မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူကို ထောင်ဒဏ် ၁၂ နှစ်ချမှတ်

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူတစ်ဦးကို အလုပ်နှင့်ထောင်ဒဏ် ၁၂နှစ်ပြစ်ဒဏ်ကျခံစေရန် အနောက်ပိုင်းခရိုင်တရားရုံးက နိုဝင်ဘာ ၁၀ ရက်တွင် အမိန့်ချမှတ်သည်။

တရားခံမင်းထိုက်အောင်ကို ၂၀၁၆ အောက်တိုဘာ ၁၀ ရက်က လသာမြို့နယ် စဥ့်အိုး တန်းလမ်းထိပ်တွင် တန်ဖိုးကျပ် ငါးသိန်းကျော်ရှိသည့် WYစိတ်ကြွ မူးယစ်ဆေးပြား ၁၅၈ ပြားနှင့် Ice ဟုယူဆရသည့် ရေခဲရောင်ပုံ ဆောင်ခဲပစ္စည်းများနှင့်အတူ မူးယစ်တပ်ဖွဲ့က ဖမ်းဆီးရမိပြီး အုပ်ချုပ်ရေးမှူးရုံး၌စစ်ဆေးစဉ် မူးယစ်ဆေးဝါးများကို တွေ့ရှိသဖြင့် ဒုရဲအုပ်တစ်ဦးက တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့သည်။

မူးယစ်ပုဒ်မဖြင့် စွဲချက်တင် ချိန်တွင် မင်းထိုက်အောင်က ၎င်းသည် လသာ စဥ့်အိုတန်းလမ်းထိပ်တွင် လူသုံးဦးနှင့် တိုက်မိခဲ့ပြီးနောက် အဖမ်းခံရကြောင်း၊ မူးယစ်ဆေးဝါးများအကြောင်းကို မသိဟုငြင်းဆိုထားကြောင်း ဒုခရိုင်တရားသူကြီးက အမိန့်ချမှတ်ရာတွင် ထည့်သွင်းပြောကြားသည်။

မူးယစ်ဆေးဝါးများသုံးစွဲရန် နှင့် ရောင်းရန်အလို့ငှာ လက်ဝယ် ထားမှု မူးယစ်ပုဒ်မ ၁၉(က)ဖြင့် တရားလိုများ တင်သွင်းသော သက်သေခိုင်လုံကာ ပြစ်မှုထင် ရှားသဖြင့် အမိန့်ချမှတ်ခြင်းဖြစ် ကြောင်း အနောက်ပိုင်းခရိုင် တရားရုံး ဒုခရိုင်တရားသူကြီး (၇)က တရားခွင်တွင် ပြောကြား သည်။