အချက်အချာကျပြီး အားသာချက်များရှိနေ၍ ပဲခူးစက်မှုဇုန်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများစွာ ဝင်ရောက်နိုင်ဟု တိုင်းဝန်ကြီးချုပ်ပြော

ထိုင်း၊ တရုတ်နှင့်အိန္ဒိယ နိုင်ငံတို့ကို ချိတ်ဆက်မည့် အာရှ လမ်းမကြီးပေါ်တွင် တည်ရှိနေပြီး လုပ်အားခဈေးချိုသည့်အခွင့်အ ရေးများရှိခြင်းကြောင့် ပဲခူးစက်မှု ဇုန်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာ ဝင်ရောက်လာနိုင်မည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောသည်။

သင်္ဘောဆိပ်၊ လေဆိပ်များ မရှိသော်လည်း အာဆီယံနှင့် တ ရုတ်၊ အိန္ဒိယနိုင်ငံတို့၏ဆုံမှတ်နေ ရာအဖြစ် အသုံးပြုနိုင်သည့် ပဲခူးတိုင်းသည် ကုန်သွယ်ရေးအတွက်လည်း အခွင့်အလမ်းကောင်းများ ရှိလာနိုင်ကြောင်း ဝန်ကြီးချုပ်က မျှော်လင့်နေသည်။

အာဆီယံနှင့် တရုတ်၊ အိန္ဒိ ယနိုင်ငံတို့နှင့်ချိတ်ဆက်နေသည့် အာရှလမ်းမကြီးသည် မြန်မာနိုင်ငံ မြဝတီမြို့မှ စတင်ပြီး ပဲခူးတိုင်းကို ဖြတ်သန်း၍ မုံရွာမြို့မှ တစ်ဆင့် အနောက်ဘက်သို့သွားလျှင် အိန္ဒိ ယနိုင်ငံနှင့် မြောက်ဘက်သို့ သွားလျှင် တရုတ်နိုင်ငံသို့ သွားသည့် လမ်းကြောင်းဖြစ်သည်။

‘‘အခွင့်အလမ်းကောင်းတွေ က အများကြီးရှိပါတယ်။ နိုင်ငံ ခြားသားတွေကိုလည်း အများကြီးဆွဲဆောင်နိုင်မယ်လို့ ထင်ပါ တယ်’’ဟု ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုဝင်ဘာ ၉ ရက် တွင် အဆိုပါစက်မှုဇုန်၌ ပြုလုပ် သော Jotun Group စက်ရုံဖွင့်ပွဲ တွင် ပြောကြားသည်။

လက်ရှိ ပဲခူးစက်မှုဇုန်တွင် နော်ဝေးနိုင်ငံမှ အိမ်သုတ်ဆေး ကုမ္ပဏီအပါအဝင် တောင်ကိုရီး ယားနှင့် တရုတ်နိုင်ငံတို့မှ အထည် ချုပ် စက်ရုံများလည်း ဖွင့်လှစ် လည်ပတ်နေကြောင်း ၎င်းက ပြောသည်။

ပဲခူးစက်မှုဇုန်သည် ရန်ကုန် -မန္တလေးလမ်းဟောင်းပေါ်တွင် တည်ရှိကာ ရန်ကုန်မြို့မှ မိုင် ၅၀ အတွင်း တည်ရှိပြီး လျှပ်စစ်မီး ထောက်ပံ့ပေးနိုင်မည့် အာမခံပေး နိုင်မှု၊ မြေဈေးနှုန်းသက်သာမှုနှင့် အလုပ်သမားများ၏လုပ်ခလစာ သက်သာမှုတို့က နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများကို ဆွဲဆောင်နိုင် ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။

ရန်ကုန်တိုင်းရှိ စက်မှုဇုန်များတွင် မြေဈေးကြီးမားမှုကနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသာမက ပြည်တွင်းလုပ်ငန်း တိုးချဲ့လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များ ပါ အခက်အခဲ ဖြစ်ရသည်ဟု လှိုင် သာယာ စက်မှုဇုန်ရှိ ထုတ်ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

‘‘ပဲခူးစက်မှုဇုန်ကို ရွေးချယ် ရတာ ကျွန်တော်တို့စက်ရုံအတွက် လိုအပ်တဲ့ အဆောက်အအုံတွေ တည်ဆောက်နိုင်တာအပါအဝင် လျှပ်စစ် ထောက်ပံ့ပေးနိုင်မယ့် အာမခံချက်တွေ ရရှိလို့ပါ’’ ဟု Jotun Group ကုမ္ပဏီအမှုဆောင် အရာရှိချုပ် မစ္စတာ Mor Ten Fon က ပြောသည်။

နော်ဝေးအခြေစိုက် Jotun Group ကုမ္ပဏီသည် ပဲခူးစက်မှု ဇုန်၌ ကျပ် ၁၄ ဘီလီယံရင်းနှီး မြှုပ်နှံပြီး သင်္ဘောသုတ်ဆေး၊ အိမ်သုတ်ဆေးအမျိုးမျိုးတို့ကို ထုတ် လုပ်ရန် နိုဝင်ဘာ ၉ ရက်တွင် စက်ရုံစတင်ဖွင့်လှစ်ခဲ့သည်။

Top News