ကျောက်မီးသွေးစွမ်းအင် အသုံးပြုမည်ဟုဆိုရာတွင် စဉ်းစားရမည့် အချက်များ

ပြီးခဲ့သည့် ရက်ပိုင်းက ရွှေလက်သင်တန်းတစ်ခုတက်နေသဖြင့်စာမဖတ်ဖြစ်၊ စာမရေးဖြစ်ခဲ့။ ဖေ့စ်ဘွတ်ခ်ပင် သေသေချာချာမကြည့်ဖြစ်ပေ။ ကြည့်ဖြစ်တော့လည်း အမြင်မတော်သည်မျာကို ဦးဆုံး တွေ့ရသည်။ ဖေ့စ်ဘွတ်ခ်ပေါ် တွင် နာမည်ကြီးကဗျာဆရာတစ် ယောက်ကို လှောင်ပြောင်သရော် မှုများ တွေ့ရသည်။ ထိုကဗျာ ဆရာက မော်ဒန်ကဗျာအသိုင်းအ ၀ိုင်းကို စတင်စော်ကားသဖြင့် ပြန်လည်လှောင်ပြောင်ကြခြင်း ဖြစ်သည်ဟု အကြမ်းဖျင်းသိရ သည်။ နောက် ဧရာဝတီစာပေပွဲ တော် ဂယက်ကလည်း အတော် ရိုက်ခတ်နေသည်။ စာပေညီလာ ခံကိစ္စကလည်း ပွက်လောရိုက်နေ သည်။ ဖြစ်စဉ်များကို ရွှေလက် သေသေချာချာ မသိသော်လည်း စိတ်ညစ်စရာတော့ အလွန်ကောင်းလှသည်။ ထိုအခြင်းအရာအားလုံး ရွှေလက်မသိချင်ယောင်ဆောင် နေလိုက်သည်။ သို့သော် ကရင် ပြည်နယ်ကျောက်မီးသွေးနှင့်ပတ် သက်သည့် သတင်းများကို တွေ့ မြင်ကြားသိလိုက်ချိန်မှာတော့ ရွှေ လက်မသိချင်ယောင်ဆောင်နေ ၍ မရတော့ပေ။ ထို့အတွက် သည် ဆောင်းပါးကို ရေးဖြစ်ခဲ့ခြင်း ဖြစ်သည်။

 ရွှေလက်ပထမဆုံး ဖတ် လိုက်ရသည့်  သတင်းကကျောက် မီးသွေးစက်ရုံစီမံကိန်း ရပ်တန့် ရေးအတွက် ဆုတောင်းပွဲတက် ရောက်သူများ စီးလာသည့်ယာဉ် များကို လိုင်စင်မဲ့ဟုဆိုကာ သိမ်း ယူလိုက်သည့် သတင်းဖြစ်သည်။ နိုဝင်ဘာ ၇ ရက်က ဘားအံမြို့ နယ် ၀တ်ကြီးကျေးရွာအုပ်စုသုံး အိမ်ရွာတွင် ပြုလုပ်ခဲ့သည့် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းရပ်တန့်ရေး ဆုတောင်းပွဲမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လိုင်စင်မဲ့ယာဉ်များ သိမ်းဆည်းခံရခြင်းမှာ သဘာဝကျပါသည်။ သို့သော်ဆုတောင်းပွဲလာသူများ၏ ယာဉ်များကိုသာ သိမ်းဆည်းပြီး အခြားလူများ၏ လိုင်စင်မဲ့ယာဉ်များကို မသိမ်းဆည်းခြင်းမှာ သဘာဝမကျဟု ဒေသခံ များကရင်ဖွင့်ခဲ့ကြသည်။

နောက်သတင်းတစ်ပုဒ်က ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပွဲတွင် သံလွင်မြစ်ကြောင်း စောင့် ကြည့်ရေးကွန်ရက်က ကျောက် မီးသွေးဆိုးကျိုးနှင့်ပတ်သက်ပြီး ပြခန်းဖွင့်လှစ်၊ လက်ကမ်းစာ စောင်များဝေသောကြောင့် နိုဝင် ဘာ ၇ ရက်တွင် တားဆီးပိတ်သိမ်း ခံရသည့် သတင်းဖြစ်သည်။ ထို ကိစ္စနှင့်ပတ်သက်ပြီး ဘားအံမြို့ နယ် အုပ်ချုပ်ရေးဦးစီးဌာနက ပြ ခန်းများဖွင့်လှစ်ရန် သတ်မှတ် ထားသည့်နေရာတွင် မဖွင့်လှစ်ဘဲ ဆိုင်ခန်းရောင်းချသည့်နေရာတွင် ဖွင့်ထားသောကြောင့် ပိတ်သိမ်း ရခြင်းဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။ထိုကဲ့သို့ ကျောက်မီးသွေး ပညာပေးပြခန်းကို သက်ဆိုင်ရာက ပိတ်သိမ်းခဲ့သော်လည်းကျောက်မီးသွေးစက်ရုံပိုင် ကုမ္ပဏီပြခန်းကိုတော့ ပြသခွင့်ပေးထားသည်ဟု ဒေသခံများက ဝေဖန်ခဲ့ကြသည်။ အဆိုပါ သတင်းနှစ်ပုဒ်ကို ဖတ်ပြီး ရွှေလက်စိတ်ထဲ မအီမလည်ခံစားနေရသည်။ ပြည်သူ့အစိုးရလက်ထက်တွင် အာဏာရှင်ဆန်ဆန်အပြုအမူများ မြင်တွေ့ရသဖြင့် စိတ်မကောင်းဖြစ်မိသည်။ ထိုအချိန်မှာပင်နောက်ထပ် သတင်းတစ်ပုဒ် ထပ်ဖတ်ရပြန်သည်။

ထိုသတင်းထဲတွင် ကရင် ပြည်နယ်တွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည် ဆောက်ခြင်းသည် ကျောက်မီး သွေးမှ လျှပ်စစ်ဓာတ်အား ရရှိမှာ ဖြစ်သည့်အတွက် ထင်းဖြင့် ထမင်းမချက်ရသောကြောင့် ထင်းခုတ် စရာ မလိုတော့ကြောင့်၊ သစ်ပင် ခုတ်စရာ မလိုတော့ကြောင်း၊ထို့အ တွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးသား ဖြစ်သွားမည် ဖြစ်ကြောင်း ကရင်ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌက ပြောကြားထား သည်။ ထိုသတင်းကို ဖတ်ပြီးရွှေ လက် အိပ်မက်မက်နေသလားဟု တောင် ထင်မိသည်။ သတင်းအ မှားကြီးဖြစ်မှာပါဟု ဖြေလျှော့ တွေးမိသည်။ ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌတစ်ယောက်က ကျောက်မီးသွေးစက်ရုံတည် ဆောက်ခြင်းကြောင့် သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရာရောက် သည်ဟု အမှန်တကယ်ပြောခဲ့ သည်ဆိုလျှင်တော့ ...။

မြန်မာနိုင်ငံတွင် ကျောက်မီး သွေးသုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းနှင့်ပတ်သက်သော ဂယက်များသည် ဦးသိန်းစိန်အစိုး ရလက်ထက်တွင် ရိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ ကျောက်မီးသွေးစက် ရုံ ၁၁ ရုံတည်ဆောက်မည်ဟု ဦးသိန်းစိန်အစိုးရကဆိုသဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး ပညာရှင်များ၊ အဖွဲ့အစည်း များ၊ ဒေသခံပြည်သူများက ကန့် ကွက်ခဲ့ကြသည်။ ရွှေလက်လည်း ကလောင်နာမည်မျိုးစုံဖြင့် ဆောင်းပါးများရေးသားခဲ့ပါသည်။ သတင်းစာ၊ ဂျာနယ်၊ ရုပ်သံများ ကလည်း ကျောက်မီးသွေးဆန့် ကျင်ရေးသတင်းများ၊ ကျောက်မီး သွေးဆိုးကျိုးများကို ဖော်ပြခဲ့ သည်။ ထိုကဲ့သို့ ကန့်ကွက်မှုများ ကြောင့် ဦးသိန်းစိန်အစိုးရက ကျောက်မီးသွေးစီမံကိန်းများ ကို ဆက်လက်အကောင်အထည်မ ဖော်ဘဲ ရပ်တန့်ထားခဲ့သည်။ ထိုကျောက်မီးသွေးစက်ရုံစီမံ ကိန်းများသည် လက်ရှိအစိုးရလက်ထက်တွင် ဆက်လက်အကောင်အထည်ဖော်မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြန် သည်။ ပြည်သူများက ဆက်လက်ကန့်ကွက်ခဲ့သဖြင့် အကောင်အ ထည်မဖော်ဖြစ်ခဲ့ပေ။

သို့သော် မဂ္ဂါဝပ် ၁၂၈၀ ထွက်ရှိမည့် ကျောက်မီးသွေးစက် ရုံစီမံကိန်းကတော့ ကရင်ပြည် နယ်တွင် ရုပ်လုံးပေါ်လာတော့ မည်ဖြစ်သည်။ ထိုစီမံကိန်းနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ အ ဖွဲ့အစည်းများ၊ ဒေသခံပြည်သူ များက နည်းလမ်းမျိုးစုံဖြင့် ကန့် ကွက်ခဲ့သော်လည်း ကရင်ပြည် နယ်အစိုးရက လုံးဝနောက်မ ဆုတ်ခဲ့ပေ။ ၀န်ကြီးချုပ်ကိုယ်တိုင် က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရဟု အသက်ဖြင့်ရင်းပြီး အာမခံခဲ့သည်။ စီမံကိန်းကန့်ကွက်သူများကို ရန်သူအဖြစ် သတ်မှတ် ခဲ့သည်။ ထို့ကြောင့်လည်း ကရင် ပြည်နယ်တွင် ကျောက်မီးသွေး ကန့်ကွက်သူများသည် အထက်ပါ အတိုင်း နှိပ်ကွတ်ခံနေရခြင်း ဖြစ် နိုင်သည်။

တကယ်တမ်းပြောရလျှင် ကျောက်မီးသွေးစွမ်းအင်သည် အ လွန်ညစ်ညမ်းပြီး သဘာဝပတ် ၀န်းကျင်နှင့် လူမှုဘ၀ပတ်ဝန်း ကျင်အပေါ် ထိခိုက်မှုပြင်းထန်လှ သည်။ ထို့ကြောင့်ပင်ကမ္ဘာ့နိုင်ငံ များတွင် ကျောက်မီးအသုံးပြုမှု လျှော့ချနေကြသည်။ ကျောက်မီး သွေးစက်ရုံများ ပိတ်သိမ်းနေကြ သကဲ့သို့ အသစ်ဆောက်လုပ်မှုကို လည်း လက်မခံတော့ပေ။ ထိုအ ချိန်မှာမှ ရွှေလက်တို့ မြန်မာနိုင်ငံ တွင် ကျောက်မီးသွေးစက်ရုံများ တည်ဆောက်မည်ဟု ဆိုလာ သည်။ မြန်မာနိုင်ငံထက် အဆ ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်နေ သည့် နိုင်ငံများတွင်ပင်လျှင် ကျောက်မီးသွေး၏ ဆိုးကျိုးမြောက် မြားစွာကို ခံစားခဲ့ကြရသည်။  ထို့ အတွက် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုး တိုးတက်မှု အနိမ့်ဆုံး၊ အဆင်းရဲ ဆုံးနိုင်ငံတွင် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိသည့် ကျောက် မီးသွေးစက်ရုံကို မည်ကဲ့သို့တည် ဆောက်မည်နည်း။ အဖြေက တော့ ရွှေလက်ကိုဝိုင်းဆဲကြမည်။ ကျောက်မီးသွေးမသုံးရင် ဘာသုံး မလဲ၊ အမှောင်ထဲမှာပဲနေပေါ့။  လှည်းတို့၊ လှေတို့စီးနေလိုက်ပေါ့ စသဖြင့် ပြောလာကြမည်။ သည့် ထက်မက ပြောဆိုသည်များကို ပင် ကြုံဖူးပါသည်။

သည်နေရာတွင် ရွှေလက် အခိုင်အမာပြောလိုသည်မှာ ရွှေ လက်အပါအ၀င် ကျောက်မီးသွေး စက်ရုံစီမံကိန်းကို ကန့်ကွက်နေသူ များမှာ တိုင်းပြည်ဖွံ့ဖြိုတိုးတက် မှုကို မလိုလားသူများမဟုတ်ကြ ပါ။ ဘာမှမသိဘဲ မျက်စိစုံမှိတ်ပြီး အစိုးရဘာလုပ်လုပ် ကန့်ကွက်နေ သူများလည်း မဟုတ်ပါ။ တိုင်း ပြည်နှင့် လူမျိုးအတွက် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ရစေချင်သောကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် သလိုနှင့် နှစ် ၃၀ နောက်ပိုင်း ချုံးချုံးကျကျန်ခဲ့မည့် စီမံကိန်းများ ကို ကန့်ကွက်နေရခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြန်ပြည့်မြဲစွမ်း အင်ဖြင့် လျှပ်စစ်ထုတ်နိုင်သော ပညာရှင်များ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ နည်းပညာများ အခိုင်အမာရှိနေပါသည်။ ထို့ကြောင့် ကျောက်မီးသွေးသုံးမှ လျှပ်စစ်ရ မည်ဟူသော ယုံကြည်ချက်များကို ပြန်လည်စဉ်းစားသုံးသပ်ရန် လိုနေပြီ ဖြစ်သည်။

ယခုဆိုလျှင် ကျောက်မီးသွေး မသုံးဘဲ လျှပ်စစ်ရနိုင်သောနည်း လမ်းများကို ပညာရှင်များ၊ အဖွဲ့ အစည်းများ အကြိမ်ကြိမ်ဆွေး နွေးနေကြပြီ  ဖြစ်သည်။ ထိုကဲ့သို့ ဆွေးနွေးတိုင်းလည်း ရွှေလက်က လေ့လာသူအနေဖြင့် ပါဝင်ခဲ့ သည်။ ယခုလအတွင်းမှာပင် နေ ပြည်တော်တွင် ‘‘မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် လိုအပ်သော စွမ်းအင်’’အမည်ဖြင့် ဆွေးနွေးပွဲ တစ်ခုပြုလုပ်မည်ဖြစ်သည်။ နိုင်ငံ တော်အစိုးရထံ ပညာရှင်များက တိုက်ရိုက်သတင်းစကားပါးမည့် ဆွေးနွေးပွဲဖြစ်လာမည်ဟု ရွှေ လက်ယူဆမိပါသည်။ ထိုကဲ့သို့ အဘက်ဘက်က တင်ပြပြီးနောက် ပိုင်းတွင် အစိုးရအနေဖြင့် ကျောက်မီးသွေးစွမ်းအင်ကို မဖြစ်မနေ အ သုံးပြုမည်ဆိုလျှင်တော့ အောက် ပါအချက်များကို လိုက်နာဆောင် ရွက်ပါရန် တိုက်တွန်းလိုပါသည်။ ထိုအချက်များကို မြန်မာအစိမ်း ရောင်ကွန်ရက် ပညာရှင်အဖွဲ့က အကြံပြုထားခြင်း ဖြစ်သည်။

၁။ မြန်မာ့မြေပေါ်တွင် ပြည် ပမှ စွမ်းအင်အတွက် လာရောက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် ၎င်း တို့နိုင်ငံ၌ ထုတ်လုပ်ဆောင်ရွက် သည့် အဆင့်မြင့်နည်းပညာနှင့်အ တူ ခေတ်မီစက်ပစ္စည်းအသစ်များ သာ ဖြစ်သင့်ပါသည်။

၂။ စက်ပစ္စည်းများဝယ်ယူ တင်သွင်းရာတွင် နားလည်ကျွမ်း ကျင်သည့် စက်ပိုင်းဆိုင်ရာပညာ ရှင်များနှင့် စစ်ဆေးဝယ်ယူသင့် ပါသည်။

၃။ ကျောက်မီးသွေးစွမ်းအင် ဖြင့် စွမ်းအင်ထုတ်လုပ်နေသော ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံစက်ရုံ များသို့ သွားရောက်လေ့လာကြည့် ရှုကြသကဲ့သို့ ပြန်ပြည့်မြဲစွမ်းအင် (RE) နည်းပညာရပ်များကို အဓိ က ထုတ်လုပ်ဆောင်ရွက်နေသော နိုင်ငံများသို့လည်း နှိုင်းယှဉ်တွက် ချက်၍ စဉ်းစားရွေးချယ်နိုင်ရန် သွားရောက်လေ့လာရမည် ဖြစ်ပါ သည်။

၎။ မြန်မာနိုင်ငံ၏ အမျိုး သားစွမ်းအင်မူဝါဒ (National Energy Policy-NEP) ကို သုံး သပ်ပြင်ဆင်နေစဉ်ကာလတွင် နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍအ ကောင်အထည်ဖော်ရန် ချမှတ်ထားသော National Electrifica -tion Master Plan တွင်ပါဝင် သော ကျောက်မီးသွေးစွမ်းအင် (Coal) ၏ ပါဝင်မှုနှုန်းကို လျှော့ချပြီး ပြန်ပြည့်မြဲစွမ်းအင် (Rene-wable Energy) ၏ ရာခိုင်နှုန်းအချိုးကို မြှင့်တင်ရန် လိုအပ်ပါသည်။

၅။ ပြည်တွင်းစီပွားရေးစီမံ ကိန်းများအတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအင်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများကို အခြားဖြစ်နိုင်ခြေ ရှိသော သဘာဝဓာတ်ငွေ့၊ ရေ အား၊ လေအား၊ နေစွမ်းအင်များ (Generation Mix) ဖြင့်သာ အဓိ ကဦးစားပေးဆောင်ရွက်သင့်ပါ သည်။

၆။ ဘိလပ်မြေထုတ်လုပ် ခြင်းကဏ္ဍကိုလည်း အထူးသဖြင့် သဘာဝဓာတ်ငွေ့ဖြင့် ပြောင်းလဲ ၍ ပြည်တွင်းလိုအပ်ချက်အတွက် သာ ထုတ်လုပ်နိုင်ရန်စဉ်းစားသင့် ပါသည်။

၇။ ကျောက်မီးသွေးစွမ်း အင်ဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး လိုအပ်ချက်အရ အသုံးပြုလိုလျှင် ရေတိုနည်းပညာစွမ်းအင်အဖြစ် (ပါရီသဘောတူစာချုပ်အရ)နှစ်ကန့်သတ်ချက်ဖြင့်သာ ဆောင် ရွက်သွားသင့်သည်။

၈။ ကျောက်မီးသွေးစွမ်းအင် နည်းပညာအတွက် အသုံးပြု၍ စွမ်းအင်ထုတ်လုပ်မည်ဆိုပါက သုံးစွဲမည့်ကျောက်မီးသွေးသည် အနည်းဆုံး 11,000 Btu per Pound ခန့် အပူပေးနှုန်းရှိသော ကျောက်မီးသွေးအမျိုးအစား ဖြစ်ရပါမည်။

၉။ အထူးသတိပြုဆောင် ရွက်ရမည့် ကိစ္စရပ်များမှာ ဌာနေ တိုင်းရင်းသားဒေသခံများအား အ လေးထား၍ လုပ်ဆောင်မည့်စီမံ ကိန်းအကြောင်းအရာများကို ပွင့် လင်းစွာဆွေးနွေးတိုင်ပင် အ ကြောင်းကြားအသိပေးရပါမည်။

၁၀။ သို့မှသာ နိုင်ငံ၏ဖွံ့ဖြိုး ရေးအတွက် ရည်ရွယ်လုပ်ဆောင် ရာတွင် ရေရှည်ဖွံ့ဖြိုးမှုဖြစ်နိုင်၊ မဖြစ်နိုင် ဆိုသောအချက်ကို စဉ်း စားပြီး သဘာဝပတ်ဝန်းကျင်ဆိုင် ရာ ထိခိုက်မှုများ လျော့နည်းစေ ရန် (EIA, SIA, EMP) များကို အကောင်အထည်ဖော်ပြဋ္ဌာန်းရ မည် ဖြစ်ပါသည်။

ထိုအချက်များသည် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို မဖြစ်မနေတည် ဆောက်တော့မည်ဆိုပါက အစိုး ရအနေဖြင့် လိုက်နာဆောင်ရွက် သင့်သည့်အချက်များ ဖြစ်သည်။ ကရင်ပြည်နယ်တွင် တည်ဆောက် မည့် ကျောက်မီးသွေးသုံး လျှပ် စစ်ဓာတ်အားပေးစက်ရုံအတွက် ပြည်နယ်အစိုးရအနေဖြင့် အဆို ပါအချက်များကို လိုက်နာခြင်းရှိ၊ မရှိပြန်လည်သုံးသပ်ရန် လိုပါ သည်။ အထူးသဖြင့် ကရင်ပြည် နယ်အစိုးရအဖွဲ့အနေဖြင့် ပြည် သူ့အသံကိုနားထောင်ပါ။ ပညာ ရှင်များ၏ အကြံပြုချက်ကိုလေး စားပါ။ တိုင်းပြည်ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးစားပေး စဉ်းစားပါ။ ပြည်သူများ၏ လူမှု ဘ၀ပတ်ဝန်းကျင်၊ တိုင်းပြည်၏ သဘာဝပတ်ဝန်းကျင်များ ပျက် စီးပြီးမှရရှိလာသော လျှပ်စစ် ဓာတ်အားထက် ပြည်သူများ၏ လူမှုဘ၀၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုသက်သာစွာဖြင့် ရရှိလာ မည့် လျှပ်စစ်ဓာတ်အားကို ဦးစား ပေးထုတ်လုပ်နိုင်အောင် ကြိုးစား ကြပါဟု တိုက်တွန်းရေးသားလိုက် ရပါသည်။    ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News