အီရန်ငလျင်က ယခုနှစ်အတွင်း အသေအပျောက် အများဆုံး သဘာဝ ဘေးဆိုးတစ်ခု ဖြစ်လာ

အီရန်နှင့် အီရတ် နယ်စပ်တွင် လှုပ်ခတ်သွားသည့် ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်သည် ၄၀၀ ကျော်ထိ မြင့်တက်လာပြီး ယခုနှစ်အတွင်း အသေအပျောက် အများဆုံး သဘာဝ ဘေးအန္တရာယ် ကျရောက်မှု တစ်ခုအဖြစ် မှတ်တမ်းဝင်လာခဲ့သည်။

နိုဝင်ဘာ ၁၂ ရက် ညပိုင်းက နှစ်နိုင်ငံ နယ်စပ်အနီးတွင် ရစ်ခ်ျတာစကေး ၇.၂ အဆင့်ရှိ ပြင်းထန်သော ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာ အဆောက်အအုံများစွာ ထိခိုက် ပျက်စီးခဲ့သလို ဒဏ်ရာရသူ ဦးရေသည်လည်း ၇၀၀၀ ထိ ရှိခဲ့သည်။ လတ်တလောတွင် အသေအပျောက် အရေအတွက် ၄၀၀ ကျော်ထိ ရှိနေပြီး နောက်ထပ်လည်း မြင့်တက်လာမည်ဟု ယူဆရသည်။

ကယ်ဆယ်ရေး ဝန်ထမ်းများသည် အပျက်အစီးပုံများ အောက်တွင် ပိတ်မိနေသူများကို လိုက်လံရှာဖွေနေသလို ရုပ်အလောင်းများကို ဆွဲထုတ်နေရဆဲ ဖြစ်သည်။ အသေအပျောက် အများဆုံးမှာ အီရန်နိုင်ငံ အနောက်ပိုင်းရှိ ဆာပိုလ်အီ ဇာဟက်ဘ် မြို့တွင် ဖြစ်သည်။ ထို့အပြင် ကာမန်ရှား ပြည်နယ် အနှံ့အပြားတွင်လည်း သေကြေမှုများ ဖြစ်ပေါ်ခဲ့သည်။

ဆာပိုလ်အီ ဇာဟက်ဘ်ရှိ အဓိက ဆေးရုံကြီးမှာလည်း ငလျင်ကြောင့် ဆိုးရွားစွာ ထိခိုက် ပျက်စီးခဲ့ရာ ဒဏ်ရာရသူများကို ကုသရာတွင် အခက်အခဲများ ရင်ဆိုင်နေရသည်။ မြို့ထဲရှိ ပြိုကျနေသော အဆောက်အအုံ တစ်ခု၏ အောက်မှ အမျိုးသမီး တစ်ဦးနှင့် သူမ၏ ကလေးငယ်ကို အသက်ရှင်လျက် အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း အီရန် မီဒီယာများက ဖော်ပြခဲ့သည်။

ငလျင်ဘေးသင့် ဒေသများတွင် သောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အား ပြတ်လပ်မှုများ ကြုံနေရပြီး အဆောက်အအုံများ၏ ကြံ့ခိုင်မှုကို စိုးရိမ်သည့် မြို့ခံများသည် အေးမြသော ရာသီဥတုတွင် လမ်းများပေါ် နာရီပေါင်းများစွာ ထွက်ထိုင်နေခဲ့ရသည်။

“လောလောဆယ် ရွက်ဖျင်တဲတွေ အရေးတကြီး လိုနေပါတယ်”ဟု ဆာပိုလ်အီ ဇာဟက်ဘ်တွင် နေထိုင်သည့် မြို့ခံတစ်ဦးက ဆိုသည်။ ထို့အပြင် အစိုးရ၏ ကူညီထောက်ပံ့ရေး ပစ္စည်းများလည်း ရောက်မလာသေးကြောင်း ၎င်းက ဖွင့်ဟခဲ့သည်။

ကယ်ဆယ်ရေး အဖွဲ့များက လူပေါင်း ခုနစ်သောင်းခန့်အတွက် ရွက်ဖျင်တဲများ အရေးတကြီး လိုအပ်နေကြောင်း မှတ်ချက်ပေးခဲ့သည်။ ကုလသမဂ္ဂက အီရန်အစိုးရ အနေဖြင့် အကူအညီ တောင်းခံလာပါက ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့ရန် အသင့် ပြင်ဆင်ထားကြောင်း ကြေညာသည်။

အီရန်အာဏာပိုင်များက သေဆုံးသူ အရေအတွက် ၄၁၃ ဦးမျှ ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်သည်။ အီရတ်ဘက်တွင်မူ လက်ရှိ အချိန်ထိ အသေအပျောက်စာရင်း ၉ ဦးသာ ရှိသေးပြီး ၅၀၀ ဝန်းကျင် ဒဏ်ရာရခဲ့သည်။ ငလျင်၏ ဒဏ်ကို အီရန်ဘက်၌ အဓိက သက်ရောက် ခံစားခဲ့ရသည့် သဘောဖြစ်သည်။

ကျေးလက် ဧရိယာများတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ငလျင်ကြောင့် မြေပြိုပြီး လမ်းပိတ်မှုများ ဖြစ်ပေါ်နေရာ နှောင့်နှေးမှုများ ကြုံနေကြောင်းလည်း သိရှိရသည်။ ကုလသမဂ္ဂက ငလျင်ဗဟိုချက်နှင့် ကီလိုမီတာ ၁၀၀ အတောအတွင်း နေထိုင်သူ ဦးရေ ၁.၈ သန်းမျှ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ငလျင်သည် မြေအောက် ၂၃.၂ ကီလိုမီတာမျှ မြေတိမ်ပိုင်းကို ဦးတည် လှုပ်ခတ်ခဲ့ရာ မြေပေါ်တွင် ထိခိုက်မှု ပိုမိုပြင်းထန်ခဲ့သည်။

အီရန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ၂၀၀၃ ခုနှစ်ကလည်း ရစ်ခ်ျတာစကေး ၆.၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ဖူးပြီး ထိုစဉ်ကလည်း လူပေါင်း ၂၆၀၀၀ ကျော် သေဆုံးခဲ့သည်။

Ref: BBC

Top News