ဟိုတယ်အခန်းခဈေးနှုန်းများ လျှော့ချစေလိုကြောင်း ဒုညွှန်ချုပ်ပြော

မြန်မာနိုင်ငံတွင် ဟိုတယ်အခန်းခ ဈေးနှုန်းကြီးမြင့်သည်ဟု ဝေဖန်မှုများရှိနေသဖြင့် ဈေးနှုန်းများ လျှော့ချပေးစေလိုကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ပြောသည်။


‘‘ကမ္ဘောဒီးယားနဲ့ လာအိုဆို ရင် သက်သာတယ်။ ၇၅ ဒေါ်လာ လောက်ဆိုရင် ကောင်းကောင်းရ နေပြီ။ ရန်ကုန်မှာက Package နဲ့ တောင် ဒေါ်လာ ၁၃၀ ပတ်ချာ လည်လောက်ရှိနေတယ်’’ဟု ၎င်း က ပြောသည်။ ရန်ကုန်မြို့၌ ကြယ်ငါးပွင့်အဆင့်ဟိုတယ်အခန်းခ ဈေးနှုန်းသည် ၂၀၁၀ ပြည့်နှစ်၌ ဒေါ်လာ ၂၅၀ မှ ၆၀၀ အထိ မြင့်တက်ခဲ့သော်လည်း ၂၀၁၅ နောက်ပိုင်းတွင် ဒေါ်လာ ၁၀၀ မှ  ၁၅၀အကြားကျဆင်းလာခဲ့ကြောင်း Nature Dream ခရီးသွားလုပ်ငန်းမှ ဒေါ်စံပယ်အောင်ကပြောသည်။

 ‘‘ဧည့်သည် မ၀င်ရင်တော့ ဈေးကလျှော့ရမှာပဲ။ ဧည့်သည်မရ တဲ့ ဟိုတယ်တွေကတော့ ဈေးနှုန်း သိပ်တင်ရဲတော့မှာ မဟုတ်ဘူး’’ဟု ဒေါ်ခင်သန်းဝင်းက ပြောသည်။

ဟိုတယ်အခန်းခ ဈေးနှုန်းဆိုသည်မှာ ရောင်းလိုအားနှင့် ၀ယ်လိုအားအပေါ် မူတည်နေကြောင်း၊ ဟိုတယ်အလုံးရေ တိုးပွားလာသည့်အတွက် ဈေးနှုန်းလျော့ကျလာကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကြည်သိန်းကိုက ပြောသည်။

ဟိုတယ်လုပ်ငန်းတွင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ် လာ ၂ ဒသမ ၇ ဘီလီယံ (သန်း ၂,၇၀၀) ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

၂၀၁၆ ဒီဇင်ဘာလစာရင်း အရ ရန်ကုန်မြို့တွင် ဟိုတယ် ၃၅၄ ခုရှိပြီး အခန်းအရေအတွက် ၁၇,၇၀၈ ခန်းရှိသည်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ၂၀၁၇ စာရင်းအရ တစ်နိုင်ငံလုံးတွင် ဟိုတယ် ၁,၅၅၉ ခုရှိပြီးအခန်းအရေအတွက် ၆၂,၂၀၇ခန်းရှိသည်။ ဟိုတယ်အရေအတွက်သည် ၂၀၁၆ နှင့် နှိုင်းယှဉ်ပါက ၂၂၀ ကျော် တိုးတက်လာခြင်းဖြစ်သည်။

‘‘၂၀၁၂-၂၀၁၃ ခုနှစ်လောက်က ဟိုတယ်တွေက ဆောက်တုန်း။ ဈေးကြီးတယ်။ အခုကတော့ နိုင်ငံ တကာအဆင့်မီတဲ့ ဟိုတယ်တွေ လည်း ပေါ်လာပြီ’’ဟု ဦးကြည် သိန်းကိုက ပြောသည်။ မြန်မာနိုင်ငံခရီးသွားကဏ္ဍတွင် ဟိုတယ် အခန်းခဈေးနှုန်းသာမက လေယာဉ်လက်မှတ်ခလည်း မြင့်မားသည်။

လေကြောင်းလိုင်းလက်မှတ်ခကြီးမြင့်နေခြင်းကို လျှော့ချရန် လေကြောင်းလိုင်းများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တာဝန်ရှိ  ပုဂ္ဂိုလ်များစုပေါင်းအဖြေရှာရန် လိုအပ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ၂၀၁၆ ဒီဇင်ဘာလတွင် ပြောကြားသည်။

More in Tourism Section

Top News