ပူတင်နှင့် ကောင်းမွန်သည့် ဆွေးနွေးမှုမျိုး ရှိခဲ့ဟု ထရမ့် ပြောကြား

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် မိမိတို့ကြား ကောင်းမွန်သည့် ဆွေးနွေးမှုမျိုး ရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားခဲ့သည်။


ကမ္ဘာ့ထိပ်သီး အင်အားကြီး နှစ်နိုင်ငံ၏ ခေါင်းဆောင်များသည် ဗီယက်နမ်တွင် ကျင်းပသည့် အာရှ-ပစိဖိတ် ညီလာခံတွင် သီးခြား တွေ့ဆုံခဲ့သည်။ ထရမ့်နှင့် ပူတင်တို့သည် နှစ်နိုင်ငံ အရေးကိစ္စများအတွက် တရားဝင်သဘော ဆွေးနွေးမှု မရှိသော်လည်း ကဏ္ဍသုံးခုအတွက် အလွတ်သဘော ညှိနှိုင်း တိုင်ပင်ခဲ့ကြသည်။

အထူးသဖြင့် ဆီးရီးယား ပြည်တွင်းစစ် ကိစ္စနှင့် အမေရိကန် ရွေးကောက်ပွဲကို ရုရှား ဟက်ကာများက ခြယ်လှယ် နှောင့်ယှက်ခဲ့ကြောင်း စွပ်စွဲချက်များအပေါ် အဓိက ဆွေးနွေးခဲ့ကြောင်း ထရမ့်က ဆိုသည်။

“ပူတင်က ပြောပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ရွေးကောက်ပွဲကို သူလုံးဝ ဝင်စွက်ဖက်တာ မရှိခဲ့ပါဘူးတဲ့”ဟု ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။ 

ထရမ့်ကို အစဉ်တစိုက် ဝေဖန်ခဲ့သည့် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် ဂျွန်မက္ကိန်းကမူ ကေဂျီဘီ ဗိုလ်မှူးကြီးဟောင်း တစ်ဦး၏ စကားကို အမေရိကန် ထောက်လှမ်းရေး အသိုက်အဝန်းထက် ထရမ့်က ပိုမို ယုံကြည်ဟန်ရှိကြောင်း လှောင်ပြောင်ခဲ့သည်။

ထရမ့်နှင့် ပူတင်တို့သည် ဇူလိုင်လ အတွင်းက ဂျာမနီနိုင်ငံ၊ ဟမ်းဘာ့ဂ်မြို့၌ ကျင်းပသော G20 ညီလာခံတွင် နှစ်နိုင်ငံ သမ္မတများ အနေဖြင့် ပထမဆုံးအကြိမ် လူချင်း တွေ့ဆုံဖူးသည်။ ယခုတစ်ဖန် ဗီယက်နမ်တွင် ထပ်မံ တွေ့ဆုံဖြစ်သော်လည်း တရားဝင် အဆင့်ထိ နှစ်နိုင်ငံအရေး ဇောက်ချ ဆွေးနွေးမှုမျိုး လက်ရှိ အချိန်ထိ အကောင်အထည် မပေါ်သေးကြောင်းလည်း သိရသည်။

Ref: BBC

Top News