ကျန်းမာရေးလောကအတွက် လိုအပ်နေသော လုံခြုံရေးတံခါး

ပြည်သူ့ဆေးရုံတစ်ခုတွင် ဆေးကုသရန် လူနာများစွာ စောင့်ဆိုင်းနေစဉ် (ဓာတ်ပုံ-ကျော်ဇင်သန်း)

အချိန်အားဖြင့် ညဥ့် ၁၂နာရီခန့်ရှိပြီဖြစ်သော်လည်း ဒေါက်တာ ထွန်းအေးသိန်းတစ်ယောက် စစ်တွေဆေးရုံကြီး၏ အရေးပေါ်ဌာနတွင် လူနာခြောက်ဦးခန့်ကို တာဝန်ယူ၍ ကုသပေးနေသည်။

ထိုအချိန်တွင် လူနာတစ်ဦးအပါအ၀င် အရက်သေစာသောက်စားထားသော လူ ၂၀ ခန့် ရောက်လာကာ ၎င်းတို့လူနာကို ကုသပေးရန်ပြောဆိုသည်။ အရင် ရောက်ရှိနေသည့် လူနာများအား ကုသပေးနေသဖြင့် အချိန်မပေး နိုင်သည်ကို နားလည်မှုမပေးဘဲ အဆိုပါ လူနာနှင့် လိုက်ပါလာသူများက ဆဲဆိုရမ်းကားခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့အထူးကုဆေး ရုံကြီးတွင် နိုဝင်ဘာ ၅ ရက်က ဖြစ်ပေါ်ခဲ့သည်။

‘‘ရဲစခန်းကို ဖုန်းဆက်ခေါ်ပေမယ့် မနက်မှရောက်လာတယ်။ တရားဥပဒေစိုးမိုးမှုဆိုတာ အယုံအကြည်ကို မရှိတော့ဘူး။ နောက်ဆို ချောင်းရိုက်ခံရမှာတောင် စိုးရိမ်ရတယ်။ အလုပ်ထွက်တာ အကောင်းဆုံးထင်တယ်’’ဟု သူကြုံ တွေ့နေရသော အခြေအနေကို စစ်တွေ ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာထွန်းအေးသိန်းက ပြောသည်။

ဒေါက်တာထွန်းအေးသိန်းသည် ယခုကဲ့သို့ ဆဲဆိုရမ်းကားမှု နှင့် စော်ကားခံရပြီး ကိုယ်ထိ လက်ရောက်ကျူးလွန်မှု မခံရသော်လည်း ၎င်း၏လုပ်ဖော်ကိုင်ဖက်တစ်ဦးကမူ ၎င်းကဲ့သို့ ကံမကောင်းခဲ့ပေ။ ယင်းဖြစ်စဉ်မတိုင်မီပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် အရက်သောက်လာသူ သုံးဦးက ည ၁၀ နာရီခန့်တွင် ဆေးရုံတက်ရောက်ကုသနေသည့် လူနာနှင့် တွေ့ဆုံရန် ပြောဆိုရာမှ ဆေးရုံရှိ အလုပ်သင်ဆရာဝန်တစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။

ရိုက်နှက်ခံရသော အလုပ်သင်ဆရာဝန်သည် မျက်နှာဖူး ရောင်ဒဏ်ရာ၊ လက်ပြင်ပွန်းပဲ့ ဒဏ်ရာများရရှိကာ ဆေးကုသမှု ခံယူနေရပြီး ရိုက်နှက်သူသုံးဦးကို စစ်တွေမြို့မရဲစခန်းတွင် ပုဒ်မငါးခု ဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။

ယခုနောက်ပိုင်း ဆေးရုံများရှိ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော ဆရာဝန်နှင့် သူနာပြုများကို ရုန့်ရင်းကြမ်းတမ်းစွာပြောဆိုမှု များ ခပ်စိပ်စိပ်တွေ့လာရသည်။

ထို့ပြင် စစ်တွေဆေးရုံကြီး အပါအ၀င် အခြားဆေးရုံများတွင်လည်း ကိုယ်ထိလက်ရောက်စော်ကားမှုများရှိလာကြောင်း မြင်တွေ့နေရသည်။

ပြည်သူများ၏ အသက်ဆုံး ရှုံးမှုမရှိအောင် စောင့်ရှောက်ပေးနေသော ကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းခွင်လုံခြုံရေးကို ကြီးကြပ်စောင့်ရှောက်ပေးမည့်သူများ မရှိပေ။

‘‘စိတ်ထဲမလုံခြုံသလို ခံစားနေရတာကြာပြီ’’ ဟု လက်ထောက်ဆရာဝန်ဒေါက်တာထွန်းအေးသိန်းက ခံစားချက်ကို ဖွင့်ဟသည်။

ခုတင် ၅၀၀ ဆံ့ စစ်တွေဆေးရုံကြီးတွင် လက်ထောက်ဆရာဝန် ၂၆ ဦး၊ အထူးကုဆရာဝန် ၂၀ ဦးတို့ဖြင့် နေ့စဉ်လူနာ ၄၀၀ ခန့်အား ကျန်းမာရေးစောင့်ရှောက်မှုပေး နေကာ တစ်ရက်လျှင် ပြင်ပလူနာ ၁၅၀ မှ ၂၀၀ ခန့်အား ဆရာဝန်တစ်ဦးနှုန်းဖြင့် ကုသပေးနေသည်။

ဆရာဝန်များအတွက် သီးသန့်လုံခြုံရေး ၀န်ထမ်းပေးခြင်းမရှိ ဘဲ ဆေးရုံတစ်ခုလုံးအတွက် အ စောင့်လုံခြုံရေးဝန်ထမ်း ချထား ပေးမှု အခြေအနေသည် လေးဦးသာ ရှိသည်။ အဆိုပါ အရပ်သားလုံခြုံရေးလေးဦးသည် ၂၄ နာရီအ ဆိုင်းခွဲ စောင့်ဆိုင်းရသဖြင့် လုံခြုံ မှုရှိ၊ မရှိ ခန့်မှန်းနိုင်သည်။

‘‘တချို့က အရက်သေစာ သောက်စားပြီး အက်ဆီးဒင့် ကြောင့် ရောက်လာတယ်။ အဲဒီအချိန်မှာ ဆရာဝန်တွေပြောတဲ့ စကားကို သူတို့က နားမ၀င်ဘဲရန် ရှာတာရှိတယ်။ လုံခြုံရေးဝန်ထမ်းတစ်ယောက်လောက်က အဲဒီလူ တွေကို မထိန်းနိုင်ဘူးလေ။ အဲဒီ အချိန်ဆို ရန်ရှာမှာကြောက်နေရတယ်’’ဟု ဒေါက်တာထွန်းအေးသိန်းက လုပ်ငန်းခွင်အတွင်း နေ့စဉ်တွေ့ကြုံနေရသည့် အခြေအ နေအကြောင်း ရှင်းပြသည်။

ယခင်က ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းအချို့ကို နှုတ်ဖြင့် ကြမ်းတမ်းစွာဆက်ဆံခဲ့ရာမှ ယခု နောက်ပိုင်း၌ လူနာစောင့်များက ကိုယ်ထိလက်ရောက်ကျူးလွန်သည့် ဖြစ်ရပ်များ စစ်တွေဆေးရုံကြီးအပြင် အခြားသော ဆေးရုံများ၌လည်း ဖြစ်ပွားလာသည်။

ထို့ပြင် လူမျိုးရေးပဋိပက္ခပေါ် အခြေခံကာ ဆေးရုံအတွင်းရှိ ဆရာဝန်၊ ဆရာမများကို အကြမ်း ဖက် သတ်ဖြတ်ခြင်းတို့ဖြစ်ပေါ်လာနိုင်သည့် ဖြစ်ရပ်များကြောင့် ကျန်းမာရေးဝန်ထမ်းများ၏ လုံခြုံရေး စိုးရိမ်စရာကောင်းလှသည်။ လက်ရှိအချိန်တွင်လည်း ရခိုင်ပြည်နယ် အကြမ်းဖက်မှုဖြစ် စဉ်ကြောင့် ယင်းဒေသရှိ ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ၀န်ထမ်းအချို့ ပြန်လည် တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိသေးပေ။

‘‘ဆေးရုံမှာ လုံခြုံရေးဝန်ထမ်းမရှိတဲ့အတွက် အထဲအထိဝင်ပြီးတော့ လာသတ်တာလည်း ရှိတယ်။ ၀န်ထမ်းတွေက နီးစပ်ရာရဲစခန်းကိုထွက်ပြေးကြတော့ ရဲတွေကိုတောင် သတ်သွားကြတယ်။ရခိုင်မှာ အဲဒီလောက်ထိ အခြေအနေဆိုးတယ်’’ဟု နေပြည်တော်တိုင်း ကုသရေးဦးစီးမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။

ယင်း ဖြစ်ရပ်များကြောင့် ကျန်းမာရေးဝန်ထမ်းများကို အကာအကွယ်ပေးနိုင်သည့် ဥပဒေတစ်ခုရေးဆွဲပေးရန် ဆရာဝန်များက လိုလားနေသော်လည်း လက်ရှိအခြေအနေအရ ရေးဆွဲရန်မဖြစ်နိုင်သေးကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ဆေးရုံ၊ ဆေးခန်းဥပဒေရေးဆွဲ ရေးပညာရှင်တစ်ဦးက ပြောသည်။

ကျန်းမာရေးဝန်ထမ်းများအ ပါအ၀င် ၀န်ထမ်းအားလုံးကို အကာအကွယ်ပေးနိုင်သည့် နိုင်ငံ့ဝန်ထမ်းကာကွယ်ပေးရေး ဥပဒေတစ်ခုရှိနေသည့်အပြင် အခြား သော လုပ်ငန်းခွင်နှောင့်ယှက်မှု၊ ဆဲဆိုရမ်းကားမှုအပြင် အခြား သော အမှုတစ်ခုချင်းစီအလိုက် တရားစွဲဆိုခွင့်ရှိကြောင်း ၎င်းက ရှင်းပြသည်။

‘‘ဆရာတို့ကတော့ ကိုယ့်ဝန်ထမ်းတွေကို ယဉ်ကျေးအောင် ပြောဆိုဖို့နဲ့ လူနာရှင်တွေ ရမ်းကားရင် သေချာရှင်းပြပေးဖို့အတွက် မှာထားတယ်။ တစ်ခါတ လေကျတော့ ကွမ်းတံတွေး မထွေးနဲ့လို့ ယဉ်ယဉ်ကျေးကျေး ပြောပေမယ့် လူနာရှင်ဘက်က ထွေးတော့ ဘာဖြစ်လဲဆိုပြီး ပြန်ပြောတာ ကြောင့် အဲဒီအချိန်မှာ နှစ်ဖက် အချေအတင်ဖြစ်တာတွေလည်း ရှိတယ်’’ဟု ၎င်းကဆိုသည်။

ထို့ပြင် ၀န်ထမ်းများကို အ ကာအကွယ်ပေးနိုင်ရန် ကျန်းမာ ရေးဝန်ထမ်းများ ကာကွယ်စောင့် ရှောက်ရေးအဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ညွှန်ကြားချက်ဖြင့် လွန်ခဲ့သည့်နှစ်လက ဖွဲ့စည်းခဲ့ပြီး လတ်တလောဖြစ်ပေါ်နေသော ဆရာ ၀န်နှင့် လူနာပဋိပက္ခများကို စုံစမ်းစစ်ဆေးကာ ညှိနှိုင်းပေးခြင်း၊ ၀န်ထမ်းများနစ်နာမှုရှိပါက ဆေးရုံဘက်မှ တာဝန်ယူကာ တရားစွဲဆိုပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးနေကြောင်း ဆိုသည်။

ကျန်းမာရေး ၀န်ထမ်းများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ရရှိသော စာရင်းများအရ ၂၀၁၇ သြဂုတ်မှ ယခုအချိန်ထိ ကျန်းမာရေးဝန်ထမ်းများကို ကိုယ်ထိလက်ရောက် တုံ့ပြန်သောအမှု လေးမှုရှိခဲ့ပြီး တစ်မှုကျေအေးခဲ့ကာ ကျန်သုံးမှုသည် တရားရင် ဆိုင်နေရဆဲဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘တတ်နိုင်သရွေ့ သည်းခံဖို့အ တွက် မှာထားပေမယ့် သူတို့ဘက် က သိပ်ရိုင်းနေရင် ငြိမ်ခံနေရမှာ လားဆိုပြီး ၀န်ထမ်းတွေက ပြန် ပြောတာ ရှိတယ်။ ဒါကြောင့် လုံ ခြုံရေးကို ကန်ထရိုက်စနစ်နဲ့ လုပ် မလားဆိုတာ စဉ်းစားနေတယ်။ ဒါပေမဲ့လည်း နံပါတ်တုတ်တွေ နဲ့ ဆေးရုံအတွင်းမှာရှိနေတာကျ တော့လည်း မသင့်တော်ပြန်ဘူး။ ၀န်ထမ်းလိုနေတာကတော့ ဒီနေ ရာတစ်ခုတည်းမဟုတ်တော့ သေချာစိစစ်ရဦးမယ်’’ဟု ၎င်းကပြော သည်။

အဆိုပါ အဖွဲ့ဖွဲ့စည်းထား သော်လည်း လက်တွေ့တွင်မူ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မှု အားနည်းနေ ကြောင်း လုပ်ငန်းခွင်ကျန်းမာရေးဌာန (အငြိမ်းစား) ညွှန်ကြားရေးမှူး ဒေါက်တာသန်းထွဋ်က သူ့ အမြင်ကို ပြောသည်။

ကျန်းမာရေးဝန်ထမ်းများကို ပိုမိုထိရောက်စွာ အကာအကွယ် ပေးနိုင်ရန် ဥပဒေပညာရှင်နှင့် ပူး ပေါင်းကာ တိုးမြှင့်ဖွဲ့စည်းရန် စီစဉ်နေပြီး ၂၀၁၈ နှစ်ဆန်းပိုင်းတွင် အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း ဆေးရုံ၊ ဆေးခန်းဥပ ဒေရေးဆွဲရေး ပညာရှင်က ပြောသည်။

‘‘အစိုးရဥပဒေပညာရှင်က မြန်မာနိုင်ငံမှာ အရမ်းနည်းတယ်။ အပြင်က ပညာရှင်တွေကျတော့ အလွတ်သဘောပြောဖို့ ခက် တယ်။ ဒါကြောင့် အစိုးရဘက်က ဥပဒေပညာရှင်တွေနဲ့ ချိတ်ဆက် ပြီး တိုးမြှင့်ဖွဲ့စည်းဖို့ ရှိပါတယ်။ အခုကိစ္စကလည်း လူနာနဲ့ ၀န်ထမ်းအချိုးမမျှတဲ့အတွက် လူနာစောင့်ကလည်း သူ့သောကနဲ့သူရှိနေတဲ့အချိန်၊ ၀န်ထမ်းဘက်ကလည်း လူအများကြီးနဲ့ ဆက်ဆံနေရ တော့ တစ်ခါတလေ  စကားမာမာ ပြောမိတာတွေလည်း ရှိပါတယ်’’ ဟု ၎င်းကဆိုသည်။

လူနာတစ်ဦးလျှင် လူနာစောင့်တစ်ဦးသာ စောင့်ဆိုင်းပေးရန် သတ်မှတ်ထားသော်လည်း လက် ရှိဆေးရုံတက်ရောက်ကုသသူ လူ နာ ၁၀ ဦးလျှင် လူနာစောင့် ၁၀၀ ခန့် ရှိနေသရွေ့ ထိန်းသိမ်းရလွန် စွာခက်ခဲသည်ဟု ဆိုသည်။

နိုင်ငံတကာရှိ ဆေးရုံ၊ ဆေး ခန်းများတွင်မူ အကြမ်းဖက်မှုမပြု လုပ်နိုင်ရန် ဥပဒေသီးခြား ထုတ်ပြန်ကာ ကာကွယ်ထားပြီး Medical Defense Union ဟုခေါ်သော ဆရာဝန်များကို ကာကွယ်ပေးသော သမဂ္ဂအဖွဲ့များဖွဲ့ကာ စောင့်ရှောက်ပေးထားကြောင်း အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာမြင့်ဦး (ဂျီပီ) က ရှင်းပြသည်။

‘‘ဆေးရုံတိုင်းမှာ လုံခြုံရေးဝန်ထမ်းတွေ ထားရမယ်။ ဂိတ် စောင့်တင်မဟုတ်ဘူး၊ လူနာလုံ ခြုံရေး၊ ဆရာဝန်လုံခြုံရေးနဲ့ ပတ် ၀န်းကျင်လုံခြုံရေးအတွက် အကုန် လုံးတာဝန်ရှိတယ်’’ဟု ၎င်းကဆို သည်။

လက်ရှိ ဆေးရုံများ၌ လူနာ နှင့် ဆရာဝန်အင်အားမမျှတမှု ကြောင့် အချို့သော ဆရာဝန်များသည် ၂၄ နာရီပတ်လုံး လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုပေး နေရချိန်တွင် ယခုကဲ့သို့ လူနာဘက်က တုံ့ပြန်ပြောဆိုမှုများကြောင့် အလုပ်ထွက်နှုန်းများလာပြီး ၀န်ထမ်းမလုံလောက်မှု ပိုမိုများပြားလာနိုင်ကြောင်း ဆရာဝန်များက သုံးသပ်သည်။

သို့သော် ကျန်းမာရေးဝန် ထမ်းများဘက်က ပြုမူဆက်ဆံပုံများက လူနာနှင့် လူနာရှင်များကို စိတ်သောကရောက်စေသည်။

‘‘ကိုယ်ထိလက်ရောက်ပြုမူတာ တော်တော်ရှားမယ်ထင်တယ်။ မြင်နေရတာကတော့ သူနာပြုတွေ အော်တာတောင် ဘာမှ ခွန်းတုံ့မပြန်ဘဲ ငြိမ်နေကြတာပဲ တွေ့တယ်။ အစ်မကိုယ်တိုင်လည်း ကိုယ့်ကိုအော်ရင် ပြန်အော်မိမှာပဲ။ သူတို့ဘက်က ယဉ်ယဉ်ကျေးကျေး ပြောရင်တော့ တစ်မျိုးပေါ့’’ဟုသန်လျင်မြို့နေ လူနာရှင်မမိုးမိုးက ပြောသည်။

ဆရာဝန်အများစုသည် လူနာများကို အော်ဟစ်ခြင်း တစ်စုံတစ်ရာမရှိဘဲ ကုသမှုပေးနေသော်လည်း သူနာပြုများနှင့် သန့်ရှင်း ရေးဝန်ထမ်းများကသာ ကြမ်းတမ်းစွာဆက်ဆံကြောင်း ၎င်းက ရှင်းပြသည်။

‘‘ကျွန်တော်တို့က လိုအပ်လို့ သွားပြတာ။ ဘာစာရွက်စာတမ်းလိုလဲ မသိလို့ဆေးစစ်ထားတဲ့ အ ဖြေတွေ အားလုံးယူသွားတယ်။ ဆေးပေးတဲ့သူတွေက အဲဒီစာရွက်တွေမပေးဘဲနဲ့ ကိုင်ထားပြီး ဘာလုပ်တာလဲတဲ့။ အစ်မတို့က ဒီအလုပ်လုပ်နေတာ အစ်မတို့လိုချင်တာ တောင်းမှပေးမှာပေါ့လို့ ပြန်ပြောလိုက်တာတယ်’’ ဟု တီဘီဆေး သောက်သုံးနေရသူတစ်ဦးက ပြောသည်။

ဆေးရုံဆိုသည်မှာ သာမန်အချိန်သာမက စစ်ပွဲနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ရောက်လာမည့် လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေရချိန်တွင် အစိုးရဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အသက်အိုးအိမ် လုံခြုံရေးကို စောင့်ရှောက်မှုပေးနိုင်မည့် လုံခြုံရေးတံခါးတစ်ချပ်မဖြစ် မနေလိုအပ်နေပါသည်။

Top News