သူငယ်ချင်းရေနစ်နေစဉ် ၀င်ကယ်ရင်း နှစ်ဦးစလုံးရေနစ်သေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီး မြို့နယ် စပ်လဲရေတံခွန်သို့ သူငယ် ချင်းများနှင့် လာရောက်အပန်းဖြေ သည့် လူငယ်နှစ်ဦး နိုဝင်ဘာ ၁၁ ရက် နံနက်တွင် ရေနစ်သေဆုံးမှုဖြစ်ပွားသည်။

သေဆုံးသူအမျိုးသားနှစ် ဦးသည် မောင်အောင်ဇင်ဖြိုး (၁၉) နှစ်နှင့်  မောင်ကောင်းထိုက်စံ  (၁၈)နှစ်တို့ဖြစ်ပြီး ၎င်းတို့သည် ထန်းတပင်မြို့နယ် ဇရပ်ကြီးမှ လာရောက်လည်ပတ်သူများဖြစ်ကြောင်းကျောက်ကြီးရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘တစ်ယောက်က ကျောက် ဆောင်တွေပေါ် လမ်းလျှောက်နေ တုန်း ခြေချော်ကျသွားတယ်။ ဒါ ကိုမြင်တော့ နောက်တစ်ယောက် က ဆင်းပြီးကယ်တာပါ။ နှစ် ယောက်စလုံးရေမကူးတတ်တော့ ရေနစ်ပြီး သေဆုံးသွားတာပါ’’ဟု ၎င်းက ပြောသည်။

အဆိုပါရေတံခွန်သည် လွန် ခဲ့သည့် နှစ်အနည်းငယ်က လူသိများကာ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်မှုများရှိလာပြီး လူငယ်အချို့ရေနစ်သေဆုံးမှုဖြစ်ပွားဖူးကြောင်း ကျောက်ကြီးမြို့နယ်နေ အမျိုးသားတစ်ဦးက ပြောသည်။

‘‘ရေတံခွန်ဆိုတော့ လူငယ် အများစုလာပြီး ပျော်ကြတယ်။ တချို့လည်း အသောက်အစား လေးတွေပါတော့ မဖြစ်သင့်တာ တွေ ဖြစ်တာပေါ့။ အခုလို ရေမကူးတတ်တဲ့သူတွေလည်း သတိထား ရမယ်’’ဟု ၎င်းက ပြောသည်။

ရေနစ်သေဆုံးသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် ကျောက်ကြီးမြို့ မြို့မရဲစခန်းက သေမှုသေခင်းဖွင့်ထားပြီး သေဆုံးသူနှစ်ဦး၏ အလောင်းကို ကျောက်ကြီးမြို့   ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ စစ်ဆေးနေသည်။