နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲနှင့် အီတလီ လွဲချော်

နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် အီတလီ လက်ရွေးစင် ဘောလုံးအသင်းသည် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့် လွဲချော်သွားပြီ ဖြစ်သည်။

နောက်ဆုံးအဆင့် ခြေစစ်ပွဲစဉ်အဖြစ် ဆွီဒင်နှင့် နှစ်ကျော့ ယှဉ်ပြိုင်ရာတွင် ၁-၀ ဖြင့် အရေးနိမ့်ပြီးနောက် ကမ္ဘာ့ဖလား လေးကြိမ် ရဖူးသည့် ချန်ပီယံဟောင်းများသည် လာမည့်နှစ်၊ ရုရှားနိုင်ငံတွင် ကျင်းပမည့် ပြိုင်ပွဲကြီးတွင် ပါဝင် ယှဉ်ပြိုင်ခွင့် ဆုံးရှုံးသွားပြီ ဖြစ်သည်။ ထို့ကြောင့် ၁၉၅၈ နောက်ပိုင်း ပထမဆုံးအကြိမ် အီတလီ မပါသော ကမ္ဘာ့ဖလား ပြိုင်ပွဲကို မြင်ရတော့မည် ဖြစ်သည်။

ပထမအကျော့က ဆွီဒင်ကွင်းတွင် ၁-၀ ဖြင့် အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့ပြီးနောက် အီတလီ ကစားသမားများ အနေဖြင့် မီလန်မြို့၊ ဆန်စီရို ကွင်းကြီးရှိ အိမ်ခံပရိသတ် ရှေ့မှောက်တွင်လည်း ဂိုးပေါက် ပျောက်နေခဲ့ပြန်သည်။ ဒုတိယ အကျော့ ပွဲစဉ်တွင် အီတလီသည် ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းထိ အပြတ်အသတ် အသာစီးယူကာ ပြိုင်ဘက် ဂိုးပေါက်ကို ၂၃ ကြိမ်ထိ ခြိမ်းခြောက်ခဲ့သော်လည်း ဂိုးမသွင်းနိုင်ဘဲ သရေရလဒ်ဖြင့်သာ ပွဲပြီးခဲ့သည်။

အီတလီအသင်း ခြေစစ်ပွဲတွင် ကျဆုံးပြီးနောက် အခြားနာမည်ကြီး အသင်းဖြစ်သည့် နယ်သာလန်နည်းတူ ကမ္ဘာ့ဖလားကို ဇာတိနိုင်ငံမှသာ စောင့်ကြည့် အားပေးရတော့မည် ဖြစ်သည်။ “ကျွန်တော့် အတွက်ရော၊ အီတလီ ဘောလုံးလောက တစ်ခုလုံး အတွက်ပါ ဖြေမဆည်နိုင် ဖြစ်ရပါတယ်။ ကျွန်တော်တို့ဟာ တစ်နိုင်ငံလုံး မျှော်လင့် တန်ဖိုးထားတဲ့ အရာတစ်ခုကို လက်လွတ် ဆုံးရှုံးခဲ့ရတာပါ။ ခြေစစ်ပွဲမှာ အခုလို အဆုံးသတ်သွားတာ အရမ်း ကြေကွဲမိပါတယ်”ဟု အီတလီ ဝါရင့် ဂိုးသမားကြီး ဂီယန်လူဂီ ဘူဖွန်က ပြောကြားခဲ့သည်။ ၎င်းသည် ၂၀၁၈ ကမ္ဘာ့ဖလား အပြီးတွင် အီတလီ လက်ရွေးစင် ကစားသမား ဘဝမှ အနားယူရန် ဆုံးဖြတ်ထားရာ ယခုအခါတွင်မူ ဆွီဒင်နှင့်ပွဲသည် နိုင်ငံကို နောက်ဆုံးအကြိမ် ကိုယ်စားပြုမှု ဖြစ်သွားခဲ့သည်။

ယခုပွဲတွင် အီတလီ၏ တရစပ် ထိုးဖောက် တိုက်စစ်ဆင် ကန်သွင်းမှုများကို ဆွီဒင်ဂိုးသမား ရိုဘီအိုလ်ဆင်နှင့် ခံစစ်ကစားသမားများက ကြံ့ကြံ့ခံ ရှင်းထုတ်နိုင်ခဲ့သည်။ တစ်ဖက်တွင် ပင်နယ်တီ ဧရိယာထဲ၌ အီတလီ နောက်ခံလူများ ရှင်းရှင်းလင်းလင်း နှစ်ကြိမ်တိုင် လက်နှင့်ဘောလုံး ထိမိသော်လည်း ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ရန် ငြင်းဆိုသဖြင့် ဆွီဒင်အတွက် နစ်နာခဲ့ရသည်။

ဆွီဒင်သည် ယခုနှစ် ခြေစစ်ပွဲ ဖြတ်သန်းမှုတွင် နာမည်ကျော်များကို ဖြုတ်ချသည့် ဖျက်မြင်း ဖြစ်လာသည်။ နယ်သာလန် အသင်းသည်လည်း ခြေစစ်ပွဲ အုပ်စုအဆင့်တွင် ဆွီဒင်ကို မကျော်နိုင်သဖြင့် စောစီးစွာ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။ အီတလီသည် အထင်ကရ ပြိုင်ပွဲကြီးများတွင် ခြေစစ်ပွဲ မအောင်သည်မှာ ၁၉၉၂ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထိုစဉ်က အီတလီ အသင်းသည် ၁၉၉၂ ဥရောပ ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရဘဲ လွဲချော်သွားခဲ့သည်။

Ref: Mirror

Top News