ကျောက်မီးသွေးစက်ရုံစီမံကိန်း ရပ်တန့်ရေး ဆုတောင်းပွဲတက်ရောက်သူများ စီးလာသည့်ယာဉ်များ လိုင်စင်မဲ့ဟုဆိုကာ သိမ်းယူခံရ

ကျောက်မီးသွေးစက်ရုံစီမံကိန်းရပ်တန့်ရေး ဆုတောင်းပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ − KESAN (FB))

ဘားအံမြို့နယ် ဝတ်ကြီး ကျေးရွာအုပ်စု သုံးအိမ်ရွာတွင် ပြုလုပ်သော ကျောက်မီးသွေး စက်ရုံ တည်ဆောက်ရေးစီမံကိန်း ရပ်တန့်ရေး ဆုတောင်းပွဲသို့ လာ ရောက်သော ရွာသားများ၏ ယာဉ် ခုနစ်စီးကို လိုင်စင်မဲ့ယာဉ်များဟု ဆိုကာ အာဏာပိုင်များက သိမ်း ယူခဲ့ကြောင်း ဆုတောင်းပွဲ ဦး ဆောင်ပြုလုပ်သူ ကိုစောမီဗွေဒိုကပြောသည်။


အဆိုပါ ဆုတောင်းပွဲကို ကျေးရွာ ၁၀ ရွာမှ လူ ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး အပြန်တွင် ဒေသခံများ စီးလာသည့် ယာဉ် ၁၀ စီးအနက် ခုနစ်စီးကို သိမ်းယူခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘လိုင်စင်မဲ့ယာဉ်ဆိုပြီး သိမ်း သွားတာ။ တခြားသူတွေစီးတဲ့ လိုင်စင်မဲ့ယာဉ်တွေတော့ မသိမ်း ဘူး။ ကျွန်တော်တို့ ယာဉ်တွေပဲ သိမ်းသွားတယ်။ အထက်အမိန့် အရ သိမ်းတယ်လို့ပဲပြောတယ်’’ ဟု ၎င်းက ပြောသည်။

သိမ်းယူခံရသည့် ယာဉ်များ တွင် နယ်ခြားစောင့်တပ်ဖွဲ့ပိုင် ယာဉ်များလည်း ပါဝင်ကြောင်း ၎င်းက ပြောသည်။

ကျောက်မီးသွေးဓာတ်အား ပေးစက်ရုံ တည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်း ကျင် ထိခိုက်နိုင်သဖြင့် လူထုဆု တောင်းပွဲကို နိုဝင်ဘာ ၇ ရက် တွင် ကရင်ပြည်နယ် ဘားအံမြို့ နယ် ဝတ်ကြီးကျေးရွာအုပ်စု သုံး အိမ်ကျေးရွာ၌ ပြုလုပ်ခဲ့သည်။ ထိုဆုတောင်းပွဲမှအပြန် ဒေသခံများ စီးလာသည့် ယာဉ်များကို သုံးအိမ်ရွာထိပ်တွင် တားဆီးစစ် ဆေးခဲ့ကြောင်း ၎င်းကပြောသည်။

အဆိုပါ ဆုတောင်းပွဲတွင် ဘားအံကျောက်မီးသွေး ဓာတ် အားပေးစက်ရုံစီမံကိန်းနှင့်ပတ် သက်၍ ကရင်ပြည်နယ် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့အစည်း များနှင့် ဒေသခံများ ပူးပေါင်းပြု လုပ်ထားသော အစိမ်းရောင်အနာဂတ်ကို မီးလောင်တိုက်သွင်းခြင်း အစီရင်ခံစာနှင့် ကျောက်မီးသွေး ကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုး များအကြောင်း ရေးသားသည့် ပညာပေးလက်ကမ်းစာရွက်များ ကို ဒေသခံများအား ဝေငှရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာက တားမြစ်သဖြင့် ဆုတောင်းပွဲတွင် မဝေငှနိုင်ခဲ့ပေ။

ယာဉ်များ သိမ်းဆည်းခြင်း နှင့်ပတ်သက်၍ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက လိုင်စင်မဲ့ယာဉ်များဖြစ်၍ ခေတ္တထိန်းသိမ်းထားခြင်းသာဖြစ် ကြောင်းပြောသည်။

ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်ကမူ ပြည် နယ်အစိုးရအနေဖြင့် ကျောက်မီး သွေးဓာတ်အားပေးစက်ရုံကို ကန့် ကွက်မှုများအပေါ် မည်သည့် ဖိအားပေးမှုများမရှိကြောင်း ပြော သည်။

‘‘ဒါတွေက သူတို့ (ကန့် ကွက်သူတွေ)ရဲ့ စိတ်ခံစားချက် အရ ပြောနေကြတာပါ။ ပြည်နယ် အစိုးရက သူတို့ကို ဘာမှ မလုပ် ဘူး’’ဟု ၎င်းက ပြောသည်။

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် မဂ္ဂါဝပ် ၁,၂၈၀ ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ထိုင်း ကုမ္ပဏီက တည်ဆောက်ရန်စီစဉ် နေသည်။ ထိုစီမံကိန်းအတွက် မြေဧက ၈၀၀ ကျော် အသုံးပြုမည် ဖြစ်ပြီး ကျေးရွာ ၁၀ ရွာခန့်မှ လယ်မြေများ ပါဝင်မည်ဖြစ်သည်။

ထိုစီမံကိန်းသည် အစိုးရ သစ်လက်ထက်တွင် ပြည်နယ်အ ဆင့် ပထမဆုံး ခွင့်ပြုထားသည့် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံစီမံကိန်းဖြစ်ကြောင်း လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးထိန်လွင်က ပြောထားသည်။ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံနှင့် ပတ်သက် ၍ အစိုးရသို့ လုပ်ငန်းစီမံချက်တင် ပြရန် လေ့လာဆဲဖြစ်ကြောင်း ကုမ္ပဏီဘက်က ပြောသည်။

Top News