ရာထူးမှ နုတ်ထွက်ထားသည့် လက်ဘနွန် ဝန်ကြီးချုပ် နေရပ်ပြန်လာမည်ဟု ပြောကြား

ရာထူးမှ နုတ်ထွက်မည်ဟု ရုတ်တရက် ကြေညာခဲ့သည့် လက်ဘနွန် ဝန်ကြီးချုပ် ဆာ့ဒ် ဟာရီရီက ၎င်းသည် ရက်ပိုင်းအတွင်း နေရပ်သို့ ပြန်မည်ဟု ပြောကြားခဲ့သည်။


ဟာရီရီသည် ဆော်ဒီအာရေးဘီးယား နိုင်ငံ၌ ရှိနေစဉ် အတောအတွင်း ၎င်း၏ ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည်။ လက်ဘနွန် အစိုးရက ဆော်ဒီ အာဏာပိုင်များသည် ဟာရီရီကို အကျပ်ကိုင် ခြိမ်းခြောက်ပြီး ယခုလို ဆုံးဖြတ်စေခဲ့ခြင်းဟု စွပ်စွဲထားသည်။

ကြေညာချက် ထုတ်ပြန်အပြီး ပထမဆုံးအကြိမ် လူမြင်ကွင်းရှေ့ ထွက်ပေါ်လာရာ၌ ဟာရီရီက ရီယတ်ဒ်မြို့ရှိ Future TVနှင့် အင်တာဗျူးခဲ့ရာတွင် အဆိုပါ စွပ်စွဲချက်မှာ မမှန်ကန်ကြောင်း ငြင်းဆိုသွားခဲ့သည်။ ၎င်းက ရာထူးမှ နုတ်ထွက်ရခြင်းသည် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ စစ်သွေးကြွများ၏ စနက်ကြောင့်ဟု စွပ်စွဲခဲ့သည်။

“ကျွန်တော် ရာထူးက နုတ်ထွက်ပြီးပါပြီ။ လက်ဘနွန်ကို သိပ်မကြာခင် ပြန်သွားမှာပါ။ အဲဒီကျရင် ရာထူးက နုတ်ထွက်မှုကို တရားဝင် လုပ်ငန်းစဉ်တွေအတိုင်း ဆက်ပြီး ဆောင်ရွက်ပါမယ်”ဟု ဟာရီရီက ဆိုသည်။ 

ဟာရီရီက အီရန် အစိုးရနှင့် ၎င်းတို့၏ မဟာမိတ် ရှီးဟိုက်မွတ်ဆလင် လက်နက်ကိုင် အဖွဲ့အစည်း ဟစ်ဇ်ဘိုလာတို့သည် လက်ဘနွန်ကို ဖျက်ဆီးရန် အားထုတ်နေကြောင်း ဝေဖန် ပြစ်တင်ခဲ့သည်။ ထို့အပြင် ဟစ်ဇ်ဘိုလာတို့ကြောင့် ၎င်းနှင့် ၎င်း၏ မိသားစု လုံခြုံရေးကို စိုးရိမ်ရသည့် အခြေအနေများ ရှိနေကြောင်းလည်း ဟာရီရီက ပြောကြားခဲ့သည်။

ဟာရီရီသည် ဆွန်နီ အစ္စလာမ် ခေါင်းဆောင်တစ်ဦးနှင့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည်။ ၎င်းသည် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာတွင် လက်ဘနွန် အစိုးရအဖွဲ့အတွင်း ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ဆော်ဒီသို့ ရောက်ရှိနေစဉ် ရာထူးမှ နုတ်ထွက်ကြောင်း ၎င်း၏ ရုတ်တရက် ကြေညာခဲ့ရာ ယင်းနှင့် ပတ်သက်၍ ဒွိဟမျိုးစုံ ထွက်ပေါ်လာခဲ့သည်။

ဟာရီရီက “ကျွန်တော့်ရဲ့ နုတ်ထွက်မှုဟာ လက်ဘနွန်အတွက် နိုးထဖို့ အချက်ပြမှုတစ်ခု ဖြစ်စေမှာပါ။ ပြည်သူတွေ တုန်လှုပ်သွားနိုင်ပေမယ့် ရေရှည်အတွက် ကောင်းကျိုးဖြစ်ဖို့ မျှော်လင့်ပါတယ်”ဟု ဆိုသည်။ ၎င်းက လက်ဘနွန်ရှိ အင်အားကြီး အုပ်စုတစ်ခုဖြစ်သော ဟစ်ဇ်ဘိုလာနှင့် ပတ်သက်၍ “ကျွန်တော်က ပါတီကို ကိုယ်စားပြုပြီး ဟစ်ဇ်ဘိုလာကို အတိုက်အခံ လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော့် တစ်ဦးတည်း အမြင်အရ ဟစ်ဇ်ဘိုလာတွေဟာ ကျွန်တော့် နိုင်ငံကို ဖျက်ဆီးနေတဲ့ ပြဿနာလို့ ယုံကြည်တာ ဖြစ်ပါတယ်”ဟု ဝေဖန် ပြောဆိုသွားသည်။

Ref: Reuters

Top News