(၁၁) နှစ်အရွယ် စတုတ္ထတန်းကျောင်းသူကို အဘိုးအရင်းက အဓမ္မကျင့်မှုဖြစ်ပွား

အစ်မဖြစ်သူနှင့် လသား အရွယ် ကလေးငယ်ကို မုန့်ထွက်ဝယ်ခိုင်းပြီး နေအိမ်တွင် တစ်ဦးတည်းကျန်ရစ်သည့်  (၁၁) နှစ်အရွယ် စတုတ္ထတန်းကျောင်းသူကို အဘိုးအရင်းက အဓမ္မပြုကျင့်မှု မြ၀တီမြို့၌ ဖြစ်ပွားခဲ့သည်။

ကရင်ပြည်နယ် မြ၀တီမြို့ ကျွန်းတောအမှတ် (၃) ရပ်ကွက် တွင် နေထိုင်သည့် (၆၅) နှစ်အရွယ် ဦးပိုက်သည် နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က နေအိမ်တွင်အတူရှိနေသည့် (၁၆) နှစ်အရွယ် မိန်းကလေးနှင့် လသားအရွယ်ကလေးငယ်တို့ကို မုန့်ထွက်ဝယ်ခိုင်းကြောင်း မြ၀တီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အထက်ပါကလေးငယ်နှစ်ဦး မုန့်သွားဝယ်နေစဉ် နေအိမ်တွင် တစ်ဦးတည်းကျန်ရစ်သည့် စတုတ္ထတန်းကျောင်းသူကို  ဦးပိုက်က အဓမ္မပြုကျင့်ခဲ့ကြောင်း ၎င်းက ဆိုသည်။မုန့်ဝယ်ပြီးပြန်လာသည့် မိန်းကလေးက သားမယားပြုကျင့်နေကြောင်း တွေ့ရှိခဲ့ပြီး ဆွေမျိုးများအား ပြောပြကြောင်း အထက်ပါရဲအရာရှိက ပြောသည်။

အဓမ္မပြုကျင့်ခဲ့သည့်  ဦးပိုက်သည် ထွက်ပြေးတိမ်းရှောင်ခဲ့၍ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ  အမှတ် (၄) ရပ်ကွက် မြေနီကုန်း တွင် ဖမ်းမိခဲ့ပြီး ၎င်းကို မြ၀တီမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက် ကလည်း ဘားအံမြို့နယ် လွန်းည ကျေးရွာတွင်နေထိုင်သည့် (၁၃) နှစ်အရွယ် တတိယတန်းကျောင်းသူကို တစ်ရွာတည်းနေသည့် (၅၆) နှစ် အရွယ် ဦးမောင်မြင့်အောင်က ၎င်း၏ သမီး၊ သားတို့နှင့်အတူ အဖော်လာအိပ်ပေးရန် ခေါ် ဆောင်ခဲ့သည်။ ထို့နောက် ဦးမောင်မြင့်အောင်က တတိယတန်း ကျောင်းသူကို တစ်ညအတွင်း လေးကြိမ်အဓမ္မပြုကျင့်ခဲ့၍ အိန္ဒုနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားသည်။