ဆုတောင်းတိုင်းပြည့်စေချင်သော်လည်း

(၁)

ဆရာ မောင်ဆွေနွယ်၏ လက်ရာ ‘အမုန်းခွန်အား ပေးသ နားပါ’သီချင်းထဲက ‘ဆုတောင်း တိုင်းသာ ပြည့်စေချင်ပါပြီ’ ဆို သော သီချင်းစာသားလေးကို မကြာခဏဆိုသလို ရေရွတ်နေမိ သည်။ မြန်မာပြည်ကြီး ငြိမ်းချမ်း ပါစေဟူသော ဘာသာပေါင်းစုံ၏ ၀တ်ပြုဆုတောင်းပွဲတွေ စတင်က တည်းက သည်လိုမကြာခဏရေ ရွတ်မိနေခြင်း ဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၁၇-၂၀၁၈ ခုနှစ်များအတွင်း ဆက်လက်ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံအစည်းအဝေး သုံးခုမှ ဖက်ဒရယ်ပြည်ထောင်စု အ တွက် အခြေခံမူများချမှတ်နိုင်ဖို့ အချိန်ကာလ သတ်မှတ်ချက် ထုတ်ပြန်ပေးလိုက်သလို တစ်နိုင် ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး နဲ့ ပတ်သက်ပြီး အဖွဲ့အစည်းတွေ ကြားဆွေးနွေးမှုတွေ တွေ့နေ၊ မြင်နေရသည်။ သည်တိုးတက်မှုတွေ က မှောင်မှောင်မည်းမည်းညဥ့်နက်ထဲမှာ လမ်းလျှောက်နေရသော်လည်း အရုဏ်ကျင်းကာ အလင်းရောက်မည့်အချိန်ကို ကြိုသိနေသည့် လူတစ်ယောက်လို မျှော် လင့်ချက်တွေကို ရှင်သန်စေသည်။ပြည်တွင်းငြိမ်းချမ်းရေးအ တွက် မျှော်လင့်ချက်တွေ ရှင်သန် လာရင်း ဆက်စပ်တွေးတောမိ သည်က ကမ္ဘာ့ငြိမ်းချမ်းရေးဖြစ် သည်။ မြန်မာပြည်တွင်းက အဖွဲ့ အစည်းတွေအားလုံး၊ လူထုလူ တန်းစားအားလုံး၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံးစည်း လုံးမှုတည်ဆောက်နိုင်ပြီး ငြိမ်း ချမ်းရေးအောင်ပန်းကို ဆွတ်ခူးနိုင်သည့်တိုင် ကမ္ဘာကြီးမငြိမ်းချမ်းပါ က မြန်မာပြည်လည်း ငြိမ်းချမ်းနိုင် အံ့မထင်။ အထူးသဖြင့် နိုင်ငံများ ၏ အကျိုးစီးပွားတွေ ကမ္ဘာကြီး၏ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ ၀ဲ၊ ယာမှာ ချိတ်ဆက်လာ နေသော ယနေ့ခေတ်အခါကြီးမျိုး မှာ ကမ္ဘာကြီးငြိမ်းချမ်းဖို့ မလွယ် ကူသလို တစ်နိုင်ငံတည်း ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ဖို့ ဆိုသည်မှာ အတော်မလွယ်ကူသည့် မျှော်မှန်း ချက်မျိုး ဖြစ်သည်။

(၂)

သို့ဆိုလျှင် ကမ္ဘာကြီး၏ ငြိမ်း ချမ်းရေးအနေအထားက မည်သို့ နည်း။ အဝေးခေတ်အတိတ်သ မိုင်းတွေကို ချန်လှပ်ကာ အနီးကပ်မြင်နိုင်သည့် ၂၁ ရာစုအခြေအနေ များကိုပဲ ပြန်လည်သုံးသပ်ကြည့် ကြပါစို့။ ဒုတိယကမ္ဘာစစ်ကြီးပြီး ကတည်းက စတင်လာခဲ့သည့် အမေရိကန်ဦးဆောင်သည့် အ ရင်းရှင်အုပ်စုနှင့် ဆိုဗီယက်ဦး ဆောင်သည့် ဆိုရှယ်လစ်အုပ်စု တို့ ၀ါဒရေးရာကို အခြေပြု၍ စစ် အေးတိုက်ပွဲဆင်နွှဲခဲ့ကြသည်။ နောက်ဆုံးတော့ ဆိုဗီယက်ယူနီ ယံကြီးပြိုကွဲကာ အရင်းရှင်အုပ်စု ခေါင်းဆောင် အမေရိကန်က ကမ္ဘာကြီးမှာ တစ်ဦးတည်းစူပါပါ ၀ါဖြစ်လာသည်။

 ဆိုဗီယက် ခေါင်းဆောင် မီခေးလ်ဂေါ်ဘာချော့ဗ် (Mikhail Gorbachev) ကတော့ နိုဗယ်ငြိမ်းချမ်းရေးဆုကြီး ပိုက်ကာ ဆို ဗီယက်ယူနီယံဖြိုခွဲသူကြီးအဖြစ် သမိုင်းတင်ခံလိုက်ရရှာသည်။ ယခုအချိန်အထိ အသက်ရှင်နေ သေးသော်လည်း ရုရှားနိုင်ငံရေး မှာ လုံးဝပေါ်မလာတော့။ ၁၉၉၀ ခုနှစ်အတွက် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် အနောက်နိုင်ငံ များက ဂုဏ်ပြုကြသော်လည်း အ နောက်အုပ်စု၏ အင်အားကြီးမီဒီ ယာကြီးတစ်ခု ဖြစ်သည့် ဗြိတိသျှ အသံလွှင့်ဌာန (ဘီဘီစီ)ကတော့ ဆိုဗီယက်ယူနီယံကြီးပြိုလဲပြီး ၂၅ နှစ်အကြာတွင် ‘Mikhail Gorbachev: The Man Who Lost An Empire (အင်ပါယာကြီးတစ်ခု လုံးဆုံးရှုံးသွားတဲ့ ဂေါ်ဘာချော့ဗ်)’ဟု ခေါင်းစဉ်တပ်ခဲ့သည်။ ဂေါ်ဘာချော့ဗ်ကို ဆက်ခံသည့် ဘောရစ်ယဲ့ဆင် (Boris Yeltsin) လက်ထက်တွင် ရုရှားပြည်ကြီး အမေရိကန်နောက်လိုက်ဖြစ်တော့မည်ဟု ပြောရလောက်အောင် အနောက်သြဇာညောင်းခဲ့သည်။ ကမ္ဘာကြီးမှာ ပြိုင်ဆိုင်မှုတွေကင်းကာ ငြိမ်းချမ်းသာယာတော့မည်ဟု မျှော်လင့်ခဲ့ကြသည်။ ကျွဲနှစ်ကောင်ခတ်သည့်ကြားက မြေစာပင်မဖြစ်ရတော့ဘူးဆိုကာ ၀မ်းသာသည့် နိုင်ငံများလည်းရှိနိုင်သည်။ နောက်တော့ကျန်နေသည့် တစ်ကောင်တည်းသော ကျွဲကစစ်ဆွယ်တွေ တငေါငေါထုတ်ပြလာသည်မှာ ယခုအချိန်အထိ ဖြစ်သည်။

အမေရိကန်သမ္မတ ဂျော့ခ်ျဘုရှ် (George W. Bush) က အိမ် ဖြူတော်တွင် ဖင်မှမပူသေးခင် ၂၀၀၁ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှုကို အခြေတည်ပြီး အာဖဂန်နစ္စတန်တွင် စစ်ပွဲစတင် ခဲ့သည်။ ယင်းအကြမ်းဖက်မှုကို အယ်လ်ကိုင်ဒါ (Al-Qaeda) အဖွဲ့က ကျူးလွန်ပြီး ယင်းအဖွဲ့၏ ခေါင်းဆောင်မှာ အိုစမာဘင်လာ ဒင် (Osama Bin Laden) ဖြစ် သည်။ သမိုင်းကို ပြန်လှန်ကြည့် တော့ အိုစမာဘင်လာဒင်ဆိုသူက အခြားသူမဟုတ်။ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ (CIA)က ၁၉၈၀ ခုနှစ်များအတွင်း မြှောက်စားခဲ့၊ အားပေးထောက်ခံ ခဲ့သူ ဖြစ်သည်။ အထက်မှာပြော ခဲ့သည့် စစ်အေးတိုက်ပွဲအတွင်း အမေရိကန်၏ ရန်သူတော် ဆိုဗီ ယက်ကို ဆန့်ကျင်သည့် မူဂျာဟစ်ဒင် (Mujahideen) တွေကို အမေ ရိကန်ကကူညီရာတွင် ဘင်လာဒင်က ပွဲစားလုပ်ခဲ့သည်။ ၂၀၀၄ ဇူလိုင်၂၀ ရက် ဘီဘီစီ၏ သတင်းက ဘင်လာဒင်အနေဖြင့် ဆိုဗီယက် ကို တိုက်ရန်အတွက် အမေရိကန် နှင့် ဆော်ဒီနိုင်ငံများထံမှ ရန်ပုံငွေ တွေရခဲ့သလို သူကိုယ်တိုင်၏ လုံ ခြုံရေးအတွက် CIA က သင်တန်း များပို့ချခဲ့ကြောင်း သုံးသပ်ကြ သည်ဟု ဆိုသည်။ အမေရိကန်အ နေဖြင့် သူမွှေးထားသည့် မီးသူ့ကို ပြန်ဟပ်ခြင်း ဖြစ်သည်။ အာဖဂန် နစ္စတန်မြေကို လှန်ပြီး ဘင်လာဒင်ကိုရှာခဲ့သည်။ ၁၁ နှစ်အကြာ ၂၀၁၁ မေလ ၂ ရက်ရောက်မှ ဘင်လာဒင်ကို အမေရိကန်တွေ သုတ် သင်နိုင်ခဲ့ကြသည်။ သိက္ခာရှိရှိ တရားစီရင်ခဲ့တာတော့ မဟုတ်။ ညဥ့်ကြီးအချိန်မတော် ၀င်ရောက် စီးနင်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ဘင်လာဒင်ဟူသော အကြမ်းဖက် သမားတစ်ယောက်ကို သတ်ဖို့ ၁၁ နှစ်တာကာလအတွင်း အရပ်သား မည်မျှအသက်ပေးခဲ့ရပါသနည်း။ လူ့အခွင့်အရေးအကြောင်း မည် သည့်နိုင်ငံကြီးတွေက ပြောကြား ခဲ့ပါသနည်း။ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီကကော ဘယ်လိုဆုံးဖြတ်ချက်တွေချမှတ်ပြီး အာဖဂန်နစ္စတန်ပြည်သူတွေကို ကာကွယ်ခဲ့ပါသနည်း။ မေးခွန်းထုတ်စရာကောင်းလှသည်။

၂၀၁၁ ခုနှစ်မှာ အာဖဂန်စစ် ပွဲစတင်ခဲ့ပြီး ဘာမျှအဖြေမထွက် နိုင်သေးခင်မှာပင် အမေရိကန် သမ္မတရေနံသူဌေးကြီးက အီရတ် ကို ကျူးကျော်စစ်ဆင်နွှဲပြန်သည်။ အကြောင်းပြချက်က နျူကလီး ယားလက်နက်များကိစ္စ ဖြစ်သည်။အီရတ်တွေမှာ နျူကလီးယား လက်နက်တွေပိုင်ဆိုင်ထားသည် ဟု စွပ်စွဲသည်။ နောက်တော့ ၀င်တိုက်သည်။ ၀င်တိုက်ပြီးတော့လည်း အီရတ်မှာ နျူကလီးယားလက်နက်တွေ့အောင် မရှာနိုင်ခဲ့။ အဲဒီလိုဝင်မတိုက်မီကတည်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီဆိုတာကြီးကလည်း အီရတ်ကို အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့သည်။ လက်နက်တွေ တကယ်တမ်းရှာမတွေ့တော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ဆိုတာကြီးတွေက ရှက်ဖွယ်လိလိ။ နောက်တော့ အီရတ်သမ္မတ ဆက်ဒမ်ဟူစိန် (Saddam Huss-ein) လည်း ဘင်လာဒင်နောက်လိုက်သွားရတော့သည်။ အီရတ်က အပြစ်မဲ့ပြည်သူတွေလည်း ထောင်၊ သောင်း၊ သိန်း၊ သန်းချီကာအတိ ဒုက္ခရောက်ကြရသည်။ ဘယ်သူကမှတော့ လူ့အခွင့်အရေးအကြောင်းမပြောခဲ့။ သည်ကြားထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်ပြီး စံချိန်တင်ထားသည့် ဂွမ်တာနာမို (Guantanamo)အကျဉ်းစခန်းကို ၂၀၀၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့သည်။ မှတ်မိသလောက်တော့ ၁၁ နှစ်ကာလအတွင်း ဂွမ်တာနာမိုနှင့် ပတ်သက်ပြီး ကုလသမဂ္ဂက အရေးယူဖို့ ပြောသံတစ်ခွန်းမှမကြားရ။ ၂၀၀၅ နိုဝင်ဘာတွင် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်မှ ကျွမ်းကျင်သူအဖွဲ့ ဂွမ်တာနာမိုသို့ သွားရောက်စစ်ဆေးခဲ့သည်။ အမေရိကန်တွေက အကျဉ်းသားတွေနှင့် စကားပြောခွင့်မပေးခဲ့။ မီဒီယာသမားတွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပြုပါဆိုသော စကားမျိုးကြားရဖို့တော့ ဝေလာဝေးပင်။

၂၀၀၈ ခုနှစ်မှာ အမေရိကန် သမ္မတသစ်တက်လာသည်။ အား လုံးသိသည့် ဘားရက်အိုဘား မား (Barack Obama) ။ သူက အာဖဂန်နှင့် အီရတ်စစ်ပွဲတွေ ရပ် ပေးမည်ဆိုကာ မဲဆွယ်ခဲ့သည်။ ဂွမ်တာနာမိုအကျဉ်းစခန်းကို လည်း ဖျက်သိမ်းဖို့ ကြိုးပမ်းခဲ့ သည်။ သူလည်း ငြိမ်းချမ်းရေး နိုဗယ်ဆုရသည်။ သို့သော်...။ သို့သော် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် အမေရိကန်သမ္မတကြီးကလည်း စစ်တိုက်ခဲ့သည်ပင်။ ၂၀၁၁ မတ်လ ၁၇ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် (၁၉၇၃) ကို ချမှတ်ကာလစ်ဗျားနိုင်ငံသားတွေကို ကာကွယ်ဖို့ လိုအပ်တာအားလုံး ဆောင်ရွက်ခွင့်ပြုကြောင်း မီးစိမ်း ပြလိုက်သည်။ နှစ်ရက်အကြာ တွင် ပြင်သစ်၊ အမေရိကန်၊ ဗြိတိသျှတို့က လစ်ဗျားအားလေ ကြောင်း၊ ရေကြောင်းမှ တိုက်ခိုက် ခဲ့သည်။ ၂၁ ရာစုအစကနေ ၁၀ နှစ်ကျော်ကျော်လေးအတွင်းမှာ အမေရိကန်က တတိယမြောက် စစ်ပွဲဆင်နွှဲခြင်း ဖြစ်သည်။ သို့ သော် အိုဘားမားက ယခင်သမ္မတထက်တော့ လည်လည်ဝယ်ဝယ်ရှိ သည်။ လစ်ဗျားစစ်ပွဲတွင် ဦးဆောင်သူအဖြစ် မပါဝင်ခဲ့။ မတ်လ ၁၉ ရက်က စစ်ပွဲစတင်ခဲ့ပြီး နောက် ထပ် ခြောက်ရက်အကြာ မတ်လ ၂၅ ရက်တွင် စစ်ရေးခေါင်းဆောင်မှု ကိုနေတိုး (NATO) အဖွဲ့အား လွှဲပေးလိုက်သည်။ ကမ္ဘာကြီး ရော အမေရိကန်ပြည်သူများပါ နားလှည့်ပြီး ပါးရိုက်သွားခြင်းပင်။ နေတိုးဆိုတာလည်း အမေရိကန် ခေါင်းဆောင်သည့် စစ်ရေးအုပ်စု ပဲမဟုတ်လား။

သည်တစ်ကြိမ် တွင်လည်း ကုလသမဂ္ဂကြီးက နှာစေးခဲ့ပြန်ပါသည်။

အာဖဂန်နစ္စတန်၊ အီရတ်၊ လစ်ဗျားစသည့် စစ်ပွဲကြီးများက အာရပ်ကမ္ဘာမှာ အစွန်းရောက်မှု ကို ပိုမိုဖြစ်ပေါ်စေသည်။ နောက် ဆုံးပြဿနာက ISIS ပြဿနာဖြစ် သည်။ စစ်ရေးအင်အားကြီးမား လှပါသည်ဆိုသော စူပါပါဝါနိုင်ငံ ကြီးများ ဘယ်လိုမှ မထိန်းနိုင်၊ မသိမ်းနိုင်သေး။ ရိုးရိုးလေးတွေး ကြည့်ရုံဖြင့် သိနိုင်သည်က စစ်ပွဲ တွေများလေလေ၊ စစ်လက်နက် ထုတ်လုပ်ကာ ပိုက်ဆံရှာသော နိုင်ငံကြီးများဝင်ငွေဖြောင့်လေ လေ ဖြစ်သည်။ စစ်ပွဲတွေကို စတင်သော နိုင်ငံကြီးတွေ ကြည့်လျှင် လည်း လက်နက်ထုတ်လုပ်တင်ပို့ ရောင်းချသည့် နိုင်ငံကြီးတွေပင်။ ပြီးတော့ စစ်ပွဲကိုတော်ရုံတန်ရုံနှင့် လက်စမသတ်။ အစလေးတွေ အမြဲချန်ထားခဲ့ကြသည်။

အိုဘားမားပြီးတော့ အသစ် တက်လာသည့် ဒေါ်နယ်ထရန့် (Donald Trump) ကတော့ အရှေ့အလယ်ပိုင်းကိုသွားမထိတော့။ ရွေးကောက်ပွဲကာလ မဲဆွယ်စဉ် က မွတ်စလင်ဆန့်ကျင်ရေးစကား လုံးတွေ သုံးကာ မဲတွေကို သိမ်း ကျုံးယူသွားခဲ့သည်။ သမ္မတဖြစ်ခါ စမှာ စိတ်ရူးပေါက်ပြီး ဗီဇာကန့် သတ်မှုတွေ၊ နိုင်ငံသားစိစစ်မှုတွေ လုပ်လိုက်သေးသည်။ အပြစ်မဲ့ သည့် မွတ်စလင်အသိုင်းအ၀ိုင်း ကို ဒုက္ခပေးကာ နာမည်ကောင်း ယူဖို့ ကြိုးစားသော်လည်း အစွန်း ရောက် ISIS တွေကို ရင်ဆိုင်ဖို့ ဘာမှမလုပ်ခဲ့။ အဲဒီအစား မြောက် ကိုရီးယားနဲ့ လေကြီးမိုးကြီးပြော ကာ ရန်ထောင်ကြသည်။

အနောက်အုပ်စုအနေဖြင့် သူတို့မွှေးခဲ့သည့် မီးဖြစ်သည့် အကြမ်းဖက်မှုပြဿနာကို ဖြေ ရှင်းဖို့ထက် လမ်းကြောင်းပြောင်း ကာ နေရာရွှေ့ပစ်ဖို့ ကြိုးစားလာ သည်။  သည်ထဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာက ထင်သာ မြင်သာရှိလှသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး တွင် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် ကိုယ်တိုင်က ရခိုင်အရေးကို  မဖြေရှင်းလျှင် အကြမ်းဖက်မှုတွေနေရာပြောင်းလာနိုင်သည်ဟု ပြောဆိုခဲ့သည်။ သတိပေးချက် လေလား၊ ရေလာကောင်းအောင် မြောင်းပေး လေသလားမသိ။ ယ နေ့ အချိန်အထိတော့ အကြမ်း ဖက်သမားတွေကို ဘယ်လိုတား ဆီးကာကွယ်မလဲဆိုသည့် အချက်ကို မည်သည့်နိုင်ငံကြီးများကမှ မပြောသေး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်လည်း သည်စကား မကြားရ။ ကိုယ့်နိုင်ငံပိုင်နက်၊ ကိုယ့်နိုင်ငံသားများကို အကြမ်း ဖက်သမားရန်မှ ကာကွယ်နေရ သည့် မြန်မာအစိုးရကို ပြစ်တင်ဝေ ဖန်နေသံတွေ၊ ထုတ်ပြန်ချက်တွေ သာ ဖောဖောသီသီကြားနေရသည်။

(၃)

ယခုလိုတင်ပြရခြင်းက နိုင်ငံ ခြားတိုင်းပြည်တစ်ခုခုကိုမှ မုန်းတီး စိတ်တွေ ဖန်တီးပေးလို၍ မဟုတ်။ကမ္ဘာ့အဖွဲ့အစည်းကြီးအပေါ် မြန် မာပြည်သူတွေက အမြင်စောင်း စေလို၍လည်း မဟုတ်။ အနီး ခေတ်သမိုင်းမှ ဆင်ခြင်ဖွယ်ရာ များကို သတိပြုမိစေလိုရင်းသာ ဖြစ်သည်။ မြန်မာ့ငြိမ်းချမ်းရေးကို စဉ်းစားရာတွင် ကမ္ဘာ့အရေးတွေ ကိုပါ ထည့်သွင်းစဉ်းစားကြဖို့ တိုက်တွန်းလိုရင်း ဖြစ်သည်။ တိုင်းပြည်ရေးအတွက် ပြင်ပကမ္ဘာနှင့်ချိတ်ဆက်ရာတွင် မိတ်ဆွေ၊ ရန်သူကွဲပြားစွာ မြင်စေလိုရင်း ဖြစ်သည်။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်းဗိုလ်ကျစိုးမိုးသူနှင့် အဖိနှိပ်ခံရသူ၊ ဗိုလ်ကျစိုးမိုးသည့် နိုင်ငံနှင့် ဖိနှိပ်ခံရသည့် နိုင်ငံဟူ၍ ရှိနေလိမ့်ဦးမည်သာ။ သည်ပဋိပက္ခကြီးရှိနေသမျှ ကာလပတ်လုံးလည်း တစ်ကမ္ဘာလုံးငြိမ်းချမ်းရေးဆိုတာ ဘယ်မှာ ဖြစ်လာနိုင်ပါ မည်နည်း။

 ကမ္ဘာပေါ်က ထိုမငြိမ်သတ်မှုများက ပြည်တွင်းအရေးအပေါ် ကြီးကြီးမားမားသက် ရောက်မှုရှိသည်။ တိုင်းပြည်၏ ကံကြမ္မာ အလှည့်အပြောင်းတွေအပေါ် လွှမ်းမိုးမှုကြီးမားနိုင်သည်။ အားလုံးသတိရှိဖို့ လိုပါသည်။ စည်းလုံးညီညွတ်ကြဖို့ လိုပါသည်။

သည်ဆောင်းပါးသည် အ မုန်းခွန်အားပေးခြင်းလုံးဝ (လုံးဝ)  မဟုတ်ပါ။ ဆုတောင်းတိုင်းမပြည့် နိုင်သည့် အခြေအနေတွေများစွာ ရှိကြောင်း တွေးတောမိသမျှ ပြန် လည်မျှဝေခြင်းသာ ဖြစ်ပါသည်။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News