Selfie ရိုက်သူများကြောင့် အင်ဒို ပြတိုက်တစ်ခုရှိ ဟစ်တလာ ရုပ်တုကို ဖယ်ရှားခဲ့ရ

အင်ဒိုနီးရှား ပြတိုက်တစ်ခုရှိ နာဇီ အာဏာရှင်ဟောင်း အဒေါ့ဖ် ဟစ်တလာ၏ ပုံတူရုပ်တုမှာ Selfie ဓာတ်ပုံ တွဲရိုက်သူ များလွန်းသဖြင့် ပြန်လည် သိမ်းဆည်းလိုက်ရကြောင်း သိရသည်။


ဒုတိယ ကမ္ဘာစစ်အတွင်း နာမည်ဆိုးဖြင့် အလွန်ကျော်ကြားခဲ့သည့် ဂျာမန် နာဇီပါတီ အကြီးအကဲ၏ လူတစ်ကိုယ်စာ ပုံတူ ရုပ်တုကို အော့ဇ်ဝစ်ခ်ျ အကျဉ်းစခန်း ဓာတ်ပုံ နောက်ခံဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားရှိ De ARCA ရုပ်တု အနုပညာ ပြတိုက်တွင် ထားရှိ ပြသခဲ့ခြင်း ဖြစ်သည်။

သို့သော် အဆိုပါ ရုပ်တုနှင့် Selfie ရိုက်ထားသော ဓာတ်ပုံများ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာသည့်နောက် နိုင်ငံတကာတွင် ဒေါသတကြီး ဝေဖန်တုံ့ပြန်မှုများ ရှိလာရာ ပြတိုက် တာဝန်ရှိသူများက မဖြစ်မနေ ဖြုတ်ယူ သိမ်းဆည်းလိုက်ရသည်။

ပြတိုက်၏ တာဝန်ခံ မန်နေဂျာ ဂျေမီ မစ္စဘားဟ်က ၎င်းတို့သည် ပညာပေး ရည်ရွယ်ချက်ဖြင့်သာ ဟစ်တလာ ရုပ်တုကို ထားရှိခဲ့ခြင်းဟု ဖြေရှင်းခဲ့သည်။ “လူတွေ စိတ်ဆိုး ဒေါသထွက်အောင် လုပ်ဖို့ ကျွန်တော်တို့မှာ ဆန္ဒမရှိပါဘူး”ဟု ၎င်းက AFPသို့ ပြောကြားခဲ့သည်။

အင်တာနက်ပေါ် ရောက်လာသည့် ဓာတ်ပုံများထဲတွင် ဟစ်တလာ ရုပ်တုအနီး၌ နာဇီ ပုံစံဖြင့် အလေးပြုနေသည့် လူငယ်တစ်စုလည်း ပါဝင်ခဲ့ပြီး နာဇီခေတ်က ဆိုးရွားသည့် အခြေအနေများ ကြုံခဲ့သည့် နိုင်ငံများအတွက် စက်ဆုပ်စရာ ဖြစ်ခဲ့သည်။

ပြတိုက်ဘက်ကမူ ယခုရုပ်တု ထားရှိမှုနှင့် ပတ်သက်ပြီး ပြတိုက်သို့ လာရောက်လည်ပတ်သည့် ဧည့်သည်များက စောဒကတက် ကန့်ကွက်မှုမျိုး လုံးဝမရှိခဲ့ဟု ဆိုသည်။ 

သို့သော် ဟစ်တလာ ရုပ်တုနောက်တွင် ထားရှိသည့် အော့ဇ်ဝစ်ဇ် အကျဉ်းစခန်း ပုံရိပ်မှာ သေဆုံးခဲ့သူများကို လှောင်ပြောင်သကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်လာခဲ့သည်။

အော့ဇ်ဝစ်ဇ်တွင် ဒုတိယ ကမ္ဘာစစ်အတွင်း ဥရောပရောက် ဂျူးအများစုအပြင် ရောမ ဂျစ်ပ်စီများ၊ ဆိုဗီယက် သုံ့ပန်းများ အပါအဝင် လူပေါင်း ၁.၁ သန်းမျှ အသက်ဆုံးရှုံးခဲ့ရသည်။

Ref: AFP

Top News