုင်တယ်။ တကယ်လည်း အန္တရာယ်ကင်းကင်း ရှိလာမယ်ဆိုရင်တော့ သွားကြမယ်။ ညဥ့်နက်သန်းခေါင်သွားကြတာ လူ ကောင်းမသွားဘူးဆိုတာ မြင်ကြ တယ်။ ဒါပေမဲ့ လူကောင်းလည်း တကယ်လွတ်လွတ်လပ်လပ် သွား နိုင်တဲ့ အနေအထားမျိုးဖြစ်အောင် လုပ်ရမယ်’’ဟု စာရေးဆရာ ဆူးငှက်ကပြောသည်။


ရန်ကုန်မြို့ အင်းလျားကန်ပေါင်တွင် နိုဝင်ဘာ ၆ရက်ညချမ်းက သွားလာအပန်းဖြေနေသော ပြည်သူအချို့ကို တွေ့ရစဉ်  (ဓာတ်ပုံ-စိုင်းဇော်)

လူဦးရေ ငါးသန်းကျော်နေ ထိုင်သည့် စီးပွားရေးမြို့တော် ရန်ကုန်မြို့ကြီးတွင် ညဘက်ထွက် လည်သည့်အခါ မည်သည့်နေ ရာ သွားမည်ဆိုသည်မှာ အချိန်ပေးစဉ်းစားရသည့် အရာတစ်ခုဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ရန်ကုန်မြို့တွင် ညဘက်လည် ပတ်စရာများနှင့် စားသောက်ဆိုင်အများစုသည် ည ၁၀နာရီခွဲ အထိသာ ဖွင့်လှစ်ခြင်းကြောင့်ဖြစ် သည်။

‘‘အဓိက ဘယ်သွားကြမလဲ ပေါ့။ အရင်တိုင်ပင်ကြတယ်။ ဘားတွေ၊ ကလပ်တွေက ဈေးကြီးတော့။ အပတ်တိုင်း မသွားနိုင်ကြဘူး။ ဒါတွေက လစာထုတ်ရက်လောက်ပဲ သွားနိုင်တာ။ ကျန်တာက ကိုယ့်ရပ်ကွက်ထဲက ဘီယာ ဆိုင်လောက်ပဲ ရွေးကြတယ်’’ဟု ဈေးကွက်မြှင့်တင့်ရေးဝန်ထမ်း ကိုအောင်ထက်ကပြောသည်။

တစ်ခါတစ်ရံ လကုန်ရက်များတွင် အင်းလျားကန်ပေါင်နှင့် ရပ်ကွက်လမ်းထိပ်များ၌ သူငယ်ချင်းများနှင့် အတူတူသောက်ဖြစ်သည်ဟု ကိုအောင်ထက်ကပြောသည်။ ရန်ကုန်မြို့တွင် ည ၂ နာရီ အထိဖွင့်လှစ်သည့် ဘားများ၊ကလပ်များကို သွားရောက်ရန် တစ်ဦးလျှင် အနည်းဆုံး ကျပ် သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ကိုယ်သုံးရင် သုံးသလောက် ကုန်ကျခြင်းကြောင့်ဖြစ်သည်။

‘‘ကျွန်တော်တို့ ကန်ပေါင်မှာဂစ်တာတီး၊ သီချင်းဆိုကြတာ ကြိုက်တယ်။ တစ်ခါတလေတော့သွားသောက်ဖြစ်တယ်။ ဘားတွေ၊ ကလပ်တွေ၊ ကေတီဗီတွေတော့ မသွားနိုင်ဘူး။ ရပ်ကွက်လမ်း ထိပ်မှာပဲ သူငယ်ချင်းတွေနဲ့ ထိုင်ကြတယ်’’ဟု သင်္ဃန်းကျွန်းမြို့နယ်နေ ကိုကျော်မျိုးကပြောသည်။

ထိုသို့ထိုင်သောက်နေလျှင် တာဝန်ကျရဲများကလာရောက်ပြီး ဖယ်ခိုင်းသည်များရှိကြောင်းကို ကျော်မျိုးကဆိုသည်။

ရန်ကုန်မြို့ ညထွက်လည်ပတ်စရာအတွက် မြို့တော်အတွင်း စီစဉ်ရေးဆွဲနေပြီဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆိုသည်။


နေ့ပိုင်းတွင် ရုန်းကန်လှုပ်ရှားရသည့် ပြည်သူများအတွက် ညပိုင်းအချိန်အခါတွင် မိသားစုနှင့်အတူ လုံခြုံစွာ အပန်းဖြေအနားယူနိုင်ရန် နေရာများစွာ လိုအပ်ပါသည်။  (ဓာတ်ပုံ-စိုင်းဇော်)

‘‘ကန်ပေါင်ပေါ်မှာ အရက်နဲ့ ဘီယာသောက်နေတာကိုက ကြိုက်ကို မကြိုက်ဘူး။ ရန်ကင်းဘက်အခြမ်း အနေအထားဆို လုံးဝမကြိုက်ဘူး။ ဒါကို စီမံချက်ဆွဲပြီးလုပ်နေတယ်’’ဟု ဦးမောင်မောင်စိုးက ပြောသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အောက်တိုဘာအတွင်းက အများပြည်သူပိုင်နေရာများတွင် အရက်သေစာသောက်စားခြင်းများမပြုလုပ်ရန် သတိပေးခဲ့သည်။ ရန်ကုန်ရဲအက်ဥပဒေဖြင့် ဖမ်းဆီးအရေးယူမှုများကို  အောက်တိုဘာ ၃၀ ရက်တွင် စတင်ခဲ့သည်။ နိုဝင်ဘာပထမပတ်အထိ ဖမ်းဆီးအရေးယူထားသူ ၅၅၀ ကျော်ရှိကြောင်းရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထိုဖမ်းဆီးထားသူများနှင့် ပတ်သက်ပြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ‘‘တရားရုံးမှာတော့ တချို့ကို ဒဏ်ငွေချမှတ်တာတွေရှိသလို တချို့ကိုလည်း ထောင်ဒဏ်ချမှတ်တာတွေရှိပါတယ်။ ထောင်ဒဏ်ကတော့ အများဆုံး ခုနစ်ရက်ချမှတ်ပါတယ်။ ဒဏ်ငွေဆိုရင်တော့ ၅၀ ကျပ် ချမှတ်တယ်။ တရားသူကြီး ဆုံးဖြတ်ချက်ပေါ် မူတည်ပါ တယ်’’ဟု ပြောသည်။

ရန်ကုန်ပြီးလျှင် လူဦးရေအများဆုံးဖြစ်သည့် မန္တလေးမြို့တွင်လည်း အများပြည်သူပိုင်နေရာများ ၌ အရက်သေစာသောက်စားသူများကို အောက်တိုဘာ ၇ ရက်တွင် စတင်ဖမ်းဆီးခဲ့သည်။ ထိုသို့ ဖမ်းဆီးရာတွင် တစ်လအတွင်း ဦးရေ ၃၀၀ ကျော်ရှိခဲ့သည်။

မန္တလေးတွင် ထို့သို့ ဖမ်းဆီးခြင်းမှာ လုံခြုံရေးအတွက် အဓိကဖြစ်သည်။ ကျုံးဘေးတွင် လူသတ်မှု ဖြစ်ပွားပြီးနောက် အရှိန်မြှင့်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

‘‘ဒီလို ဝိုင်းဖွဲ့စားသောက်နေတာကလည်း အများပြည်သူကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။  နောက်ပိုင်းမှာလည်း ဆက်တိုက်ဖမ်းဆီးသွားမှာပါ’’ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြော သည်။ လက်ရှိအခြေအနေတွင်မြို့ပြ၏ ညပိုင်းအချိန်များအတွက် လုံခြုံရေးစိတ်မချရသည့်အခြေအနေ၌ မြို့ပြညများ လှပစေရန် နေရာများ ဖန်တီးရေးသည်အနည်းငယ် အလှမ်းဝေးနေသည့်အခြေအနေရှိကြောင်း ပြည်သူအချို့က သုံးသပ်သည်။ သို့ သော် လုံခြုံရေးအရေးကြီးသကဲ့သို့ပင် ပြည်သူများ ပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေးကလည်းဖိအားများလှသည့် ယနေ့ကာလတွင် အရေးပါနေသည်။

ရန်ကုန်၊ မန္တလေးမြို့များအ ပြင် မော်လမြိုင်မြို့တွင် အပန်းဖြေရန် နေရာများ၌ အရက်သေစာ သောက်စားပါက အရေးယူမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် ယာယီရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မင်းက ပြောသည်။

‘‘အဲဒီနေ့က သူငယ်ချင်း မင်္ဂလာဆောင်ညရှိလို့ ကျုံးဘေးမှာသွားသောက်တာ။ ရဲလည်းဖမ်း တော့ ပြေးတာ၊ အရေးထဲ ဆိုင်ကယ်က နှိုးမရတာနဲ့ ဖမ်းခံလိုက်ရတာ ထောင်ခုနစ်ရက်ကျသွားတယ်’’ဟု မန္တလေးမြို့ ကျုံးဘေး တွင် အရက်ထိုင်သောက်မှု ရဲအက်ဥပဒေဖြင့် ထောင်ဒဏ်ခုနစ်ရက် ကျခံရသူ ကိုမောင်လေးကပြောသည်။


အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် သောက်စားသူများကို ယခုနောက်ပိုင်း၌ အရေးယူနေသည်  (ဓာတ်ပုံ-စိုင်းဇော်)

မန္တလေးမြို့သည် ယဉ်ကျေးမှုမြို့တော်ဖြစ်၍ အခြားမြို့များနှင့်မတူဟု မန္တလေးမြို့နေ ဘဏ်ဝန်ထမ်း ကိုမင်းထက်သျှားက ပြောသည်။ နိုက်ကလပ်အပါအ၀င် မြို့နေလူတန်းစားနှင့်လိုက်လျောညီ ထွေသော ညဈေးတန်းမရှိခြင်း ကြောင့် ညပိုင်းတွင် ကျုံးဘေးနှင့် ကန်တော်ကြီးတို့ကိုသာ အဓိကအားထားလည်ပတ်နေရသည်ဟု ၎င်းက ပြောသည်။

‘‘ကျွန်တော်ကြုံဖူးတာ ကိုယ့်အရက်လေး ကိုယ်ယူပြီးသောက် နေရင် နိုင်ငံတကာမှာ ဖမ်းတာ မရှိပါဘူး။ ဒါပေမဲ့ သွားအမှိုက်ပစ်ရင် ဖမ်းတယ်။ ဆူတယ်၊ ညံတယ်ဆိုရင် ဖမ်းတယ်။ လမ်းသွားလမ်းလာကို နှောင့်ယှက်တယ်ဆိုရင် ဖမ်း တယ်ပေါ့။ ဒါက ဘေးလူတွေကို အနှောင့်အယှက်ပေးတယ်’’ဟု မြို့ပြပညာရှင် ဒေါက်တာကျော်လတ် ကပြောသည်။

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်အများစုသည် ဒေသန္တရအမိန့်ကြောင့် ည ၁၀ နာရီခွဲသည်နှင့် ပိတ်ရကြောင်း ဆိုင်ပိုင်ရှင်များကဆိုသည်။ လူငယ်များအတွက်ညဘက်အပြင်ထွက်လည်ပတ်စရာ မဖန်တီးပေးဘဲ ယခုကဲ့သို့ ဖမ်းဆီးနေ ခြင်းသည် အာဏာရပါတီ၏ လူ့ အခွင့်အရေးကြွေးကြော်မှုကို ရှေ့ သွားနောက်လိုက်မညီအောင် လုပ်နေခြင်းဖြစ်သည်ဟု ဒီချုပ်ပါတီမှ ရန်ကုန်တိုင်း ဒဂုံမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

‘‘ကြိုတင်ကာကွယ်မှုဆိုပြီး ပြည်သူလူထုကို မငဲ့ညှာဘဲ ရဲတွေဘက်က အရမ်းအကာအကွယ်ယူ လွန်းတယ်’’ဟု ဦးကျော်ဇေယျက ပြောသည်။

ညဘက်လည်ပတ်စရာနေ ရာများသည် အစိုးရကိုယ်တိုင် လုပ်ကိုင်စရာမလိုအပ်ဘဲ ဈေးကွက်လိုအပ်ချက်အရ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဒေါက်တာကျော်လတ်က ပြောသည်။ အစိုးရအနေဖြင့် ထိန်းကျောင်းပေးရန် သာလိုသည်ဟု ၄င်းကဆိုသည်။

‘‘ညဈေးက အစိုးရဦးစီးသင့်တယ်။ လာအိုမှာတောင် ညဈေးရှိ တယ်။ အ၀တ်အစားတွေ၊ မုန့် တွေရောင်းတယ်။ နောက်နေ့ မနက်စောစောသွားရင် ဘာမှမတွေ့ရတော့ဘူး။ အစိုးရက လာရောင်းလို့ရတယ် ဖိတ်ခေါ်ရ မယ်။ ပြီးရင် အမှိုက်ကို ပြန်သိမ်း ပေါ့။ဒါက ပြည်သူလူထုကို ပညာပေးနဲ့ ဆိုင်တာပေါ့’’ဟု ၎င်းက ဆက်လက်ပြောသည်။

ညဘက်လည်ပတ်စရာများကို ခွင့်ပြုရန် အချက်သုံးချက်လိုအပ်ကြောင်း ရန်ကုန်မြို့တော်ဝန်ကဆိုသည်။ ထိုသုံးချက်မှာ လည်ပတ်စရာကောင်းအောင် ပျော်ရွှင်မှုပေးနိုင်ခြင်း၊ လုံခြုံမှုရှိခြင်းနှင့် သုံးစွဲသည့် မြို့သူမြို့သားများ၏ စည်းကမ်းရှိခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။


ရန်ကုန်မြို့လယ်တစ်နေရာကို နိုဝင်ဘာလဆန်းညတစ်ညက တွေ့ရစဉ်  (ဓာတ်ပုံ-စိုင်းဇော်)

‘‘ဒီအပေါ်မှာ အခြေခံပြီး တော့ မူးရူးပြီးနေလို့ကတော့ မရဘူး။ သို့သော်လည်း မူးရူးနေတဲ့ သူတို့အတွက် Night Life (ညဘက်လည်ပတ်စရာ) မလုပ်ဘူးလားဆို တော့ ညံ့ရာကျမယ်။ လုပ်မယ်။ မူးရူးတဲ့သူတွေကြောင့် Night Life မလုပ်ဘူးလားဆိုတော့ လုပ်ကိုလုပ်မယ်။ ဒါကိုတော့ မြို့တော်ဝန် လုပ်ပြီးတော့ ကြောက်နေလို့ မရဘူး’’ဟု ရန်ကုန်မြို့တော်ဝန်က ဆိုသည်။

ရန်ကုန်မြို့၏ ပထမဦးဆုံးညဈေးကို ရန်ကုန်မြို့ ကမ်းနားလမ်းတွင် လက်ရှိအစိုးရက စတင်ဖွင့်လှစ်ခဲ့သည်။ လက်ရှိအချိန်တွင် လာရောက်စားသောက်ဝယ်ယူသူနည်းနေပြီး ဈေးသည်များလည်း အဆင်မပြေ၍ မအောင်မြင်သော ညဈေးဟု အများစုက သတ်မှတ်ထားသည်။

သို့သော်ရန်ကုန်မြို့တော်ဝန်က အဆိုပါညဈေးသည် နိုင်ငံအတွင်း စီးပွားရေးအဆင်ပြေချိန်တွင်လုပ်ကိုင်ရန် အခြေအနေတစ်ခုသာဖြစ်ပြီး အောင်မြင်ရန် မလိုအပ်ကြောင်း ဆိုသည်။

ထို့အပြင် Night Life ဟုခေါ်သည့် ညဘက်လည်ပတ်စရာများ သည် နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို အထောက်အကူပြုသည့် လုပ်ငန်းဖြစ်ပြီး ခရီးသွားလုပ်ငန်းတိုး တက်ရေးအတွက် ညဈေးတန်းများပေါ်ပေါက်လာရေးသည် အရေး ကြီးသည်ဟု ဒေါက်တာကျော် လတ်ကပြောသည်။

‘‘ထိုင်းနဲ့ မြန်မာက ခရီးသွားဝင်ရောက်တာယှဉ်ရင် ၁၀ ဆလောက်ကွာတယ်။ ဒါကို မီဖို့ ည ဈေးတွေကလည်း အရေးပါတယ်။ ထိုင်းနိုင်ငံလိုမျိုး စီမံခန့်ခွဲသင့်တယ်’’ဟု ၎င်းကပြောသည်။

နိုင်ငံခြားသားများကို ဆွဲဆောင်ရန် မြန်မာနိုင်ငံ၌ ညဘက်လည်ပတ်စရာများ ဖန်တီးရာတွင် ထိုင်းနိုင်ငံကဲ့သို့ ပြုလုပ်ခြင်းထက်ရိုးရာအစားအစာနှင့် အ၀တ်အထည်များကိုသာ ရောင်းချသည့် ညဈေးများသာ ဖန်တီးသင့်သည် ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန် အသင်းအထွေထွေအတွင်းရေးမှူး ဒေါ်ဆွေဇင်ဦးက ပြောကြားသည်။  ‘‘မြန်မာနိုင်ငံတွင် ညဘက်လည်ပတ်ရန် ညဈေးများဖွင့်သင့်ပြီး ဖွင့်ပါက ကမ္ဘောဒီးယားနိုင်ငံကဲ့သို့ မိသားစုလာနိုင်သော ပုံစံ မျိုး အတုယူသင့်ကြောင်း ပြင်သစ် ဧည့်လမ်းညွှန် မရွှေစင်ကလည်း ပြောသည်။

‘‘မိသားစုတွေ၊ မောင်နှမတွေ လည်လို့ရမယ့်နေရာ ဖြစ်သင့်တယ်။ မိသားစုတွေ အေးအေး သက်သာ လာလို့၊ သွားလို့ရတဲ့ နေရာမျိုး၊ နောက်ပြီးလာတဲ့ သူ တွေကို လုံခြုံမှုပေးနိုင်ဖို့လည်း လိုတယ်’’ဟု ၎င်းက ဆက်လက်ပြော သည်။

အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် ယဉ်ကျေးမှုကို အခြေခံသော ခရီးသွားလုပ်ငန်းကြောင့်ဖြစ်သည်ဟု ၎င်းကဆက် လက်ပြောသည်။


ရန်ကုန်မြို့ အင်းလျားကန်ပေါင်တွင် နှစ်သစ်ကူးချိန်ကို ကြိုဆိုရန် စောင့်ဆိုင်းနေသူများ  (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

အိမ်နီးချင်း ထိုင်းနိုင်ငံသည်၂၀၁၈ တွင် ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် ကဏ္ဍ ၁၆ ခုကို ဦးစားပေး ဆောင်ရွက်နေသည်။ ၎င်းတို့အနက် Night Tourismဟုခေါ်သည့် ညချမ်းလည်ပတ်စရာများကို အကောင်အထည်ရန် ကဏ္ဍကြီးတစ်ခု ပါဝင်နေသည်ဟု ဘန်ကောက်ပို့စ်သတင်းစာတွင် ရေးသားထားသည်။

ညဘက်မအိပ်ခြင်းဆိုသည်မှာ မြို့ပြယဉ်ကျေးမှုတစ်ခုဖြစ်ပြီး တစ်နေ့တာ ပင်ပန်းမှုကို ညဘက်တွင် အပန်းဖြေကုန်ဆုံးကြသည်။ ထို့ပြင် မြို့ပြညများသည် နိုင်ငံခြားခရီးသွားများကို အဓိကဆွဲဆောင်ရာ နေရာများလည်းဖြစ် သည်ဟု မြို့ပြရေးရာပညာရှင် မစ္စတာစလင်စဘိုင်ကပြောကြားသည်။

လမ်းဘေးဈေးသည်နှင့် ညဈေးများသည် မြို့တစ်မြို့၏ အလှအပအစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ဂျပန်နိုင်ငံ၏ အလှဆုံးမြို့တစ်ခုဖြစ်သည့် ဖူခူအိုကာမြို့သည် ဂျပန်နိုင်ငံ၏ လမ်းဘေးဈေးသည် စုစုပေါင်း  ၆၀ ရာခိုင်နှုန်းရှိရာ မြို့ဖြစ်သည်။ ထို့ကြောင့် အစားအသောက်ဈေးနှုန်းသည် တိုကျိုမြို့ထက် ထက်ဝန့်ခန့်သာရှိသည်ဟု ဖူခုအိုကာ မြို့တော်ဝန် Soichiro Takashima က ရန်ကုန်မြို့သို့ လာရောက်စဉ် ပြောကြားသည်။

မြို့ပြယဉ်ကျေးမှု စတင်ပြောင်းလဲခြင်းကြောင့် ညမအိပ်သည့် ယဉ်ကျေးမှုထွန်းကားလာပြီး ထိုယဉ်ကျေးမှုနှင့်အတူ ရာဇ၀တ်မှုနှင့် မူးယစ်ရမ်းကားမှုများ ယှဉ်တွဲပါလာတတ်သည်။ ရန်ကုန်တိုင်းအတွင်း မှုခင်းအဖြစ်များ သည့် နေရာများတွင် ပြည်သူ့ရင် ပြင်၊ အင်းလျားကန်ပေါင်၊ မျှော်စင်ကျွန်းနှင့် သီရိမင်္ဂလာဈေးသစ်တို့ ပါဝင်နေသည်။ မန္တလေးတွင်ဆိုလျှင် ကျုံးဘေးနှင့် တံခွန်တိုင်အ၀ိုင်းတို့ဖြစ်သည်။

ရန်ကုန်မြို့ အင်းလျားကန်ပေါင်သို့ သူငယ်ချင်းနှင့် ဘီယာ သောက်ရန် သွားရောက်ခဲ့သည် ကိုထက်ရှိုင်းသည် အရိုက်ခံရပြီး ခေါင်းတွင် ၁၀ ချက်ချုပ်၍ ဆေးရုံ ၁၀ ရက်တက်လိုက်ရသည်။

‘‘အဲဒီတုန်းက ည ၁ နာရီကျော်လောက်ရှိမယ်။ ဘယ်သူမှန်းမသိတဲ့ လူ ၁၅ ယောက်လောက်က ၀ိုင်းရိုက်တာ’’ဟု သူကဆိုသည်။

ထိုနမူနာသည်  ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ အင်းလျားကန်ပေါင်တွင် ဖြစ်ခဲ့သည့် ပြဿနာများအနက် တစ်ခုဖြစ်သည်။ ရန်ကုန်မြို့တွင် အများပြည်သူပိုင်နေရာများ၌ အရက်သေစာသောက်စားခြင်းကြောင့်ဖြစ်လာ သည့် ပြဿနာတစ်ခုလည်း ဖြစ်သည်။

‘‘ကျွန်တော်တို့ ညဘက် သွားစရာနေရာမရှိဘူး။ အပန်းဖြေတဲ့ နေရာတွေရှားလာလို့ ဖြစ်တာ’’ဟု ကိုထက်ရှိုင်းကပြောသည်။

အစိုးရအနေဖြင့် ညဈေးတန်းကဲ့သို့ ဈေးသက်သောင့် သက်သာဖြင့် သွားရောက်လည်ပတ်နိုင်သည့် နေရာမျိုးကို ဖန်တီးပေးသင့်သည်ဟု ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာ ညိုညို သင်းက ပြောသည်။

‘‘ညကို ခံစားချင်တဲ့ လူတန်းစားတစ်ခုရှိတယ်။ ညဘက်မှာ အသက်မွေးဝမ်းကျောင်းရတဲ့ လူတန်းစားလည်းရှိတယ်။ ဒါကြောင့် လူအားလုံးပျော်နိုင်အောင် ဘာမဆိုစည်းကမ်းလေးတော့ရှိစေချင်တယ်။ စည်းနဲ့ကမ်းနဲ့ ဥပဒေနဲ့ အညီ ဖြစ်စေချင်တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက အကြံပြုသည်။

Top News