BOT စနစ်ဖြင့် လုပ်ကိုင်သော လမ်းတံတားများ ဖြတ်သန်းအသုံးပြုခ ပြင်ဆင်ကောက်ခံရန်စီစဉ်

အမြန်လမ်းတိုးဂိတ်အနီး စီတန်းစောင့်ဆိုင်းနေသော ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

BOT စနစ်ဖြင့် ဆောင် ရွက်နေသည့် လမ်းများ၌ လမ်းတံ တားအသုံးပြုခကောက်ခံရာတွင် ငွေအကြွေပြန်အမ်းရန် အခက်အ ခဲရှိသဖြင့် လမ်းတံတားအသုံးပြုခ ကို အကြွေအခက်အခဲ ပြေလည် စေရန် ချိန်ညှိကောက်ခံမည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦး ဇော်မင်းသိမ်းက ပြောသည်။


‘‘ခွင့်ပြုချက်စောင့်နေတာ၊ သေချာရင် ထုတ်ပြန်ကြေညာပေး ပါမယ်’’ဟု ၎င်းကဆက်လက် ပြောသည်။

လမ်းအသုံးပြုခကောက်ခံ ရာ၌ အကြွေပြန်အမ်းရာတွင် အ ခက်အခဲများ ရှိနေခြင်းကြောင့် ယခုကဲ့သို့ တိုးမြှင့်ကောက်ခံရန် စီစဉ်နေကြောင်း၊ တိုးမြှင့်မည့် နှုန်းများ ထုတ်ပြန်ပေးမည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန အင်ဂျင်နီယာချုပ် ဦးကြည် ဇော်မြင့်က ပြောသည်။

‘‘ကျပ်ဆယ်စွန်းတွေကို ကိန်းပြည့်လေးဖြစ်အောင် ကစား တာပါ။ အခုလည်း ပြည်သူတွေ က အပြည့်ပေးနေရတာပဲ။ ဒါကို အစိုးရကအခွန်ပြန်ရအောင်လုပ် နေရတာပါ’’ဟု ၎င်းကပြောသည်။

ထိုသို့ ကိန်းပြည့်အဖြစ် တိုး မြှင့်ရန် သတ်မှတ်ချက် တစ်ခုထားရှိ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ၇၅ ကျပ်အထက်ကို ကျပ် ၁၀၀ တိုးမည်ဖြစ်ပြီး၇၅ ကျပ်အောက်ဆိုပါက လျှော့ ယူမည်ဖြစ်ကြောင်း၊ တိုးမြှင့်ခြင်းလည်းပါသကဲ့သို့ လျှော့ချပေးခြင်း လည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

‘‘လမ်းအသုံးပြုခက အခု လည်း ၂၀ ဆိုရင် ၁၀၀ တောင်းကြတာပဲ။ ဘယ်သူရလဲ မသိဘူး။ ၀န်ထမ်းပဲယူတာလား၊ ကုမ္ပဏီပဲ ရတာလား မသိဘူး။ အခု အစိုးရ ရမယ်ဆိုတော့ ကောင်းတယ်လို့ပဲ ပြောရမယ်’’ ဟု NGO ၀န်ထမ်း ကိုအေးချမ်းဝင်းက ပြောသည်။

မြန်မာနိုင်ငံလမ်းများ၏ ၃၀ရာခိုင်နှုန်းသည် BOT စနစ် (တည်ဆောက်၊ လုပ်ငန်းလည်ပတ်၊ လွှဲပြောင်းစနစ်)ဖြင့် လည်ပတ်နေ သည်။ တစ် နိုင်ငံလုံး ခရီးသွားလာ သူ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင် နှုန်းကြားသည် BOT စနစ်ဖြင့် လုပ်ကိုင်သော လမ်းများကို အသုံးပြု နေကြောင်း ဦးကြည်ဇော်မြင့်က ပြောသည်။

အစိုးရသစ်တက်လာပြီး ၂၀၁၆ ဧပြီနောက်ပိုင်းတွင် တိုင်း ဒေသကြီးနှင့် ပြည်နယ်များရှိဂိတ် ၁၆၁ ခုကို လမ်းအသုံးပြုခ မကောက်ခံတော့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။ မြန်မာတစ်နိုင်ငံ လုံး၌ လက်ရှိတွင် လမ်းတံတား အသုံးပြုခ ကောက်ခံနေဆဲ ဂိတ် ၁၄၁ ခု ရှိသည်။

Top News