ဘူးလေးရာဖရုံဆင့်လာသော မောင်တောဒေသ တောင်သူများ

မောင်တောရှိ ပိုင်ရှင်မဲ့လယ်များမှ စပါးများကိုပြည်နယ်အစိုးရဦးဆောင်ကြီးကြပ်မှုဖြင့် နိုဝင်ဘာလဆန်းက စပါးရိတ်သိမ်းခြွေလှေ့စက် အသုံးပြု၍ ရိတ်သိမ်းခဲ့သည်။ ယခုနိုဝင်ဘာ ၁၄ ရက်ထိ ဧက ရှစ်ရာကျော်ရိတ်သိမ်းထားသည်။ (ဓာတ်ပုံ − မောင်ကံ)

ရွှေဝါရောင် သန်းနေသော  စပါးခင်းများပေါ်တွင် ယခင်က တံစဉ်ကိုယ်စီကိုင်ကာ ချွေးတလုံးလုံးဖြင့် စပါးရိတ်နေသူများကို ယခင်က သည်လိုအချိန်တွင် ပုံမှန်မြင်တွေ့နေကျ ဖြစ်သည်။ သို့သော် ယခုနှစ်မိုးစပါးရိတ်ရာသီတွင်တော့ ၎င်းတို့ကို မတွေ့ရတော့ပေ။

 တံစဉ်ကိုင်တောင်သူများ အစား မြင်းကောင်ရေ ခုနစ်ဆယ် ပါဝါရှိ ရိတ်သိမ်းခြွေလှေ့စက်ကြီး များဖြင့် စပါးရိတ်သိမ်းနေသည် ကို တွေ့နေရသည်။

စပါးရိတ်သိမ်းသူများအစား စက်ကြီးများဖြင့် ရိတ်သိမ်းခြွေ လှေ့နေသည်မှာ မိုးအကုန်ဆောင်းအကူးရိတ်သိမ်းချိန်တန်နေပြီဖြစ် သော မောင်တောမြို့နယ် မြို့သူ ကြီးရပ်ကွက်ရှိ စံပြမိုးစပါးစိုက် ခင်းကို အောက်တိုဘာလကုန်ပိုင်း က တွေ့ရသည့်မြင်ကွင်းဖြစ်သည်။

မောင်တောမြို့နယ်ရှိ မိုး စပါးစိုက်ဧက၏ ၉၀ ရာခိုင်နှုန်း သည် ပိုင်ရှင်မဲ့ဖြစ်နေပြီး ရိတ်သိမ်းချိန်မလွန်မီ အစိုးရအဖွဲ့က စနစ် တကျသိမ်းဆည်းနိုင်ရေးစီစဉ်နေ ခြင်း ဖြစ်သည်။

စပါးရိတ်သိမ်းခြင်းလုပ်ငန်း သည် စပါးစိုက်တောင်သူများ၏ လုပ်ရိုးလုပ်စဉ်အလုပ်ဖြစ်သော် လည်း ယခုနှစ်တွင် အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပွားခဲ့၍ နယ် စပ်မောင်တောဒေသ၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ ထိ ခိုက်မှုများရှိပြီး တောင်သူများအ ခက်အခဲတွေ့ခဲ့ရသည်။

ထိခိုက်ခဲ့သည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ထပ်မံဆုံးရှုံးမှု မရှိစေရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ထိန်းသိမ်းပေးနေသော်လည်း အခက်အခဲများကတော့ ရှိနေဆဲဖြစ်ကြောင်းတောင် သူများက ဆိုပါသည်။

ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်က မောင်တောခရိုင်ရှိ နယ်ခြားစောင့်ရဲစခန်း ၃၀ ကျော်နှင့် တပ်စခန်းတစ်ခုကို ARSA အကြမ်းဖက်အဖွဲ့က စီးနင်းတိုက်ခိုက်မှုကြောင့် အိုးအိမ်၊ လယ်ယာမြေများကို စွန့်ခွာသွားခဲ့သူများ၏ စပါးစိုက်ဧက ခြောက်သောင်း ကျော်သည် ပိုင်ရှင်မဲ့ဖြစ်ခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ပြဿနာဖြစ်ပွားပြီးချိန်နှင့် ယင်း နောက်ပိုင်းအကြမ်းဖက်မှုပြဿ နာများကြောင့် မောင်တောနယ် စပ်ဒေသတွင် ရခိုင်နှင့် ဘင်္ဂါလီ များအကြား ယုံကြည်မှုအားနည်း လာကာ လုပ်သားရှားပါးမှု ပြဿ နာ ကြီးထွားလာသည်။

မောင်တောနယ်စပ်ဒေသရှိ လယ်ယာမြေများအနက် ၉၀ ရာ ခိုင်နှုန်းသည် ဘင်္ဂါလီများလုပ် ကိုင်စားသောက်နေသော လယ် မြေများဖြစ်ပြီး လယ်ယာလုပ်ငန်း အတွက် အခြေခံအလုပ်သမားအ များစုသည်လည်း ဘင်္ဂါလီများဖြစ် နေသည်။

‘‘ရခိုင်တောင်သူတွေက လယ်ယာလုပ်သားအဖြစ် ဘင်္ဂါလီတွေ ကို နှစ်တွက်ငှားပြီး အသုံးပြုကြ သလို စပါးစိုက်ချိန်နဲ့ ရိတ်သိမ်း ချိန်တွေမှာ ရက်အလိုက်ငှားရမ်း အသုံးပြုခဲ့ကြတယ်။ ပြဿနာတွေဖြစ်ပြီးနောက်မှာ ဘင်္ဂါလီတွေကို ငှားရမ်းဖို့က စိုးရိမ်စရာတွေဖြစ် လာတယ်။ ဘာကြောင့်ဆို သူတို့ အပေါ် ယုံကြည်မှုအားနည်းလာ တဲ့အတွက် ဖြစ်ပါတယ်’’ဟု တောင်သူ ဦးထွန်းစိန်မောင်က ဆက်လက် ပြောကြားသည်။

တိုင်းရင်းသားလယ်သမား များထံ၌ အလုပ်လုပ်ကိုင်နေ သည့် ဘင်္ဂါလီအလုပ်သမားအ များစုကိုလည်း ၎င်းတို့၏ မော်လ၀ီဆရာများက လယ်ယာလုပ် ငန်းများမလုပ်ကိုင်ကြရန် တားမြစ်မှုများရှိနေသည်ဟု တောင်သူ ဦးရွှေမောင်က ပြောသည်။

‘‘လယ်လုပ်တဲ့ ဘင်္ဂါလီတွေ ကို တိုင်းရင်းသားလယ်တွေမှာ သွားမလုပ်ဖို့ ဗလီဆရာတွေက တားမြစ်လာတယ်။ သွားလုပ်ရင် သူတို့ကို အပြစ်ပေးမယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိနေတယ်’’ဟု ဘင်္ဂါလီအလုပ်သမားများ၏ ပြော ကြားချက်ကို ဦးရွှေမောင်က ပြန် လည်ပြောပြသည်။

အလုပ်သမားရှားပါးမှုကြုံ တွေ့နေရသည့် တောင်သူများအ တွက် ပြဿနာဖြေရှင်းရန် လယ် ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာအသုံးပြုနိုင်ခြင်းမရှိသေးပေ။

 တောင်သူ အများစုသည် လယ်ယာသုံးစက်ကိရိယာဝယ်ယူရန် ငွေကြေးမတတ်နိုင်သလို စက်ကိရိယာများကို ကျွမ်းကျင်စွာအသုံးမပြုတတ်ကြောင်း တောင်သူအများစုက ပြောသည်။

ယခင်က စပါးကြိတ်ရာတွင် ကြိတ်ဆုံကိုသာအသုံးပြုခဲ့ကြ သော တောင်သူအများစုသည် ယခုအခါ ရိတ်သိမ်းပြီးသော စပါး များကို ကြိတ်ခွဲရန် တစ်နိုင်တစ် ပိုင်စပါးကြိတ်ခွဲစက် (ဟာလာစက်)များကို အသုံးပြုလာပြီ ဖြစ်သော်လည်း ယင်းဟာလာစက်များအသုံးပြုမှုသည် ထင်သ လောက်တွင်ကျယ်ခြင်းမရှိသေးပေ။

မောင်တောမြို့နယ်တွင် ပြီးခဲ့သည့် မိုးစပါးစိုက်ရာသီက ဧက စုစုပေါင်း ခုနစ်သောင်းလေး ထောင်ကျော်ကို စိုက်ပျိုးခဲ့ကြ သည်။ ယင်းတို့အနက် ဧက ခြောက်သောင်းကျော်သည် ရိတ် သိမ်းမည့်သူမရှိဘဲ ပိုင်ရှင်မဲ့ဖြစ် လာသည်။ မောင်တောမြို့နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် သောင်းချီသောလူများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရပြီး ရိတ်သိမ်းချိန်တန်နေပြီဖြစ်သော တောင်ယာစပါးများကို မရိတ်သိမ်းလိုက်ရဘဲ ဆုံးရှုံးခဲ့ရသည်ဟု ကိုင်းကြီး (မြို) ရွာနေ တောင်သူ ဦးစံထွန်းက ပြောကြား သည်။

‘‘အကြမ်းဖက်လုပ်ရပ်တွေ ဆက်မဖြစ်ဖို့ဘဲ ဆုတောင်းပါ တယ်။ လူတွေတော်တော်ဒုက္ခ ရောက်ပါတယ်။ အဓိကအခြေခံ လုပ်သားလိုအပ်ချက်ရှိပါတယ်။ ဒီအတိုင်းဆို စပါးစိုက်တောင်သူ တွေလည်း လယ်ယာလုပ်ငန်းကို စွန့်လွှတ်ရမယ့် သဘောဖြစ်နေပါ ပြီ’’ဟု ရွက်ညိုတောင်ကျေးရွာမှ တောင်သူ ဦးထွန်းစိန်မောင်က ပြောသည်။

အခက်အခဲများနှင့် စိန်ခေါ် မှုများပြားပါက လာမည့် မိုးစပါးစိုက်ရာသီတွင် စပါးမစိုက်ရန် ဆုံးဖြတ်ထားသည်ဟု သာယာ ကုန်းကျေးရွာနေ တောင်သူ ဦးဗေ လုဝက ဆိုသည်။

‘‘စိန်ခေါ်မှုတွေက လျော့မ လာဘဲ တိုးလာတယ်။ လုပ်သား ရှားတာ၊ လုံခြုံရေးစိတ်မချရတာ တွေပါ။ တခြားအလုပ်တစ်ခု ပြောင်းလုပ်ဖို့ စိတ်ကူးပေမယ့် လယ်ယာလုပ်ငန်းက မိရိုးဖလာ လုပ်ကိုင်လာရတာဆိုတော့ စွန့်ဖို့ ခက်တယ်’’ဟု ဦးဗေလုဝက ပြော သည်။

 ပိုင်ရှင်မဲ့ စပါးခင်းများကို ပြည်နယ်အစိုးရအဖွဲ့အစီအစဉ် ဖြင့် ရိတ်သိမ်းပေးနေသော်လည်း ပိုင်ရှင်ရှိ စပါးခင်းများတွင် ရိတ် သိမ်းရေးအတွက် လုပ်သားအ ခက်အခဲရှိနေဆဲ ဖြစ်သည်။ မောင်တောမြို့နယ်တွင် အခြေခံလုပ် သားရှားပါးမှုသည် ပြီးခဲ့သည့် ၂၀၁၆ အောက်တိုဘာ ၉ ရက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား သည့်အချိန်ကစ၍ ကြုံတွေ့လာခြင်းဖြစ်သော်လည်း လက်ရှိအ ခြေအနေကဲ့သို့ ဆိုးရွားခြင်းမရှိခဲ့ ပေ။

သို့သော် သြဂုတ် ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုပ်သားရှားပါးမှုကို ပိုမိုကြုံတွေ့ ခဲ့ရပြီး လုပ်သားရှားပါးမှု ပိုဆိုးလာကြောင်း ဒေသခံတောင်သူများက ဆိုသည်။

‘‘လယ်သမားတွေလည်း စပါးစိုက်ချိန်မှာလည်း လုပ်သား အခက်အခဲကြုံရတယ်။ အခုစပါး ရိတ်ချိန်မှာလည်း လုပ်သားအ ခက်အခဲကြုံနေရပါတယ်’’ဟု ဦး ထွန်းစိန်မောင်က ပြောသည်။

ယင်းသို့ ပိုင်ရှင်ရှိသော် လည်း စပါးရိတ်ရန် လုပ်သားအ ခက်အခဲဖြစ်နေခြင်းကို လူမှုကူညီ ရေးလုပ်ငန်းများ ဆောင်ရွက်ပေး နေသည့် အဖွဲ့အစည်းအချို့က ကူညီဆောင်ရွက်ပေးနေသည်ဟု လူမှုကူညီရေးအဖွဲ့အချို့က ပြော သည်။

မောင်တောခရိုင်အပါအ၀င် ရခိုင်ပြည်နယ်ရှိ စပါးစိုက်တောင် သူများသည် အကြမ်းဖက်မှုဘေးသာမက သဘာဝဘေးဒဏ်ကြောင့်လည်း လယ်ယာလုပ်ငန်း ထိခိုက်ခဲ့သည့်ဖြစ်စဉ်များ ယခင်ကလည်းရှိခဲ့သည်။

 ပြီးခဲ့သည့် ၂၀၁၅ နှင့် ၂၀၁၆ မိုးကာလစပါး စိုက်ပျိုးပြီးချိန်တွင် ရေကြီးနစ်မြုပ်မှုကြောင့် သိန်းချီသော စပါးခင်းများ ပျက်စီးဆုံးရှုံးခဲ့ရပြီး သိုလှောင်ထားသည့် ၀မ်းစာစပါးများပျက်စီး ဆုံးရှုံးခဲ့ရသည်။ အဓိကခံစားခဲ့ရသည့် မြို့နယ်များသည် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များ ဖြစ်သည်။

 ယင်းသို့ ဘေးဒဏ်အမျိုးမျိုးကြုံတွေ့နေရသည့် ရခိုင်တောင်သူများက ၎င်းတို့၏ လယ်ယာလုပ်ငန်းအပေါ် စိတ်ကုန်လာကြသည်ဟု ငွေတောင်ကျေးရွာနေ တောင်သူ ဦးရွှေမောင်က ပြောသည်။သို့သော် လယ်ယာလုပ်ငန်း အပေါ် စိတ်ကုန်လာသော်လည်း အခြားရွေးချယ်လုပ်ကိုင်ရန် အ လုပ်အကိုင်မရှိဖြစ်နေသည့် ရခိုင် ပြည်နယ်တွင် အခက်အခဲများနှင့် တွဲ၍ လယ်ယာလုပ်ငန်းလုပ်ကိုင် နေရဆဲဖြစ်ကြောင်း ဦးရွှေမောင်က ဆိုပါသည်။

တောင်သူများ၏ အခက်အ ခဲများနှင့် စိန်ခေါ်မှုများသည် အုပ် ချုပ်သူအစိုးရအတွက်လည်း စိန် ခေါ်မှုတစ်ရပ်ဖြစ်နေသည်။ ယင်း စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ဒေသတည်ငြိမ်ရေးနှင့် ဒေသခံများပူးပေါင်း ဆောင်ရွက်ရေးသည် အဓိက အရေးကြီးနေသည်။

လက်ရှိအချိန်တွင် ပိုင်ရှင်မဲ့ စပါးများကို ပြည်နယ်အစိုးရက ကြီး ကြပ်၍ စပါးရိတ်သိမ်းခြွေလှေ့ ခြင်း၊ ထုပ်ပိုးခြင်းနှင့် ပြောင်းရွှေ့ သိုလှောင်ခြင်းလုပ်ငန်းကို စက်မှု လယ်ယာဦးစီးဌာနနှင့် စိုက်ပျိုး ရေးဦးစီးဌာနမှ တာဝန်ရှိသူများ က အနီးကပ်ဆောင်ရွက်ပေးနေ သည်။

‘‘မောင်တောမြို့နယ်မှာ ကူ ဘိုတာဒီစီ ၁၇ ဂျီလို့ခေါ်တဲ့ မြင်း ကောင်ရေ ၇၀ ရှိ စက်ကြီး ၃၂ စီး နဲ့ ဒီနှစ်မိုးစပါးတွေကို ရိတ်သိမ်း ပေးမှာ ဖြစ်ပါတယ်။ စိုက်ဧက ခုနစ်သောင်းကျော်မှာ ကျွန်တော် တို့ ရိတ်သိမ်းဖို့ လျာထားတာက တော့ ဧက လေးသောင်းငါးထောင်ကျော်ဖြစ်ပါတယ်’’ဟု ရခိုင်ပြည် နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးတင်မောင်ကြည်က ပြောကြားသည်။

ပိုင်ရှင်မဲ့စပါးရိတ်သိမ်းခြင်း ကို အောက်တိုဘာလကုန်ပိုင်းမှ ဒီဇင်ဘာလအထိ ရိတ်သိမ်းပေး မည်ဖြစ်ပြီး လိုအပ်ပါက ဇန်န၀ါရီအထိ ရိတ်သိမ်းမည်ဟု ဦးတင်မောင်ကြည်က ပြောသည်။

 ယင်းနောက် လာမည့်မိုး စပါးပြန်စိုက်သည့် အချိန်တွင် လည်း စက်မှုလယ်ယာဦးစီးဌာန အနေဖြင့် ထွန်ယက်ရေးလုပ်ငန်း ကို ဆက်လက်ဆောင်ရွက်မည်ဟု ဆိုသည်။

‘‘ပြန်စိုက်တဲ့အချိန်မှာ ကျွန် တော်တို့ စက်မှုလယ်ယာက ထွန် ယက်ရေးတာဝန်ကို အဓိကယူပါ တယ်။ ကျန်တဲ့ မျိုးစပါးတို့၊ ဓာတ်မြေသြဇာတို့ကတော့ စိုက်ပျိုးရေး ဦးစီးဌာနက စီစဉ်ဆောင်ရွက်ပေး ပါမယ်။ ထွန်ယက်ရေးအတွက် အရင်နှစ်တွေကလည်း ရွာတွေမှာ ပြည်နယ်အစိုးရအစီအစဉ်၊ ဌာန အစီအစဉ်နဲ့ လက်တွန်းထွန်စက် တွေ အခမဲ့ဖြန့်ဝေပေးထား ပါ တယ်’’ဟု ဦးတင်မောင်ကြည်က ဆက်လက်ပြောကြားသည်။

မောင်တောဒေသတွင် ရိတ် သိမ်းနေပြီဖြစ်သော ပိုင်ရှင်မဲ့စပါး များကို ရောင်းချကာရရှိလာသည့် ငွေကြေးများကို ဘဏ်စာရင်းဖွင့် လှစ်သိမ်းဆည်းထားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပုက ပြောသည်။

‘‘နိုင်ငံတော်အတိုင်ပင်ခံရုံး က ညွှန်ကြားထားတာက ရိတ် သိမ်းလို့ရလာတဲ့ စပါးတွေကို သိုလှောင်ထားတာထက် တစ်ခါ တည်းရောင်းချပြီး ရရှိလာတဲ့ ငွေ ကို ဘဏ်မှာ စာရင်းတစ်ခုဖွင့်ပြီး ထားရှိဖို့ ညွှန်ကြားထားပါတယ်’’ ဟု ၀န်ကြီးချုပ်က နိုဝင်ဘာ ၁၀ ရက်တွင် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။ လက်ရှိတွင် ရိတ်သိမ်း စပါးများကို ရောင်းချနိုင်ရန် ကုမ္ပဏီတစ်ခုနှင့် ညှိနှိုင်းနေသည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

ဝန်ကြီးချုပ်က ယင်းသို့ပြော ကြားပြီးနောက် နိုဝင်ဘာ ၁၁ ရက် တွင် မောင်တောဒေသရှိ ပိုင်ရှင်မဲ့ လယ်များကို အစိုးရက ရိတ်သိမ်း ပြီး စပါးတစ်တင်းလျှင် ကန်ဒေါ်လာ ၂ဒသမ၆၅ (ကျပ် ၃,၆၀၀ ကျော်)ဖြင့် ရောင်းချပေးနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စပါးရောင်းချပြီး ရရှိသည့် ငွေကြေးကို ဘဏ်တွင် ငွေစာရင်း ဖွင့်ကာ သိမ်းဆည်းထားပြီး မည် သို့ပြန်လည်သုံးစွဲမည်ကို အစိုးရ အဖွဲ့အတွင်း ဆက်လက်ညှိနှိုင်း မည်ဟု ၎င်းက ပြောသည်။

စပါးစိုက်ပျိုးထားသည့် လယ်မြေများကို အစိုးရအနေဖြင့် ရိတ် သိမ်းနိုင်သော်လည်း စပါးများ သိမ်းဆည်းရန် သိုလှောင်ရုံမရှိသ ဖြင့် ပုဂ္ဂလိကကုန်သည်လုပ်ငန်း ရှင်များနှင့် ပူးပေါင်းဆောင်ရွက် နေရသည်။

မောင်တောဒေသတွင် မိုး စပါးများရင့်မှည့်ရိတ်သိမ်းချိန် ရောက်ရှိနေသော်လည်း ပိုင်ရှင် မရှိခြင်း၊ ပိုင်ရှင်ရှိသည့် လယ်ယာ များတွင်လည်း လယ်ယာလုပ် သားမရှိခြင်းစသည့် ပြဿနာများ ကြောင့် လေလွင့်ဆုံးရှုံးမှုများမ ဖြစ်ပွားစေရန် မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်ကလည်း ကူညီ ဖြေရှင်းပေးနေသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင် ရွက်နေသည့် ရခိုင်ပြည်နယ်အ တွင်း လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ပေးရေး၊ ပြန် လည်နေရာချထားပေးရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းကို တစ်တပ်တစ် အားပူးပေါင်းပါဝင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆန်စပါးအသင်းချုပ်အနေ ဖြင့် ဦးစားပေးလုပ်ငန်းစဉ်သုံးရပ် ချမှတ်ထားပြီး လုပ်ငန်းစဉ်နံပါတ် (၁) အနေဖြင့် ရင့်မှည့်စပါးများ လေလွင့်ဆုံးရှုံးမှုမရှိအောင် အချိန်မီရိတ်သိမ်းပေးခြင်းနှင့် ရိတ်သိမ်း ခြွေလှေ့ပြီးသည့် စပါးများကို ကော်မတီအဖွဲ့ဖြင့် ဈေးနှုန်းတစ်ခုသတ်မှတ်ဝယ်ယူပေးခြင်း၊ သို လှောင်ရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့က သိုလှောင်ရုံများကို ညှိနှိုင်းဆောင် ရွက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက် နေသည်ဟု ဆိုသည်။

လုပ်ငန်းစဉ် (၂)အရ ပြန် လည်စိုက်ပျိုးရေးမျိုးစပါး၊ လယ်ယာသုံးစက်ကိရိယာများပေးပို့မည်ဖြစ်ပြီး လုပ်ငန်းစဉ် (၃) တွင် ဒေသနှင့် ကိုက်ညီသည့် မျိုးစေ့များ စိုက်ပျိုးထုတ်လုပ်ရန် (Seed Farm) တည်ထောင်ခြင်း၊ ဧက ၁,၀၀၀ စံပြအဆင့်မြင့်လယ်ယာမြေထူထောင်နိုင်ရန် မျှော်မှန်းထားကြောင်း အောက်တိုဘာနှောင်းပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အသင်းချုပ်က ပြောကြားခဲ့သည်။

လက်ရှိတွင်မောင်တောနယ်စပ်ဒေသ၌ ပိုင်ရှင်မဲ့စပါးများရိတ်သိမ်းပြီးစီးမှုသည် ဧကပေါင်း ရှစ်ရာကျော်ရှိပြီဖြစ်ကြောင်း မောင် တောမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။။

Top News