မိန်းမတို့အကြောင်း

မမြစိန်ကွယ်လွန်အနိစ္စ ရောက်ရခြင်းတွင် ကျွန်တော့်ပ ယောဂမကင်းပေ။ ကွယ်လွန်စက ကိုယ်ချစ်မြတ်နိုးသော ဇနီးတစ် ယောက်နှင့် ကွေကွင်းရခြင်း ဒုက္ခ တစ်ခုသာ ဖြစ်ခဲ့၏။ သို့သော် သူ၏ရိုးရိုးသားသားရေးသားထားခဲ့ သော စာတမ်းရှည်ကို ဖတ်ရချိန် တွင်မူ ကျွန်တော့်စိတ်များသည် ဘယ်သောအခါမှ မတည်ငြိမ်ခဲ့ပါ ပေ။

မသေခင်က ပစ်ထား၍ သေပြီးမှ လွမ်းဆွတ်တသငိုချင် သော နောင်တတရားများဖြင့် မြွမ်းသည့် ပူပန်ခြင်းမျိုးလည်း မဟုတ် ပါ။ သို့သော် ကာလကြာလေလေ ကျွန်တော့်ကိုယ် ကျွန်တော်ပြန် လည်ဆန်းစစ်ကြည့်သောအခါ ကျွန်တော်သည် အများသဘော ကို ချောချောကြီးကျအောင် ရေး သားနိုင်သော နာမည်ကျော် ‘မောင်စန္ဒာ’ဟူသော စာရေးဆရာ တစ်ယောက်ဖြစ်ပါလျက်နှင့် ပြဿနာတစ်ခုအား မိန်းမနှစ် ယောက်၏ စိတ်ကို ပြေလည်ရှင်း လင်းအောင် ပြောပြဆွေးနွေးနိုင် သော သူတစ်ယောက်မဟုတ်နိုင် ကြောင်း ကိုယ့်ကိုယ်ကိုယ်သိသာ လာသည်။

ထို့ကြောင့်ပင် ကျွန်တော့် ချစ်ဇနီးသည် ခွဲသင့် ခွဲထိုက်သော အချိန်ထက်စော၍ ကျွန်တော့် အား ခွဲခွာသွားခြင်းပင် ဖြစ်၏။

မမြစိန်သည် ကျွန်တော်၏ တစ်ဦးတည်းသော လက်ထပ်မ ယားဖြစ်ခဲ့သော်လည်း ကျွန်တော် ၏ ချစ်ဦးသူမဟုတ်ခဲ့။ ကျွန်တော့် ချစ်ဦးသူမှာ မနှင်းအေးဖြစ်သည် ကို မမြစိန်သည် လက်မထပ်ခင်က ပင်သိခဲ့၏။

မနှင်းအေးသည် စာတတ် သည်။ ပိုက်ဆံရှိသည်။ ဒီဂရီမှာ ဘီအေ-ဘီအီးဒီဘွဲ့ကိုလည်း ယူ ထားသည်။ ဘီအယ်လ်လည်း အောင်ပြီးပေပြီ။ ကျောင်းနေစဉ် မေတ္တာမျှခဲ့သူမို့ မနှင်းအေးအ ကြောင်းကို ကျွန်တော်အားလုံးပင် သိရှိပြီး ဖြစ်ပါသည်။ ကျွန်တော့် အမည်မှာ ကလောင်နာမည်က သာ မောင်စန္ဒာဖြစ်သော်လည်း နာမည်ရင်းမှာ မိုးဟိန်းဖြစ်ပါ သည်။

မနှင်းအေးသည် ကျွန်တော့် ကို ‘မိုး’ဟု တစ်လုံးတည်းပင် ခေါ် ပေသည်။ သူဘီအေ-ဘီအီးဒီ အောင်စက သူ့ဖေဖေနှင့် မေမေ မှာ ရှေ့ဆင့်နောက်ဆင့်ကွယ်လွန် ခဲ့သည်။ အဒေါ်သားချင်း ဆွေမျိုး များနှင့်လည်း သူမနေ။ သူ့အိမ် တွင်ပင် ငယ်ငယ်က သူ့ကိုထိန်း လာသော ဒေါ်ရှင်နှင့်အတူ နေကြ ပေသည်။

‘‘မိုး...ယူ ဘာစားချင်တယ် ဆိုတာ ပြောနော်။ ဒေါ်ရှင်အားလုံး ချက်တတ်တယ်ကွယ့်’’

တစ်ခါတစ်ခါ ကျွန်တော် သူ့ အိမ်ထမင်းသွားစားလျှင် သူသည် ကျွန်တော့်အပါးတွင် ထမင်းစား ရင်း ပြောပြ၏။

‘‘မိုး...ကျွန်မနဲ့အတူတူ ထမင်းလာစားတဲ့အခါ စိတ်ပျော် တာပေါ့လေ။ အရင်ကတော့ ဒီ ထမင်းဝိုင်းမှာ သားအမိ သားအဖ သုံးယောက်၊ ဒေါ်ရှင်နဲ့ဆိုတော့ ပေါင်း လေးယောက်ပေါ့။ အခု တော့ ဒေါ်ရှင်၊ ကျွန်မရယ်၊ နှစ် ယောက်တည်းရယ်။ မိုး...လာတဲ့ အခါ ထမင်းဝိုင်းဟာ စိုသွားတာ ပေါ့’’

သူသည် ပြုံးပြုံးရွှင်ရွှင် အေး အေးချမ်းချမ်းနှင့်ပင် ဧည့်ခံ၏။ သူ့မျက်နှာသည် ရှင်း၏။ မနှင်း အေးသည် သူ့စိတ်ထဲတွင် ခံစား ရသမျှ မျက်နှာတွင် ထင်းခနဲပေါ် လွင်လွယ်သောသူမျိုးဖြစ်၏။ တောက်ပသော သူ့မျက်လုံးကျယ် ကျယ်ဝန်းဝန်းမှာ သူ့နှလုံးသားကို ထိုးဖောက်မြင်နိုင်လောက်အောင် ကြည်လင်နေသည်ဟု ကျွန်တော် ထင်ပေသည်။ အသားဖြူ၍ သေး သေးနွဲ့နွဲ့နှင့် ပေါင်တံသွယ်သော ကြောင့် သူကြိုက်သော အရောင် ရင့် ပြောင်လုံချည်များကို ၀တ် သောအခါ ထိုင်နေစဉ်ထက် မနှင်းအေးသည် လမ်းလျှောက်သော အခါ ပို၍လှလေသည်။

‘‘ဒေါ်ရှင်ရေ၊ နက်ဖြန်ကျရင် တော့ ကျွန်မ ငါးရံ့အူစားချင် တယ်’’

‘‘စားရပါတယ်။ ကြည့်မြင် တိုင်ဈေးသွားဝယ်၊ ပြီးတော့ မရန်း သီးထောင်း၊ တမာချဉ်တို့မယ်’’

‘‘အဲ...အဲ...ဟုတ်ပြီ။ မိုးနက် ဖြန်လည်း လာစားပါဦး။ ဒေါ်ရှင်းဟင်းစပ်ပုံကကောင်းတယ်’’

သူသည် လက်ဆေး၍ ကျွန် တော့်အပါးမှထရင်း ပြော၏။

‘‘မိုး စန္ဒရားတီးတာ နားထောင်မလား၊ ခြံထဲပဲ လျှောက်မလား’’

‘‘ခြံထဲလျှောက်ရအောင် ကွယ်’’

ခြံထဲတွင် ပန်းပင်များပွင့်နေ ကြ၏။

‘‘ကိုတို့ လက်ထပ်ရအောင် လား မနှင်းအေး’’ဟု ကျွန်တော်က စကားဆိုလျှင်မူ...

‘‘ဖြည်းဖြည်းပေါ့ မိုးရယ်၊ စောစောစီးစီး ငရုတ်သီး၊ ကြက်သွန် တွေ အကြောင်း မစဉ်းစားပါရစေ နဲ့ဦးကွယ်’’ဟု သူဆိုပါသည်။

သို့သော် သူကျွန်တော့်ကို ချစ်သည်ကိုတော့ ကျွန်တော်သိ ၏။ အဘယ်ကြောင့်ဆိုသော် မေမေပေးစားသော မမြစိန်ကိုယူ မည်ဟု သူ့အားဖွင့်ဟပြောစဉ် ရွှင်ပ၀င်းလက်သော သူ့မျက်လုံး ထဲဝယ် မျက်ရည်နှင့် ပြည့်ဝန်း၍ နေပေသည်။ ထိုနေ့မှာ လှပသော ညဖြစ်၍ ပန်းရောင်စုံလေးများ ပေါ်တွင် ၀ါဖျော့သော နေရောင် ခြည်တို့ နားနေသော အချိန်ဖြစ် ၏။ သူနှင့် ကျွန်တော်သည်လည်း ခြေပစ်လက်ပစ်မြက်ခင်းပေါ်တွင် နားနားနေနေစကားကို ပြောနေ ကြခြင်း ဖြစ်၏။ သူသည် လက် ထပ်ရေးကိုရော၊ မမြစိန်အကြောင်းကို ဘာမှမပြော။ သူပြော ချင်တာကို သူပြောနေသည်ဟု ကျွန်တော်ထင်ပေသည်။

‘‘ဟိုတစ်ပတ်ကပဲ ဒေလီတွေ ပွင့်လာတယ် မိုးရယ်။ ဆောင်းဦး ပေါက်လာရင် ကျွန်မစိုက်တဲ့ ပန်း တွေ ပွင့်လာတော့မှာပဲလို့ သိပ် ၀မ်းသာတာပဲ။ သူတို့ကိုပဲ ကြိုရ တော့မလိုလို၊ ခုသူတို့ ပွင့်လာ တော့လည်း နေရောင်အောက်မှာ သိပ်လှတာပဲနော်။ ညဥ့်လသာရင် သူတို့ အနား လမ်းလျှောက်ရတာ တယ်ပျော်စရာကောင်းပါတယ်။ ဆောင်းကုန်လို့ နွေဘက်နီးလာ လေလေ သူတို့ပန်းတွေကျကြ တော့မယ်ဆိုတဲ့ အသိက ကျွန်မကိုသိပ်ဒုက္ခပေးတာပဲ။ နွေပေါက်ရင် သူတို့အားလုံးမရှိကြတော့ဘူးဆို  တာ ကျွန်မသိတယ်။ ကျောင်းလည်း ပိတ်ရောမို့လား။ အဲဒီအချိန်ကြီး မှာ ကျွန်မ...ကျွန်မတစ်ယောက် တည်း အထီးကျန်နေရစ်ခဲ့မှာကို ကျွန်မသိပ်ကြောက်တာပဲ။ ဒါပေမဲ့လေ အဲဒီလို နွေရာသီတွေ ကျွန်မ တစ်ယောက်တည်း တွေ့လာခဲ့ တာ နှစ်ကြာတော့လည်း ကြောက် ကြောက်နဲ့ နေတတ်လာသား မိုး ရယ်’’ သူသည် ဒါပဲပြောပြ၏။ သူ  သည်လိုပြောသည့် ဟန်ကို ကျွန် တော်နားထောင်ရချိန်တွင် စာရေး ဆရာပီပီ အလွန်ကျေနပ်၏။

မမြစိန်ကို လက်ထပ်ပြီး တော့လည်း ပင်ပန်းနွမ်းနယ်လာ လျှင် သူ့ထံသို့ ကျွန်တော်ရောက် ခဲ့၏။ သူပြောသော ဤကဲ့သို့ အထီးကျန်ဘ၀၊ ပန်းကိုချစ်၍ နွေ ရာသီကိုကြောက်သော အကြောင်းများကို နားထောင်ရသည်မှာ စိတ် သက်သောင့်သက်သာရှိလှပါ သည်။

တစ်ခါတစ်ရံ သူတီးတတ် သမျှ စန္ဒရားတီးပြသောအခါ ကျွန်တော်သူ့ဘေးတွင် သီချင်းကို စိတ်ပါလက်ပါလိုက်၍ ဆိုတတ်ပါ သည်။

‘‘ခင်ရယ် နေ့တိုင်းများဖြင့် ခင့်မျက်နှာကိုကွယ် မောင်ထင်တရေးနဲ့ မြင်ယောင်မိသေးတယ်’’

ခင်မောင်ရင်ဆိုသော ထိုသီ ချင်းကို ဆိုသောအခါတိုင်း သူ သည် သွက်လက်စွာတီးရင်း သူ့ နှုတ်ခမ်းလေးများက အားရစွာ ပြုံး ၍ နေတတ်ပါသည်။ ကျွန်တော် သည် ထိုခဏတွင် စာရေးဆရာ  ဘ၀၏ ဦးနှောက်ခဲတတ်ခြင်း၊ တစ်ခါတစ်ရံငြီးငွေ့ခြင်းများကို ပြေပျောက်သွားပါတော့သည်။

မမြစိန်သားဦးလေးမွေးစဉ် က ဆွယ်တာတစ်ထည်၊ ဦးထုပ် တစ်လုံး၊ ခြေအိတ်တစ်စုံ၊ သူကိုယ်တိုင်ထိုး၍ ကလေးအတွက် ပေး လာပေသည်။

မမြစိန်သည် ယခုအခါတွင် ပျော်ရွှင်လာပုံရ၏။ ကျွန်တော်စာ ရေးချိန်တွင် သူသည် ယခင်ကလို တစ်ယောက်တည်းမနေရတော့ သားလေးနှင့် စကားပြောဖော်ရ လာသည်။

‘‘ကိုဟိန်းရေ...ဘာစားချင် လဲ’’

ကျွန်တော်စားချင်သော ဟင်းစပ်ကို ဈေးသွားခါနီးတိုင်း မေးတတ်သည်။ ထမင်းစားစဉ် တွင်လည်း အနားမှမခွာပေ။ ကျွန် တော်သည် ငါးဖယ်ကိုလည်း စားချင်သည်။ အရိုးကိုလည်း ကြောက်၏။ အရိုးမပါအောင် ငါး ဖယ်ကိုခြစ်၍ ငါးဆုပ်လုပ်ပေးပြန် တော့သည်။ ကျွန်တော့်က ပေါ့ သည်ထင်၍ မစား။ သူ့ခမျာ ငါး ဖယ်ကို ထုရိုက်တုံးတစ်၍ ရေကျို ချက်သောနေ့များတွင် ကျွန်တော့် အပါးတွင် ထိုင်ကာ ငါးရိုးထွင် ပေးရသည်မှာ ပင်ပန်းလှသည်။ သူ့မျက်နှာပြုံးပြုံးကလည်း ရိုးရိုး နှင့် ရှင်းရှင်းပင်တည်း။ မျက်နှာ ၀ိုင်း၍ ပါးစုံမှာ ဖောင်းအိအိရှိ သည်။ ကိုယ်လုံးကလည်း ခပ်အိုင့်အိုင့် ၀တုတ်တုတ်နေသောကြောင့်ပုသလိုထင်ရပေသည်။ ကျွန် တော်များ ထမင်းမြိန်လျှင် သူ့ခမျာဝမ်းသာ၍ မဆုံးသည်ကို မျက်နှာ ဟန်ပန် ကိုယ်အမူအရာတို့နှင့် ပြ ၏။

‘‘ကိုတူးလေးကို ကျောင်းပို့ ချင်ပြီ’’

ထမင်းပွဲသိမ်းစတွင် သူ သည် အိမ်အကြောင်းကို ဖြစ်ဖြစ်၊ သူ့သားအကြောင်း၊ ငွေကြေးအ ကြောင်း၊ သူပြောချင်သောအ ကြောင်းတစ်ခုခုကို ပြောတတ်ပါ သည်။

ကိုတူးအတွက် ငွေကြေးလို ချင်လည်း ထမင်းစားချိန်တွင်ပင် ပြောပြတတ်သည်။ ကိုတူးအား ကျွန်တော်သည်   ရပ်ကွက်မြူနီ စပယ်ကျောင်းတွင်ပင်     ထား သည်။ ကျွန်တော့်ဝင်ငွေနှင့် အ သင့်တော်ဆုံးသာ ဤလိုကျောင်း မျိုးတွင် ထားသည့်အတွက် သူ သည် ဘာမျှ ကန့်ကွက်ခြင်း၊ ဝေ ဖန်ခြင်းမလုပ်ပါပေ။

စာရေးဆရာချင်းတူသော် လည်း ၀င်ငွေတောင့်သော ကိုဘ ခန့်ဇနီးက စိန်ပေါလ်ကျောင်းတွင် သူ့သားများကို ထားရှိရသော စရိတ်နှင့် ကျောင်းဘတ်စ်ကားခ ကုန်ကျပုံ၊   ယခုသူ့သားများ အင်္ဂလိပ်စကားကို ရေရေမွန်မွန်ပြောတတ်လာပုံများကို အလည်အပတ်ရောက်လာတိုင်းလိုလို ပြောတတ်သော်လည်း မမြစိန်သည် စူး စိုက်နားထောင်ရုံမှလွဲ၍ ဘာမျှ ထွေထွေရာရာမပြောပါပေ။ အ ကယ်၍သာ ကိုဘခန့်ဇနီးပြန်သွား ချိန်တွင် မမြစိန်က ‘‘ကိုဟိန်း၊ ကို တူးကိုလဲ စိန်ပေါလ်ထားရအောင်’’ ဟု တောင်းဆိုလာခဲ့ပါလျှင် အ နည်းနှင့် အများ ကျွန်တော့်တွင် ခေါင်းခဲရမည်သာ ဖြစ်ပေသည်။

တစ်ခါတစ်ရံ သူ့ကို သနား သည်က...

‘‘ကျွန်မနောက်ကလေးရှိပြန် ပြီ’’ဟု ပြောသော အချိန်ဖြစ်၏။ ကလေးလေးယောက်ကို သူသည် ကိုယ်ဝန်ရှိကြောင်း ပြောပြသည့် အခါတိုင်း မျက်လုံးကလေး ပေ ကလတ်ပေကလတ်နှင့် ပြော၏။ သားဦးကိုတူးတုန်းက မိတ်ဆွေ ဒေါက်တာဖွင့်ထားသော ဆေးခန်းတွင် သွားရောက်ပြသည်ကလွဲ၍ ကျန်ကလေးများကို အရပ်ထဲရှိ သားဖွားဆရာမနှင့်ပင် သူပြီး အောင်မွေးဖွားခဲ့လေသည်။

ကိုတူးနောက်ကလေးများ ကို ကျောင်းပို့ရလွယ်ကူသည်ဆို သော်လည်း နံနက်တွင် ကျောင်းပို့ အပြန်တွင် ဈေးခြင်းလေးနှင့် သူ ဈေးဝင်ဝယ်သည်။ မီးဖိုတွင်ချက် ပြုတ်ပြီး ကျွန်တော့်ဖို့ ပြင်ဆင်ထား ခဲ့ကာ ထမင်းချိုင့်တစ်လုံးနှင့် သူ့ သားများထံသွားရသည်မှာ မမြစိန်၏ နေ့စဉ်အလုပ်ဖြစ်လေသည်။

ပြန်လာပြန်လျှင်လည်း သား တို့ကသာ    ကျွက်ကျွက်ညံနေ သည်။ မမြစိန်ကမူ သူ့လုပ်ငန်းရှိ  ရာ မီးဖိုချောင်သို့ ၀င်ပါတော့ သည်။

ကျွန်တော့်အဖို့ တစ်ခါတစ် ရံ မဂ္ဂဇင်း ၀တ္ထုရှည်အတွက် ငွေ သုံးရာလောက်ရလာတတ်၏။ တစ်ခါတစ်ရံ လုံးချင်းဝတ္ထုများ အုပ်ရေများများထွက်သောအခါ ရာခိုင်နှုန်းနှင့်ယူသောကြောင့် တစ်ထောင်၊ ထောင့်ငါးရာ လောက်ရပါသည်။ သို့သော် တစ်နှစ်လုံးမှ ကျွန်တော့်ခေါင်းက လုံးချင်းတစ်ပုဒ်လောက်သာထွက်ပါသည်။ မရသောလများတွင် လည်း ၀င်ငွေလုံးဝမရှိပေ။ ကျိုး တိုးကျဲတဲ ၀တ္ထုတိုများမှ တစ်ရာ့ ငါးဆယ်လောက်ရသည့်အခါ လည်းရှိပေသည်။

‘‘ရော့...မမြစိန်’’

ကျွန်တော်ရသမျှ သူ့ပေး လျှင် သူဘာမျှမပြော။ နည်းသည် ကိုလည်း မညည်း၊ များသည့်အ တွက်လည်း တိုးထူး၍ ဘာမျှမ ပြော၊ ထမင်းဝိုင်းတွင် အနည်းဆုံး ငါးခူငါးပိကောင်ချက်ကောင်း ကောင်းနှင့် ကန်စွန်းရွက်တို့စရာ ကိုတော့ ကျွန်တော်စားရပေသေး သည်။ စင်စစ်မတော့ ကျွန်တော် သည် ကျွန်တော့်ဘ၀နှင့် အလွန် လိုက်ဖက်သော ဇနီးတစ်ယောက် ရရှိထားခြင်းပင် ဖြစ်၏။ ကျွန် တော်အပြင်ထွက်လည်ပတ်၍ အချိန်ကြာမြင့်မှ ပြန်လာလျှင် လည်း ဘာကိုမျှမမေးပေ။

‘‘ကိုဟိန်း...ရေနွေးကြမ်း သောက်ချင်သေးလား၊ ကော်ဖီယူ ဦးမလား’’

ဒါလောက်ပင်မေး၍ ကျွန် တော့်အပါးတွင် ရေနွေးကြမ်းက ရားကိုဖြစ်ဖြစ်၊ ကော်ဖီတစ်ခွက် ကိုဖြစ်ဖြစ်ချကာ သူ့သားများရှိ ရာသို့ သွားအိပ်နေတတ်ပါသည်။

ကျွန်တော့်စားပွဲသည် စာ အုပ်စာတမ်းများနှင့် အစဉ်ရှုပ်ပွေနေ၏။ မမြစိန်ရှင်းသလောက် သား ကိုတူးနှင့် ကိုပြူးတို့က ဖွ၏။ ကျွန်တော်က သားများကို မအော်၊ တစ်ခါတစ်ရံသာ....

‘‘မြမြရေ...၊ ဒီကဆွန်မား ဆက်မောန်ရဲ့ စာအုပ်ကြီးဘယ် ပျောက်ပြန်ပလဲ’’

အော်၍ မေးမိ၏။ ထိုအခါ တွင် သူ၏ ပိပြားပြားနေသော နှာ ခေါင်းလေးကို ရှုံ့ချည်ပွချည်လုပ် ကာ အပြစ်မဲ့သော ကလေးလေး တစ်ယောက်လို ကျွန်တော့်အပါး တွင် ရပ်နေတတ်သည်။

‘‘ကျွန်မ မသိဘူး ကိုဟိန်း’’

‘‘မိထုံကြီး...တယ်ပြီး ထုံတာ ကိုကွယ်’’

ကျွန်တော်သည် သူ့နဖူးကို လက်နှင့် မနာအောင် ထုလိုက်၏။

‘‘စာလဲ မဖတ်ဘူး။ အဖုံးနီနီ နဲ့ ညကဟာ ဒီစားပွဲပေါ် ကိုယ် ထားတဲ့ဟာ’’

‘‘ကျွန်မ အိပ်ခန်းထဲ ရှာလိုက် ဦးမယ်’’

စင်စစ်စာလည်း မဖတ်ဘူး ဟူ၍ မမြစိန်ကို ကရုဏာဒေါသောနှင့် ပြောသာပြောလိုက်ရသည်။ မြန်မာလို ငါးတန်းမျှအောင်သော မမြစိန်သည် ဆွန်မားဆက်မောန် ကို ဘယ်လိုလုပ်၍ ဖတ်တတ်ပါ မည်နည်း။

‘‘ဒါလားဟင်...ကိုဟိန်း’’

သူရှာလာသော စာအုပ်မှာ ဆွန်မားဆက်မောန်၏ စာအုပ်ဖြစ် ၏။

‘‘အေး...ဟုတ်တယ်’’

သူသည် အဖုံးနီနီနှင့် စာအုပ်ကို ကျွန်တော့်လက်ထဲထည့်၍ ‘‘ကိုဟိန်းဝတ္ထုတွေကိုတော့ ကျွန်မ ဖတ်ပါတယ်’’ဟု မျက်လုံးလေး ပေကလတ် ပေကလတ်နှင့် ပြော တတ်ပေသည်။

ကျွန်တော်သည် တနင်္ဂနွေ ဆိုလျှင် ကျွန်တော်လိုချင်သော စာအုပ်များကို မနှင်းအေးဆီလာ ၍ရှာ၏။ မနှင်းအေးစာကြည့်ခန်း တွင် အနောက်ရော၊ အရှေ့ရော စာရေးဆရာ အတော်စုံစုံ၏ စာ အုပ်များရှိ၏။ မြန်မာပညာရှိများ၏ သုတေသနစာတမ်းများလည်းရှိ၏။ မြန်မာဝတ္ထုတိုရှည်များလည်းရှိပေသည်။ မနှင်းအေးသည် အစိုးရကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးလုပ်နေသောကြောင့် တနင်္ဂနွေနေ့မှ သူနှင့် ကျွန်တော်ဆုံနိုင်ပေသည်။

လူပျို၊ အပျိုတုန်းကလိုပင် တွေ့ဆုံကြလျှင် စန္ဒရားတီးသည့် အခါလည်း တီးသည်၊ စာဖတ်ခန်း ထဲ စာအကြောင်း ပေအကြောင်း ပြောသည့်အခါလည်း ပြောပေ သည်။

မနှစ်က နွေဦးပေါက်တွင် မမြစိန်အစားပျက်လာ၏။ ကိုယ် အလေးချိန်လည်း လျော့လာ သည်။ မနှင်းအေးက ထိုအ ကြောင်းကြားကြားချင်း ဆေးရုံ တင်ဖို့ အကြံဉာဏ်ပေးပါသည်။ ကုပေးသည့် ဆေးရုံကြီးကရှိသော် လည်း အိမ်တွင်ကလေးများနှင့် ကျွန်တော့်အတွက် ကိုယ်ခွဲမရှိ ခြင်း၊ ငွေရေးကြေးရေးကလည်း အဆင်မပြေတတ်သေး၍ အချိန် အတော်နှောင်းမှပင် မမြစိန်ဆေး ရုံသို့ ရောက်ရသည်။

မိုးနှောင်းရာသီဖြစ်သော သီ တင်းကျွတ်လတွင် မမြစိန်ကွယ် လွန်ခဲ့လေသည်။ ကျွန်တော့်မိတ် ဆွေ ဒေါက်တာတစ်ယောက်ကမူ မမြစိန်တွင် စိတ်ထိခိုက်စရာတစ် ခုရှိသည်ဟု ဆိုပါသည်။ မနှင်း အေးသည် အသုဘချသောနေ့က ဆွတ်ဆွတ်ဖြူသော ပန်းခွေတစ် ခွေပို့လာသည်။

ကျွန်တော့်အတွက်တွင်မူ ကိုတူးတို့ လေးယောက်နှင့် နေရေးထိုင်ရေးမှာ ငွေရေးကြေးရေးထက်ပင် ခက်ခဲ၏။ ကျွန်တော့်အဖို့ အချစ်သက်သက်တစ်ခုတည်း သာ မဟုတ်။ ဘ၀အတွက် အလွန်အဆင်ပြေသော ဇနီးကောင်းတစ် ယောက်ဆုံးရှုံးရခြင်းပေတည်း။

စာရေးဆရာ တကယ်လွမ်း သောအခါ စာရေး၍ မရတော့ပြီ။ နှာခေါင်းပိပြားပြားနှင့် ငြိမ်သက် အေးချမ်းသော မိန်းမငယ်တစ် ယောက် ကျွန်တော့်အပါးမှာ မရှိ သောအခါ ခြောက်သွေ့ပုံမျိုး သည် ကျောင်းသင်္ခမ်း၏ ညဥ့်သန်း ခေါင်ယံနှင့်လည်း မတူ၊ မိုးသည်း သော ညဥ့်၏ သင်္ချိုင်းဇရပ်ခြောက် သွေ့ပုံမျိုးလည်းမဟုတ်။ အားလုံးသည် လေးတွဲ့ငြိမ်အိနေသည်မှာ ထုတ်ဖော်မပြောတတ်လောက် အောင်ပင် ချောက်ချားစရာ ကောင်းနေပေသည်။

ကျွန်တော့်ဝတ္ထုများထဲတွင် ဇာတ်လိုက်အမျိုးသမီးသည် ဖျတ် လတ်သွက်လက်ရုံမက သူ့အစွမ်းသတ္တိကြောင့် ချစ်သူယောက်ျား မှာ ကွေကွင်းချိန်တွင် သူ့လှုပ်ရှား မှုများသည် အသက်ဝင်လာသ ယောင်ယောင်ရေးသားဖွဲ့နွဲ့ခဲ့၏။ ခုတော့ ကျွန်တော့် အဖို့တွင် ဤ အေးစက်စက်ဇနီးလေးစွန့်ခွာ သွားကတည်းက ဘာမျှလှုပ်ရှား မလာသလို ဖြစ်နေတော့သည်။ လေတိုက်၍ သစ်ပင်များလှုပ်ရှား သည်ကပင် နှေးကွေးလေးပင်ကာ ငှက်မြည်သံများကလည်း အီတီတီလေးတွဲ့တွဲ့ဖြစ်နေပေသည်။

သားများကို ကျောင်းပို့ပြီး စာဖတ်ခန်းတွင် တစ်ယောက် တည်းထိုင်ကာ ငိုမိသည်။ အခု တစ်လလောက်တင်တော့ မမြစိန် အဒေါ်က စားရေးသောက်ရေး လာလုပ်ပေးပေသည်။ နောက်လ များတွင် ကျွန်တော်ဘယ်လိုစီစဉ် ရပါမည်နည်း။ စိတ်ညစ်ညစ်နှင့် ပက်လက်ကုလားထိုင်မှ အထ လိုက်တွင် ကုလားထိုင်သည် ဒေါက်ပြုတ်ကျသွား၏။ ကုလား ထိုင်နောက်မှ ကျွန်တော့်စာအုပ် ပုံများလည်း ပြိုကျလာသည်။

တစ်ခါက ကျွန်တော်မမြစိန် ကို ရှာခိုင်းသော ဆွန်မားဆက် မောန်၏ စာအုပ်လေးသည်လည်း ကြမ်းပေါ်သို့ စဉ်ကျလာ၏။ ကျွန် တော်သည် စာအုပ်လေးကို အသာအယာကောက်ကိုင်မိသည်။ ထို စာအုပ်ကို ကျွန်တော့်အားလှမ်း ပေးစဉ်က မျက်စိလေးပေကလတ် ပေကလတ်နှင့် သူ့မျက်နှာထား ဟန်ကို ကျွန်တော်ပြန်၍ မြင် ယောင်လာပါသည်။

‘‘မိထုံ...’’

ကျွန်တော်သည် ပါးစပ်မှ ထွက်အောင်ပြန်ခေါ်မိသည်။

‘‘မင်းကို မိထုံလို့ ခေါ်တဲ့အ တွက် ခွင့်လွှတ်ပါ မြမြရယ်’’

ကျွန်တော်စိတ်ထဲတွင် တောင်းပန်မိသည်။ စာအုပ်ကြား ထဲမှ စာရွက်ခေါက်လေးတစ်ခု တစ်ဝက်ခန့်ထွက်နေပါသည်။

ကျွန်တော်သည် ထိုစာရွက် ကို ဖွင့်ဖတ်ချိန်တွင် စိတ်ဝေဒနာ ခံစားရမှုမှာ ခုချိန်တိုင် မပြေသေး ပေ။

ကိုဟိန်း...

ဒီစာကို အချိန်ကာလဘယ် လောက်ကြာမှ ကိုဟိန်းဖတ်မယ် မသိဘူး။ ကျွန်မရေးပြီးပြီးချင်း တော့ ကိုဟိန်းလက်ထဲကို ထည့် ချင်ပေမယ့် စိတ်ထဲက မရဲဘူး။ ကိုဟိန်း ကျွန်မကို လက်ထပ်ရတာပျော်ပုံမရပါဘူး။ တကယ်တော့ ကိုဟိန်းလက်ထပ်သင့်သူဟာ မနှင်းအေးပါ။

တစ်လောက ဧည့်သည်က လိုက်ခေါ်ခိုင်းလို့ မနှင်းအေးတို့ အိမ်မှာ ကိုဟိန်းကို ကျွန်မလိုက် ခေါ်တယ်။ ကိုဟိန်းနဲ့ မနှင်းအေး စာအကြောင်း၊ ပေအကြောင်း တွေ ပြောနေလိုက်တာ အားရစရာကြီး။ ကျွန်မ မနှောင့်ယှက်ချင်တာ နဲ့ အိမ်ကို တိတ်တိတ်ဆိတ်ဆိတ် ပဲ ပြန်လာခဲ့တယ်။ ဧည့်သည်ကိုလည်း နောက်နေ့မှလာဖို့ ပြောလိုက်တယ်။

ကျွန်မကလေ... ကိုဟိန်းရေးလိုက်တဲ့ မြန်မာဝတ္ထုတွေကို တောင် တစ်ခါတစ်ခါဖတ်ရတာ သဘောမပေါက်ဘူး၊ မနည်းဖတ် ရတယ်။ ကိုဟိန်း ကျွန်မကို ‘မိထုံ..’လို့ ခေါ်သင့်ပါတယ်။ ကျွန် မဟာ မြန်မာစာတောင် မနည်း ဖတ်နေရတာပဲ။

မနှင်းအေးနဲ့သာ ညားရင် လေ၊ ကိုဟိန်းဘ၀ ပိုသာယာမှာ လို့ ကျွန်မနေ့စဉ်တွေးမိတယ်။ အဲဒီအတွေးဟာ နေ့တိုင်း နေ့တိုင်းပဲ ပေါ်လာတယ်။ ပေါ်လာတိုင်းလည်း ကျွန်မမပျော်ဘူး။

ကျွန်တော်သည် စာဖတ်ပြီး ကြီးစွာသော သက်ပြင်းကိုချမိ၏။ ရက်စွဲမပါ၊ ဘယ်တုန်းက ရေးခဲ့ မှန်းမသိသော စာကိုအခေါက် ခေါက်ဖတ်ရင်း မမြစိန်ဝေဒနာကို ကျွန်တော်နားလည်လာပါသည်။

တကယ်တော့ ကျွန်တော် သည် ရှင်းလင်းပြောပြခဲ့သင့် သည်များကို မမြစိန်အား မပြော မိခဲ့။ ကျွန်တော်၏ အမှတ်မထင် အပြုအမူများကြောင့် မမြစိန် သူ့ စာထဲတွင် ပါသည့်အတိုင်း ထင် မြင်ခြင်းမှာလည်း မမှားပေ။

စင်စစ် ကျွန်တော်လက်ထပ် သင့်သူမှာ မမြစိန်သာတည်း။ မမြ စိန်သည် ကျွန်တော်ရှာပေးသမျှ နှင့် တင်းတိမ်သည်။ သူတတ်သ လောက်အစွမ်းနှင့် မီးဖိုကိုရော၊ အိမ်ကိုရော၊ သူ့သားများကိုရော ငြိမ်းချမ်းစွာ အုပ်ချုပ်သည်။ ထို့ကြောင့် ကျွန်တော်သည် ကြောင့်ကြမှုကင်းစွာဖြင့် ဦးနှောက်အေးချမ်းကာ စာကောင်းကောင်း ရေးနိုင်ခြင်း ဖြစ်ပေသည်။ မမြစိန် သည် အသည်းနှလုံးရော၊ ခန္ဓာ ကိုယ်ရော ပုံ၍ ချစ်တတ်သော မယားတည်း။

မနှင်းအေးမှာ တော်ရှာပါ သည်။ သို့သော် ဦးနှောက်ပန်း သောအခါ အပန်းပြေဆွေးနွေး ဖလှယ်၊ ဦးနှောက်ကို အားသစ် လောင်းပေးသော မိတ်ဆွေလို ပေါင်းအပ်သည့် မိန်းမသား တည်း။

ထိုအကြောင်းကို စောစီးစွာ တွေးခေါ်မိသောကြောင့်ပင် ချစ် လှစွာသော ချစ်ဦးသူ မနှင်းအေး ကို ထားရစ်ခဲ့၍ မမြစိန်ကိုပင် ကျွန်တော့်မယားအဖြစ် ရွေးချယ် ခဲ့ခြင်း မဟုတ်ပါလော။

မနှင်းအေးနှင့် လက်ထပ်ခဲ့ ပါလျှင် သူဖွင့်ဟဆိုသည့်အတိုင်း ငရုတ်သီး၊ ကြက်သွန်အကြောင်း များကို သူစောစီးစွာ မတွေးလို ပါပေ။ သူ့အိမ်ရှင်ကို အိမ်တော် ပါအဖြစ် မီးဖိုဆောင်ကိုအပ်ရမည် မှာ သေချာသည်။ မနှင်းအေးမှာ ပစ္စည်းဘယ်လိုပင်ပါပါ ကျွန် တော်သည် ယောက်ျားမာန်ရှိသူ တည်း။ မနှင်းအေး၏ အဆင့်အ တန်းကို ကျွန်တော့်ကိုယ်ပိုင်ဝင် ငွေနှင့်သာ ကျွန်တော်ထမ်းရပေ မည်။

မနှင်းအေးသည် ကလေး ကိုယ်ဝန်ရှိလာလျှင် ကိုယ်ပိုင် ဆရာဝန်နှင့် စောင့်ရှောက်ထိန်း သိမ်း၍ တစ်နေ့တစ်ဆယ်ပေးရ သော ဒပ်ဖရင်ဆေးရုံခန်းတွင် မွေးဖွားလိုပေလိမ့်မည်။ မမြစိန်လို အရပ်ဝမ်းဆွဲနှင့် မပြီးနိုင်ပါပေ။ အစောင့်လိုသည်ဆိုလျှင် နေ့ ဆရာမ နှစ်ဆယ်၊ ညဥ့်ဆရာမ အစိတ်တာဝန်ကို ကျွန်တော်ယူရ ပါမည်။ သားတို့ ကြီးပြင်းလာပါ လျှင်လည်း ကိုတူးတို့ကိုပို့သော မြူနီစပယ်ကျောင်းကို သူလက်ခံ လိမ့်မည် မဟုတ်။ သူ့သားကို စိန် ပေါလ်သော်လည်းကောင်း၊ ဒိုင် အိုသော်လည်းကောင်း ပို့လိုသည် ဆိုလျှင် ကျွန်တော်က အလိုအ လျောက်အလိုက်သိစွာ တာဝန်ယူရမည်သာတည်း။

သည်လိုဖြစ်၍ကော မနှင်း အေးအပြစ်လားဆိုလျှင် မဟုတ် ပါပေ။ မနှင်းအေးသည် သူ့ကိုယ်ကိုယ် လျှော့မချနိုင်၍သာ ကျွန်တော်လက်ထပ်မည် တောင်းဆိုစဉ်က မျက်ရည်ရစ်ဝိုင်းကာ လိမ္မာပါးနပ် စွာ ငြင်းဆိုခဲ့ခြင်း ဖြစ်၏။ ယခု လည်း သူ့ဘ၀ကို သူရပ်တည်နိုင် အောင် သူ့ဘာသာကြိုးပမ်းနေ ရစ်ရှာသည်။

သို့သော် ကျွန်တော့်အတွက် မှာမူ ဦးနှောက်နွမ်းလျသောအခါ မနှင်းအေးထံသွားရောက်လည် ပတ်၍ အပန်းဖြေရ၏။ ထိုအပန်း ဖြေခြင်းကို မမြစိန်အထင်လွဲ သည်။ အထင်လွဲမှားမှုသည် မမြ စိန်၏ အပြစ်မဟုတ်။ ကျွန်တော် သာ စောစီးက ကျွန်တော် ‘မယား’ ရွေးချယ်ပုံကို မမြစိန်သဘော ပေါက်အောင်သာ ရှင်းလင်းပြော ပြခဲ့ပါလျှင် မမြစိန်သည် သူကိုယ့် သူအထင်ကြီးလာမည်။ ပိုမို၍ အားကိုးယုံကြည်လာပေမည်။ သူ သည် ကျွန်တော်၏ တကယ်စင် စစ်အားကိုးရာ၊ လဲလျောင်းရာ မယားဟောင်းကြီးဖြစ်ကြောင်းကို သဘောပေါက်လာမည်။

စိတ်ဝေဒနာသည်လည်း နှိပ် စက်တော့မည်မဟုတ်ပေ။ ယခုလိုအချိန်စောစီးစွာနှင့် ကျွန်တော့်ကို ခွဲခွာသွားဖို့ ရောဂါရလာမည် လည်း မဟုတ်ပါပေ။

ကျွန်တော်သည် စာတစ်ရွက်ကို အထပ်ထပ်ဖတ်ရင်း ပို၍လည်းမရ၊ စောစီးက ကျလာသော မျက် ရည်ပေါက်များလည်း ခန်းခြောက် သွား၏။ ရင်ထဲတွင်သာ ပို၍ ပူ လောင်လာသည်။ နေ၍ ထိုင်၍ မရသောအခါ မနှင်းအေးတို့အိမ် ဘက်သို့ ထွက်လာခဲ့သည်။

မနှင်းအေးဆီရောက်လျှင် သူ့ကိုမတွေ့ရ။ ဒေါ်ရှင်တစ် ယောက်တည်းသာ ရှိပေသည်။

‘‘မနှင်းအေးခရီးထွက်သွား တယ်’’ဆိုသော ဒေါ်ရှင်စာတစ် စောင်သာ ကျွန်တော့်ကို ပေးလာ သည်။

မိုးရေ...

မမြစိန်ရှိတုန်းက မိုးနဲ့ ကျွန်မဆက်ဆံနေထိုင်ပုံဟာ သင့်တော် တယ်၊ အပြစ်ကင်းတယ်လို့ ထင် တယ်။

မမြစိန်မရှိတဲ့နောက် မိုးနဲ့ မနှင်းအေးတို့ နှစ်ယောက်တည်း တွေ့ကြ၊ စကားပြောကြ၊ ဆွေး နွေးကြတာဟာ အချိန်ကြာလာရင်မကောင်းဘူးလို့ ကျွန်မထင်လို့ နယ်ပြောင်းဖို့အမိန့်ကို လက်ခံ လိုက်တယ်။

ဒေါ်ရှင်တော့ ပစ္စည်းတွေနဲ့ အတူ နောက်မှ လိုက်လာလိမ့် မယ်။

ချမ်းမြေ့ရွှင်လန်းပါစေ

မနှင်းအေး

စာဖတ်ပြီး တစ်ခဏအတွင်း တော့ ကျွန်တော်လှုပ်ရှား၍ မရပါ ပေ။ အများသဘောကို ချောချော  ကျအောင် စာရေးနိုင်သော စာရေးဆရာကြီး ယခုမှ ကျွန်တော့်အယူ အဆအား မိန်းမနှစ်ယောက်စိတ် တွင် လိပ်ပတ်လည်အောင် မဖြေ ရှင်းခဲ့၍ အထီးကျန်ပေမည်။

မနှင်းအေးတစ်ခါက ပြော သော ‘‘အထီးကျန်ခဲ့ရမှာကို ကျွန်မသိပ်ကြောက်တာပဲ။ ဒါပေမဲ့ အဲဒီ ကြောက်ရမယ့်အချိန်တွေများ လာတော့လည်း တဖြည်းဖြည်း ကြောက်ကြောက်နဲ့ နေတတ်လာ ခဲ့ရတယ်’’ဆိုသည့် စကားကို ကျွန် တော်ပြန်သတိရ၏။ ကြောက်မက်ဖွယ်ကောင်းသော တစ်ယောက် တည်းနေရသည့်ဘ၀ကို ရင်ဆိုင်ရပေဦးတော့မည်။

သို့သော် ဖျတ်ခနဲ ကျွန်တော် တစ်စုံတစ်ခုကို စဉ်းစားမိ၏။ မမြ စိန်အသက်ရှင်စဉ်က ကျွန်တော် ဦးနှောက်ပန်း၍ နွမ်းလျလာလျှင် မနှင်းအေးဆီမသွား။ အရက်ဆိုင် တစ်ခုခုကို ခြေဦးလှည့်၍ ကျွန် တော့်ဦးနှောက်ကို အရက်နှင့် ဖျန်း ဆွတ်ပါလျှင် မမြစိန်သည် မနှင်း အေးထံလာသလောက် စိတ်ထိ ခိုက်ခြင်း ပြင်းထန်ချင်မှ ပြင်းထန် ပေလိမ့်မည်။

ကျွန်တော့်အတွေး ဘယ် လောက်အထိ မှန်ပါမည်နည်း။

ဖြေဆိုမည့် မိန်းမနှစ်ဦးကား ကျွန်တော့်အပါးတွင် မရှိတော့ပါ ပေ။

(၁၉၆၃ ခုနှစ်၊ ဇွန်လထုတ် ငွေတာရီမဂ္ဂဇင်း)

Top News