သစ္စာစူးပါစေသား

တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားတဲ့ ပြက္ခဒိန် စာရွက်လေးကိုကြည့်ပြီး ကျွန်မရင်ထဲ စိုးရိမ်စိတ်နဲ့ တထိတ်ထိတ်ဖြစ်နေမိတာ ဒီနေ့နဲ့ပါဆို လေးရက်မြောက်သွားပါပြီ။ ဖြစ်နိုင်ရင် ပြက္ခဒိန်ထဲက နေ့စွဲကလေးတွေကို တားဆီးပစ်လိုက်ချင်ပါသည်။ စိတ်ထဲမှာနိုဝင်ဘာ ၂၂ ရက် ရောက်လာမှာကို ကြောက်နေမိပြီး ထိုနေ့ကိုရောက်လည်း ရောက်စေချင်သည်။ ရောက်လာမှာကိုလည်း စိုးရိမ်နေမိသည်။ နိုဝင်ဘာ ၂၂ ရက်မှာ ချမှတ်မည့်စီရင်ချက်တစ်ခုက မြန်မာလူငယ်လေးနှစ်ဦးရဲ့ ကံကြမ္မာကို ကောင်းကောင်းကြီး ပြောင်းလဲပစ်ကြတော့မည်လေ။

နိုဝင်ဘာ ၇ ရက်နေ့ထုတ် သတင်းစာတစ်စောင်တွင် ဖတ်ရ သည်က ထိုင်းနိုင်ငံတောင်ပိုင်းရှိ ကော့တောင်ကျွန်းဟု အမည်ရ သော လိပ်ကျွန်းတွင် ဗြိတိန်ခရီး သွားနှစ်ဦး သေဆုံးခဲ့မှုနှင့်ပတ် သက်၍ သေဒဏ်ကျခံရသူ မြန်မာနိုင်ငံသား မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့နောက်ဆုံးအ ယူခံကို နိုဝင်ဘာ ၂၂ ရက်တွင် ဘန်ကောက်မြို့ရှိ ဗဟိုတရားရုံး ချုပ် High Court က နှစ်ဖက် လျှောက်လဲချက်များကို အပြီး သတ်ကြားနာပြီး ဆုံးဖြတ်မည်တဲ့။ ၎င်းသတင်းတွင်ပင် လူသတ်မှုအ ထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဝင် အကြံပေးရှေ့နေ ဦးမျိုးသန့် က ‘‘ထိုင်းဘက်က တင်သည်ဖြစ် စေ၊ မတင်သည်ဖြစ်စေ တရားရုံး ချုပ်က ဥပဒေနှင့်အညီ နောက်ဆုံး အယူခံကို ဆုံးဖြတ်မယ်။ ကျွန် တော်က ထိုင်းမှာ အနှစ် ၂၀ နီးပါး နေလာတာ။ High Court ရုံးက တကယ့်ကို တရားမျှတတဲ့ရုံးဖြစ် လို့ ယုံကြည်တယ်။ ကလေးတွေ အနေနဲ့ သေဒဏ်အမိန့်ကျခံရတဲ့ ခိုင်လုံတဲ့ သက်သေတွေလည်းမရှိ ဘူး။ အဲဒါကြောင့် ဥပဒေအရ တရားရုံးချုပ်ကို ရောက်လာ တယ်။ ကလေးတွေအတွက် ကင်းလွတ်မယ့် နောက်ဆုံးရလဒ် ကောင်းရမယ်လို့ မျှော်လင့်တယ်’’ ဟု ပြောကြားကြောင်း ဖတ်လိုက် ရတော့ စိတ်ပူပန်မှုက ယုတ်လျော့ သွားပေမယ့် နေ့စဉ်နဲ့အမျှ ဒီအ ကြောင်းအရာကိစ္စက လွှမ်းမိုး နေရာယူလို့ နေမထိ၊ ထိုင်မထိဖြစ် နေမိတာတော့ အမှန်ပင်။

လွန်ခဲ့သော ရက်အနည်း ငယ်ကလည်း လူမှုကွန်ရက်စာ မျက်နှာမှာ ထိုင်းဘုရင်သစ်နန်း တက်သဖြင့် ဝင်းနှင့် ဇော် လွတ် ငြိမ်းချမ်းသာခွင့်ရရှိကြောင်း ဖတ် လိုက်ရတုန်းက ရုတ်တရက် ကျွန်မလည်း ပျော်သွားမိပါသေး သည်။ နောက်မှ သတင်းမှန်လား၊ သတင်းမှားလားဆိုတာကို စဉ်း စားမိသွားပြီး ပျော်နေသည့်အ ပျော်ကို ရုပ်သိမ်းလိုက်ရပါသည်။ ဘာပဲဖြစ်ဖြစ် ဝင်းနှင့်ဇော်တို့၏ သတင်းကတော့ တစ်ကမ္ဘာလုံးက အာရုံစိုက်လာကြ၊ စိတ်ဝင်စားနေ ကြတာကတော့ ငြင်းမရနိုင်ပါ။

 ဗုဒ္ဓဘာသာ၏ အလိုအရ တော့ ကံ၊ ကံ၏အကျိုးပင် ဖြစ် သည်။ မည်သူမဆို ဝဋ်ကြွေးပါလာ ရင်တော့ ပေးဆပ်ကြရမည်သာ။  မိမိပြုလုပ်ခဲ့သည့် ကံအတိုင်း မိမိ က ပြန်ခံကြရမည်ဟု အဆိုရှိပါ သည်။ ဝင်းနှင့်ဇော်တို့၏ကံတရား က ဘယ်သို့ရှိလေမည်မသိနိုင်။ ယခုတောင် သူတို့ကျူးလွန်ခဲ့သည့် အမှုမဟုတ်သည့်တိုင် အမှုရင် ဆိုင်ဖမ်းဆီးခံနေရသည်က သုံးနှစ်သို့ တိုင်ခဲ့ပါပြီ။ အမှုရုံးချိန်းပေါင်း ၅၆ ခါ ရှိခဲ့ပါပြီ။ သူတို့၏ကံတရား သည် ထူးခြားဆန်းပြားခက်ထန် လွန်းလှသည်။

ဝင်းနှင့်ဇော်တို့အကြောင်း တွေးနေမိရင်းက တိုက်တိုက်ဆိုင် ဆိုင် လူသတ်မှုတွေနှင့်ဇာတ်လမ်း ကို အစပျိုးထားသော ကိုရီးယား နန်းတွင်းဇာတ်ကားလေးတစ် ကားကို သတိရသွားပါသည်။ ညစဉ် ၇ နာရီ ၁၅ မိနစ်တွင် MNTV ချန်နယ်မှ ထုတ်လွှင့်သော ထိုနန်း တွင်းဇာတ်ကားကို ကျွန်မစိတ်ဝင်တစားနှင့်  ကြည့်နေမိသည်မှာ ယခုဆိုလျှင် ဇာတ်ကား၏အလယ် လောက်သို့ ရောက်လာပါပြီ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရ မည်ဆိုလျှင် နန်းတော်ထဲမှာ ဘုရင့်အမှုကို ထမ်းရွက်သော အထက် တန်းလွှာရာထူးကြီးကြီးရှိသူတို့ တစ်ယောက်ပြီးတစ်ယောက် လုပ်ကြံခံနေရပြီး မည်သူသတ်မှန်း မဖော်ထုတ်နိုင်ပါ။ နောက်ဆုံး နန်းတော်ထဲမှာ အလောင်းစစ်ဆေး သူအမှုထမ်း (အောက်တန်းလွှာ ကျေးကျွန်)ကို တရားခံအဖြစ် လုပ်ကြံချောက်တွန်းလိုက်ပြီး ထိုသူနှင့် သူ၏သား အပါအဝင် တပည့်တွေ ကို ဖမ်းဆီးသတ်ဖြတ်လိုက်ကြ သည်။ (၁၀)နှစ်အရွယ် သမီးလေး မှာ ထွက်ပြေးတိမ်းရှောင်ခဲ့သဖြင့် လွတ်မြောက်သွားသည်။ ဇာတ် လမ်းမှာ ထိုသမီးကလေး ဒုံယီ၏ ဇာတ်ဖြစ်သည်။ ဖခင်နှင့် အစ်ကို တို့ မတရားသဖြင့် လုပ်ကြံခံရမှု ကို ဖော်ထုတ်ချင်သဖြင့် နန်းတွင်း သို့ ကျေးကျွန်အဖြစ် ဝင်ရောက် အလုပ်လုပ်ရင်း အမှုကို ဖော်ထုတ်မည့်ဇာတ်ဖြစ်သည်။

ကျွန်မလည်း ကြည့်ကောင်း ကောင်းနှင့် ကြည့်နေမိသည်မှာ ယခုဆိုလျှင် ဇာတ်ရှိန်တော်တော် မြင့်နေပါပြီ။ ဇာတ်လမ်းတို့၏ထုံး စံအတိုင်း အဆုံးမှာတော့ ဒုံယီဆို သော ကလေးမလေးက အမှန် တရားကို ဖော်ထုတ်နိုင်ပါလိမ့် မည်။ ဇာတ်တို့၏သဘာဝအရ ဇာတ်လိုက်ကတော့ နောက်ဆုံး မှာ အနိုင်ရရှိမြဲပင်။ ဇာတ်လမ်းထဲ မှာတော့ အပြစ်မရှိသည့် အဖေ နှင့် အစ်ကိုတို့ အသက်ဆုံးရှုံးခဲ့ရ သည်။

ဝင်းနှင့်ဇော်တို့၏အဖြစ်အ ပျက်ကတော့ ဇာတ်လမ်းမဟုတ် ပါ။ မည်သည့်အတွက်ကြောင့်မှ အပြစ်မရှိဘဲ အပြစ်ဒဏ်မကျ ရောက်စေချင်ပါ။ သူတို့မှာ အပြစ်ရှိသည်ဆိုလျှင် ထိုအပြစ်မှာ ညဥ့် နက်သန်းခေါင် အပြင်ထွက်ပြီး ကမ်းခြေမှာ ဂစ်တာတီး၊ သီချင်း ဆိုသော အပြစ်သာ ဖြစ်ပါလိမ့် မည်။ ‘အသွားမတော်တစ်လှမ်း’ အပြစ်သာ ဖြစ်ပါလိမ့်မည်။

တရားကို နတ်စောင့်သည် ဟု အဆိုရှိပါသည်။ အပြစ်ရှိသူ အယောက် ၁၀၀ လွတ်ချင်လွတ်  သွားပါစေ။ အပြစ်မရှိသူ နှစ် ယောက်ကိုတော့ အပြစ်သားအ ဖြစ် အရောက်မခံနိုင်ပါ။ ‘ကတိ သစ္စာ၊ တည်သောခါဝယ်၊ သြဇာ လေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏’ ဟူ၍လည်းကောင်း၊ ‘သစ္စာနှုတ် သီး၊ မန္တန်ကြီးကား၊ သေပြီးသော်မှ၊ ရှင်ပြန်ရ၏’ ဟူ၍လည်းကောင်း သစ္စာတရား၏အစွမ်းကို ဖတ်မှတ် ဖူးပါသည်။

ကျွန်မသည် ကံ၊ ကံ၏အကျိုးကို ယုံကြည်သက်ဝင်သူ ဗုဒ္ဓဘာ သာပီပီ ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာသုံးပါးမှ တစ်ပါး တခြားအား ကိုးကွယ် ဆည်းကပ်ခြင်းမရှိပါ။ ဤမှန်ကန် သော သစ္စာစကားကြောင့် ဝင်းနှင့် ဇော်တို့ အမှန်တကယ်အပြစ်ကျူး လွန်ခြင်းမရှိခဲ့ပါက သေဒဏ်ကျ ခံရခြင်းအပြစ်မှ ကွင်းလုံးကျွတ် လွတ်မြောက်ပါစေသားဟု ဤ ဆောင်းပါးဖြင့် သစ္စာပြု ဆုတောင်းလိုက်ပါသည်။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News