■ အားကစားသတင်းတိုများ

♦ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကမ္ဘာ့ဖလားကျင်းပမည့် ဘောလုံးကွင်းတစ်ခုတွင် ကစားသော ခြေစမ်းပွဲ၌ အာဂျင်တီးနားက အဂူရို၏ နောက်ကျဂိုးဖြင့် အိမ်ရှင်ရုရှားကို အနိုင်ရရှိသည်။

♦ စပိန်နိုင်ငံတွင် ကစားသော နိုင်ငံတကာခြေစမ်းပွဲ၌ စပိန်က ကော်စကာရီကာကို ၅-၀ ဂိုးဖြင့် အနိုင်ရရှိပြီး မန်စီးတီးကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗားက နှစ်ဂိုး၊ အင်နီယေစတာ၊ ဂျော်ဒီအယ်လ်ဘာနှင့် မိုရက်တာတို့က တစ်ဦးစီ သွင်းယူသည်။


♦ ကမ္ဘာ့ဖလားခြေစစ်ပွဲ ရှုံးထွက်ပထမအကျော့တွင် ဒိန်းမတ်ကို အဝေးကွင်း ဂိုးမရှိသရေကျပြီးနောက် ယင်းပွဲ၌ လက်စွမ်းပြခဲ့သော ဂိုးသမား ဒါရန်းရမ်ဒေါ့ဖ်ကို အိုင်ယာလန်အသင်းမန်နေဂျာ မာတင်အိုနေးလ်က ချီးကျူးပြောကြားသည်။

♦ အင်္ဂါနေ့တွင် အိမ်ကွင်း၌ ဘရာဇီးနှင့် ခြေစမ်းမည့်ပွဲအတွက် အင်္ဂလန်နည်းပြ ဆောက်သ်ဂိတ်က လူငယ်ကစားသမားသုံးဦးကို အသင်းသို့ ထပ်မံခေါ်ယူခဲ့သည်။ ဂိုးသမား အန်းဂတ်စ်ဂန်း၊ နောက်တန်းလူ လူးဝစ်ကွတ်နှင့် တိုက်စစ်မှူး ဒိုမီနစ်ဆိုလန်ကီတို့ကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယူ-၂၁ အသင်းမှ ကစားသမားများဖြစ်သည်။

♦ ဝက်စ်ဟမ်းတိုက်စစ်မှူး ဟာနန်ဒက်ဇ်သည် သောကြာနေ့က ဘယ်လ်ဂျီယံနှင့် မက္ကဆီကိုတို့ သုံးဂိုးစီ သရေကျသော ခြေစမ်းပွဲ၌ တံကောက်ကြောဒဏ်ရာရရှိခဲ့သည်ဟု မသင်္ကာဖြစ်နေပြီး ယင်းမှာ ဝက်စ်ဟမ်းနည်းပြသစ် မိုယက်စ်အကွက် ပူပန်စရာဖြစ်သည်။

♦ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီသည် ယမန်နေ့က ရုရှားကို ၁-၀ ဂိုးဖြင့် နိုင်သော ခြေစမ်းပွဲတွင် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့သော်လည်း အင်္ဂါနေ့ နိုင်ဂျီးရီးယားနှင့် ကစားမည့်ပွဲ၌ မကစားရန် ဆုံးဖြတ်ပြီး အသင်းမှ နုတ်ထွက်ကာ ဘာစီလိုနာသို့ ပြန်သွားသည်။