NCA လက်မှတ်ထိုးရန် မြောက်ပိုင်းအဖွဲ့များကို တရုတ်တိုက်တွန်း

မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစဉ် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ထိုးရန် တရုတ်အစိုးရ၏ အထူးကိုယ်စားလှယ်က တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန အာရှရေးရာ အထူးကိုယ် စားလှယ် မစ္စတာဆွန်ကော်ရှန်း နှင့် ‘ဝ’အဖွဲ့ (UWSA)၊ မိုင်းလား အဖွဲ့ (NDAA)၊ ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ရှမ်းအဖွဲ့ (SSPP)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်များ နိုဝင်ဘာ ၉ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့၌ နှစ်နာရီကြာ တွေ့ဆုံ စဉ် တရုတ်ကိုယ်စားလှယ်က ထို သို့ တိုက်တွန်းခဲ့ကြောင်း TNLA အထွေထွေအတွင်းရေးမှူး တာ့ ဘုန်းကျော်က ပြောသည်။

မစ္စတာ ဆွန်ကော်ရှန်းသည် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုအခြေ အနေများကို မြောက်ပိုင်းခုနစ် ဖွဲ့အား ပြန်လည်ရှင်းပြခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘နံပါတ် (၁)က NCA လက် မှတ်ထိုးဖို့ ပြောတယ်။ နံပါတ် (၂) က မြန်မာအစိုးရနဲ့ တွေ့ဆုံဖို့ ပြောတယ်၊ အဓိကကတော့။ ပြီး တော့ ၂၁ ရာစုပင်လုံညီလာခံ ကျင်းပမယ်ဆိုရင် တက်ဖို့ ကျွန် တော်တို့ကို လာပြီးတော့မှ တိုက် တွန်းတာပေါ့’’ဟု တာ့ဘုန်းကျော် က ပြောသည်။

မြောက်ပိုင်း ခုနစ်ဖွဲ့ကမူ မြောက်ပိုင်းလက်နက်ကိုင် ခုနစ် ဖွဲ့ စုပေါင်းဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) ကို အသိအမှတ်ပြု ဖိတ်ကြားပါက တရုတ်၏ တိုက်တွန်းမှုကို လက်ခံ စဉ်းစားမည်ဟု တုံ့ပြန်ခဲ့ကြောင်း ၎င်းက ဆိုသည်။

မြောက်ပိုင်း ခုနစ်ဖွဲ့သည် NCA မထိုးဘဲ နိုင်ငံရေးဆွေးနွေး မည်ဆိုသည့် မူဝါဒချမှတ်ထားရာ NCA လမ်းကြောင်းအတိုင်း ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ကို ဆောင် ရွက်နေသည့် အစိုးရ၊ တပ်မတော် တို့က မြောက်ပိုင်းခုနစ်ဖွဲ့၏ စုဖွဲ့ မှုကို လက်မခံပေ။ ထို့ကြောင့် အစိုးရနှင့် မြောက်ပိုင်းအဖွဲ့များ တွေ့ဆုံရေး တရုတ်ဘက်က အကြိမ်ကြိမ် ကြားဝင်ညှိနှိုင်းပေး သော်လည်း တွေ့ဆုံမှုမဖြစ်ဘဲ ရှိ နေသည်။

မစ္စတာ ဆွန်ကော်ရှန်းသည် ပြီးခဲ့သည့် စက်တင်ဘာနှင့် အောက်တိုဘာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် နေ ပြည်တော်၌တွေ့ဆုံ၍ မြန်မာငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ် နိုင်ငံက ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေးခဲ့ သည်။

လက်ရှိတွင် အစိုးရ၊ တပ် မတော်နှင့် ငြိမ်းချမ်းရေးကော် မရှင်မှ ကိုယ်စားလှယ်များသည် မြောက်ပိုင်းခုနစ်ဖွဲ့၌ ပါဝင်သည့် ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့နှင့် တွေ့ဆုံရန် ယင်းအဖွဲ့ အစည်းများရှိရာဒေသသို့ သွား ရောက်နေသည်။

နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ကြာမြင့်မည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့၏ ‘ဝ’နှင့်မိုင်း လား ဒေသခရီးစဉ်တွင် ဒေသဖွံ့ ဖြိုးရေးကိစ္စကို အဓိကဆွေးနွေး မည့်အပြင် ငြိမ်းချမ်းရေး လုပ် ငန်းစဉ်၌ မြောက်ပိုင်းအဖွဲ့များ ပါဝင်ရန် အစိုးရဘက်က ကြိုးစား ဆောင်ရွက်ရန် ရည်ရွယ်ထား သည်။

More in News Section

Top News