ပေါ့သေးသေးအကောင်မှတ်လို့လား

(တစ်)

ညောင်ကန်ဆရာတော်ဘုရားကြီး ပြုစုတော်မူတဲ့ ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထုဘုတ်အုပ်ကြီးတွေကို အတွဲလိုက် အတွဲလိုက်ဆိုသလို ဂျက်ကွမ်းခြံကုန်းလှန်လှောဖတ်ရှု မိပါသဗျ။ မတွေ့ဘူး။

အဲ...နောက်တစ်ခါ ဆရာ ကြီးဦးမြင့်ဆွေ (မဟာဝိဇ္ဇာ၊ လန် ဒန်) ပြုစုထားခဲ့တဲ့ ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထုစာအုပ်ကြီးကိုလည်း လေ့လာသမှု ပြုမိချေသပေါ့။ မတွေ့ပါဘူးဗျာရယ်။

အဲ...ရှိသေးတယ်။ ဆရာ ကြီးမင်းသုဝဏ်ရေးတဲ့ ငါးရာ့ငါး ဆယ်ဇာတ်ပင်လယ်ဆိုလား။ အဲ့ သည့်ဘုတ်အုပ်ကြီး။ အဲဒါလည်း ဂျက်ကွမ်းခြံကုန်းလှန်ပြီး ဖတ်တာ ပါပဲ။ မတွေ့ပါဘူးဗျာ။

‘နုမှာ ငါးရာ၊ ရင့်မှာ တစ်ကျိပ်’တဲ့။ ငယ်နုစဉ်က ဘဝပေါင်းငါး ရာ၊ ကြီးရင့်တဲ့အခါမှာတော့ ဘဝ ပေါင်းက ဆယ်ခု။ တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ဝိ၊ ဝေဆိုတဲ့ ဇာတ်ကြီးဆယ်ဘွဲ့ ကြားဖူးကြမှာ ပေါ့။ ငယ်နုစဉ်ကတော့ ဘဝပေါင်း ငါးရာကျော်။ ပေါင်းလိုက်တော့ ငါးရာ့ငါးဆယ်။ တိတိကျကျ ပြောတော့ ငါးရာ့လေးဆယ်နဲ့ခုနစ် ဇာတ်။

အဲဒါ ဂေါတမဘုရားရှင်ရဲ့  အတိတ်က ဘဝပေါင်း အထွေ ထွေ။ အဲသည့်ဘဝပေါင်းအထွေ ထွေထဲမှာ ဂျက်ကွမ်းခြံကုန်းက လိုက်ရှာတာ။ မတွေ့။ လုံးဝ မတွေ့။

ဘုရားလောင်းဖွတ်မင်းတဲ့။ ခက်ချေလေပြီ။

(နှစ်)

ဘုရားလောင်းဆင်မင်းကို ဂျက်တို့ သိချေသပေါ့။ အငြိုးကြီးမားတဲ့ သုဘဒ္ဒါမိဖုရားက အစွယ်ဖြတ်ခိုင်းလို့ သွေးအလူးလူးနဲ့ ပစ်လဲသေသွားတဲ့ ဆဒ္ဒန်ဆိုတဲ့ ဆင်ကြီးလေ။ အဲဒါ အလောင်းတော် ဆင်မင်းပေါ့။

နောက် ဘုရားလောင်း ယုန် မင်း။ ကိုယ့်ကိုယ်ကိုယ် မီးပုံထဲ ခုန်ဆင်းပြီး သူတော်စင်ပုဂ္ဂိုလ်ကြီး ကို စားပါသောက်ပါ၊ သုံးဆောင် ပါလို့ ဆိုကာ လှူဒါန်းဆက်ကပ် တဲ့ အာဂသတ္တဝါ။ အဲဒါလည်း အလောင်းတော်ယုန်မင်းပေါ့။

သြော်...အလောင်းတော် မျောက်မင်းဘဝတွေကတော့များ ဆိုမှ များပါပေ့။ မျက်စိလည်နေ လို့ လမ်းပြပေးနေတဲ့ ကျေးဇူးတ ရားကိုမှ မထောက်ညှာဘဲ သတ် စားဖို့ ခေါင်းကို ခဲနဲ့ထုပါလျက် နည်းနည်းကလေးမှ အမျက်ဒေါ သမထွက်ဘဲ သွေးစက်ကျရာကို သာ လိုက်ခဲ့တော့ဗျာလို့ဆိုပြီး မုဆိုးငမိုက်ကို သွေးစက်တွေနဲ့ ဆက်လက်လမ်းပြပေးရှာတဲ့ ဘုရားလောင်းမျောက်မင်းတဲ့။

နောက်တစ်ခါ မျောက် နောက်လိုက်နောက်ပါတွေ ဘေး အန္တရာယ်ကင်းရာကို ရောက်ဖို့အ တွက် ကိုယ့်အမြီးကို ကိုယ် သည် မှာဘက်ကမ်းက နွယ်ကြိုးနဲ့ချည်၊ ဟိုမှာဘက်ကမ်းက သစ်ပင်ဆီကို လှမ်းခုန်ကာ သစ်ကိုင်းကို လှမ်း ဆွဲထားပြီး ငါ့အပေါ်က ဖြတ်ကျော်နင်းလျှောက်ကာ လွတ်မြောက်ရာ ဘက်ကမ်းသို့ လှမ်းကြလေ တော့လကွာလို့ ဆိုပြီး အနစ်နာခံ တဲ့ ဘုရားလောင်း မျောက်မင်း။

ဘုရားလောင်း ဒေါင်းမင်း တဲ့။ ဘုရားလောင်း ငုံးမင်းတဲ့။ သြော်...ကျင်လည်ခဲ့ရတဲ့ ဘဝ ပေါင်းများစွာ။

အဲသည့်အထဲမှာ ဂျက်ကွမ်း ခြံကုန်းလိုက်ရှာတဲ့သတ္တဝါ မပါ ဘူးခင်ဗျ။ မတွေ့ဘူး။

ဖွတ်ကျားတဲ့။ ငါးရာ့ငါး ဆယ်ထဲမှာ ဖွတ်ကျားမပါဘူး။

အခုမှ ဘယ့်နှာသို့ဖြစ်ရပြန်  လေတယ်မသိ။ နောင်အခါ ပွင့် လာမယ့် ဘုရားလောင်းက စုံနံ့သာ မြိုင်တောထဲမှာ ပေါ်နေတယ်ဆို လားဘာဆိုလား။ အဲသည့်သတ္တ ဝါက ဖွတ်ကျားကြီးတဲ့။ သူ့ကိုယ် သူ ဘုရားလောင်းပါလို့ ဥဒါန်းကျူးရင့်ထားရုံသာမက သူ့နားမှာ ဝန်း ရံခနေတဲ့ သတ္တဝါတွေကလည်း ယုံကြဆိုလား။

ဂျက်ကွမ်းခြံကုန်းစိတ်ထဲမှာ ကလိကလိနဲ့ ယားကျိကျိကြီးဖြစ် လာတာကြောင့် စုံနံ့သာမြိုင်ဘက် ကို ခြေဦးလှည့်ပြီး သူ့ကိုယ်သူ နောင်လာလတ္တံ၊ လာအံ့သော ဘုရားအလောင်းပါလို့ ဝန်ခံထားတဲ့ ဖွတ်ကျားဆိုတဲ့ သတ္တဝါကို သွားကြည့်ဖို့ ဆုံးဖြတ်ချက်ချမိ သဗျ။

သြော်...ဘယ့်နှာသို့ပါလိမ့်။

(သုံး)

မြတ်စွာဘုရား။

ဟုတ်သဗျ။ သူ့ကိုယ်သူ နောင်လာအံ့လတ္တံသော ဘုရား လောင်းပါလို့ ကြေညာထားတဲ့ ဖွတ်ကျားကြီးက လက်ခုပ်ပင်ကြီး တစ်ပင်ရဲ့ ခွကြားမှာ။ သစ်ပင်ခွ ကြားက နည်းနည်းကလေးကြီးပြီး ပင်စည်က အထစ်အထစ်ကလေး တွေဖြစ်နေတာမို့ ပလ္လင်လိုလို ဘာလိုလိုရယ်။ ခွကြားက သိပ် မနိမ့်မမြင့်။ လူ့အရပ်တစ်ပြန် လောက်တော့ ရှိမယ်ထင်ပါရဲ့။

 သစ်ပင်အောက်ခြေ တစ် ဝိုက်မှာက အုန်းပွဲ၊ ငှက်ပျောပွဲ တွေ ပြည့်နှက်လို့။ ပန်းအိုးတွေ၊ ပန်းအိုးတွေကလည်း အရောင်စုံ၊ အသွေးစုံ၊ အနံ့စုံ။ အမွှေးတိုင်အ ငွေ့တွေက တလူလူ။ ဖယောင်း တိုင်တွေက မီးအဆက်ပြတ်သွား တယ်ရယ်လို့မရှိ။ တစ်တိုင်ပြီးတစ် တိုင် မီးကူးလို့။ ငွေဖလားကြီးထဲ မှာက အလှူဒါနပြုထားတဲ့ တိရစ္ဆာန်အသပြာတွေ ဖွေးဖွေးလှုပ်။ ပုတ်သင်ညိုအကောင် နှစ်ဆယ်လောက်က ဖွတ်ကျားကြီးစံ မြန်းနေတဲ့ လက်ခုပ်ပင်ပတ်ပတ် လည်ကို ဝန်းရံကာ လုံခြုံရေးယူ လို့။

 သာလိကာဆယ်ကောင်က ဘာမှန်းမသိတဲ့ ဂါထာကို သံပြိုင် ရွတ်ဖတ်သရဇ္ဈယ်လို့။

တိရစ္ဆာန်တွေ၊ တိရစ္ဆာန်တွေ ဆိုတာ လာလာပြီးကန်တော့နေ လိုက်ကြတာ။ အမတွေက အထီးတွေထက်ပိုသပေါ့။ တဘက် ပဝါကလေးတွေ ပခုံးပေါ်တင်လို့။ တွတ်တွတ်တွတ်တွတ်ရွတ်လိုက်။ကုန်းကုန်းပြီး ဦးချလိုက်။

သြော်...ငါးရာ့ငါးဆယ်ထဲ မပါတဲ့သတ္တဝါက နောင်လာမယ့် ဘုရားလောင်းသတ္တဝါဟာ ငါပါ လို့ ဖွင့်ဟလိုက်တာနဲ့ သူ့နားမှာ တိရစ္ဆာန်တစ်သိုက်က ခြေဆုပ် လက်နယ်ဝန်းရံထားလိုက်ကြရုံနဲ့ ဖွတ်ကျားဟာ ဘုရားလောင်းပါလို့ ဆိုကာ အရိုအသေပေးကုန်ကြ လေသတဲ့။

‘‘ဆရာကြီးဂျက်...အဲ့သည့် ဖွတ်ကျားကို မအံ့သြဘူးလား’’ ဇီးကွက်ကြီးက မေးလာတာပါ။

‘‘ဟင့်အင်း...မအံ့သြဘူး’’

ဇီးကွက်က ဂျက်အဖြေကို ထူးဆန်းနေပုံရပါတယ်။

‘‘ကျုပ်က တိရစ္ဆာန်တွေကို အံ့သြတာ။ ယုံကြည်ကိုးစားလွယ် လွန်းလို့’’

အဲသည့်လို ဆက်ပြောလိုက် တော့မှ ရိပ်မိသွားပုံရပါရဲ့။ ဟုတ် တယ်လေ။ လူ့လောကနဲ့လည်း အပြိုင် တိုးတက်ချင်တယ်လို့ဆို တယ်။ ဘယ်သူ့ကို ရှိခိုးရမှန်း လည်း အခုထိ မသိသေးဘူး။ တောက ကြာဦးမှာ။    ။

(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

 

Top News