ကယ်လီဖိုးနီးယား ပစ်ခတ်မှုတွင် မူလတန်းကျောင်းထဲ ဝင်ရောက်ရန် သေနတ်သမား၏ အားထုတ်မှုကို တားဆီးနိုင်ခဲ့

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား မြောက်ပိုင်းရှိ ကျေးလက်ဧရိယာ တစ်ခုတွင် သေနတ်သမား တစ်ဦး၏ ရမ်းကား ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံးသွားကြောင်း သိရသည်။ သို့သော် သေနတ်သမားမှာ မူလတန်းကျောင်း တစ်ခုထဲ ဝင်ရောက်ရန် ကြိုးစားမှု မအောင်မြင်ခဲ့ခြင်းက အဆိုးထဲမှ အကောင်းတစ်ခု ဖြစ်စေခဲ့သည်။


နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းက သေနတ်သံ ကြားလိုက်သည်နှင့် ရန်ချိုတီဟာမာ မူလတန်းကျောင်းမှ ဝန်ထမ်းများသည် ကျောင်းတံခါးများကို လျင်လျင်မြန်မြန် အလုံပိတ် ကာကွယ်ထားလိုက်သည်။ ၎င်းတို့ စိုးရိမ်သည့်အတိုင်း သေနတ်သမားသည် ကျောင်းထဲသို့လည်း အမှန်တကယ် ဝင်ရောက်လာသည်။

ဝန်ထမ်းများက ကလေးများကို စာသင်ခုံများအောက်တွင် ပုန်းအောင်းနေစေခဲ့ပြီး စာသင်ခန်း တံခါးကိုလည်း သော့ခတ်လိုက်ကြသည်။ သေနတ်သမားသည် ခိုးယူလာသည့် ပစ်ကပ် ထရပ်ကား တစ်စီးဖြင့် ခြံတံခါးကို တိုက်ဖွင့်ကာ စာသင်ကျောင်းသို့ ချဉ်းကပ်လာခဲ့သည်။ ထို့နောက် ၎င်း၏ ရိုင်ဖယ်ဖြင့် ပြတင်းပေါက်များ၊ တံခါးများကို ပစ်ခတ်ခဲ့သည်။ တံခါးကို ဖျက်ဖွင့်ရန် ကြိုးစားမှု မအောင်မြင်ခဲ့သည့်နောက် ခြောက်မိနစ်မျှ အကြာတွင် ၎င်းသည် စိတ်အနှောင့်အယှက် ဖြစ်ဟန်ဖြင့် ထွက်ခွာသွားခဲ့ကြောင်း ဝန်ထမ်းများက ပြောကြားခဲ့သည်။

အကယ်၍သာ စာသင်ခန်း တံခါးကို ဖွင့်နိုင်ခဲ့ပါက အသေအပျောက် ပမာဏသည် အလွန်အမင်း ဆိုးရွားသွားနိုင်သည်။ စာသင်ခန်းထဲတွင် မိမိကိုယ်ကို ခုခံနိုင်စွမ်း မဲ့နေသည့် မူလတန်းအရွယ် ကျောင်းသူကျောင်းသားငယ် အများအပြား ရှိနေခဲ့သည်။

အပြင်ဘက်တွင်မူ သေနတ်သမား လက်ချက်ကြောင့် လူ ၄ ဦး သေဆုံးပြီး အခြားတစ်နေရာတွင် သေနတ်သမားကို ရဲများက ပစ်ခတ် သုတ်သင်နိုင်ခဲ့သည်။ မူလတန်း ကျောင်းတွင်မူ ကလေးငယ်တစ်ဦး ကျည်ဆန် ထိမှန်ခဲ့သည့်တိုင် ဆေးရုံတွင် အခြေအနေ တည်ငြိမ် ကောင်းမွန်လျက် ရှိသည်။ အခြားသော ကလေးအချို့မှာမူ လွင့်စင်လာသည့် မှန်စများ မှန်သဖြင့် ဒဏ်ရာများ ရခဲ့ကြသည်။

“သေနတ်သမားဟာ ကြုံရာလူ ပစ်သတ်သွားဖို့ ရည်ရွယ်ထားဟန် ရှိတယ်။ တကယ်လို့သာ ကျောင်းတံခါးတွေ မြန်မြန် မပိတ်နိုင်ခဲ့ဘူးဆိုရင် အခြေအနေတွေက အများကြီး ပိုဆိုးရွားသွားနိုင်ပါတယ်။ ဆုံးဖြတ်ချက် မြန်ဆန် မှန်ကန်ခဲ့တဲ့ ကျောင်းဝန်ထမ်းတွေကို ချီးကျူးရပါလိမ့်မယ်”ဟု တီဟာမာခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲ ဖီးလ်ဂျွန်စတန်က ပြောကြားခဲ့သည်။

သေနတ်သမားသည် ပစ်ကပ်ကားဖြင့် ကျောင်းထံသို့ ဦးတည် မောင်းနှင်လာရင်း လမ်းပေါ်ရှိ အခြားသော ကားများကို ပစ်ခတ်သွားခြင်း ဖြစ်သည်။ ၎င်း၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အိမ်နီးချင်း တစ်ဦးနှင့် ပြဿနာ ဖြစ်ရာမှ အစပြုခဲ့သည်ဟု ယူဆရသည်။ အဆိုပါ အိမ်နီးချင်း၏ အလောင်းကိုလည်း ရှာတွေ့ခဲ့သည်။ လမ်းတလျှောက် ကြုံသလို ပစ်ခတ်သွားသည့် ၎င်း၏ လုပ်ရပ်ကြောင့် လူ ၁၀ ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့သည်။

ဗီဒီယို မှတ်တမ်းများအရ သေနတ်သမားသည် ကျည်ကာဝတ်စုံဆန်ဆန် Tactical Vestကို ဝတ်ဆင်လာပြီး ကျည်ကတ် အပိုများကိုပါ ယူဆောင်လာကြောင်း ဂျွန်စတန်က ပြောကြားခဲ့သည်။ ဖြစ်စဉ်အတွက် ကြေကွဲ တုန်လှုပ်နေဟန်ရှိသည့် ဂျွန်စတန်က “ကျွန်တော်တို့ တီဟာမာ ခရိုင်အတွက်တော့ ဝမ်းနည်းကြေကွဲစရာ အကောင်းဆုံး နေ့တစ်နေ့ပါပဲ”ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ သေနတ်သမား၏ အမည်ကို လတ်တလော မထုတ်ပြန်သေးချေ။

ကျောင်းကို ကာကွယ်ရာ၌ ကျောင်းသားမိဘ တစ်ဦး၏ ရဲဝံ့မှုကလည်း အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဆာရာ ဂွန်ဇာလက်ဇ်က သေနတ်သမားက ဆက်တိုက် ပစ်ခတ်သွားချိန်တွင် သူမ၏ကား လေကာမှန်ကို ကျည်ဆန် ထိမှန်ခဲ့သည့်နောက် ကျောင်းဘက်သို့ ချက်ချင်း အမြန်မောင်းသွားခဲ့သည်။ ထို့နောက် ဟွန်းကို ဆက်တိုက်တီးကာ အပြင်တွင် ပစ်ခတ်မှု ဖြစ်ပွားနေကြောင်း ဝန်ထမ်းများ သတိပြုမိစေရန် အော်ဟစ် သတိပေးခဲ့သည်။

“ကျွန်မသမီးက ကျောင်းမှာ ရှိနေပါတယ်။ အဲဒီကို ချက်ချင်းသွားပြီး ဟွန်းကို ဆက်တိုက်တီးတယ်။ အခြေအနေကို အားလုံး သိသွားအောင်လို့ပါ”ဟု ဂွန်ဇာလက်ဇ်က ဆိုသည်။ သူမ၏ သမီး အရီယန်နာ အိုင်ဘာရာသည် သူမ၏ လေးတန်း စာသင်ခန်းထဲရှိ ခုံများအောက်တွင် ဝပ်နေခဲ့ရသည်။ “သမီးတို့ ဆရာမက ခုံတွေအောက် မြန်မြန်ဝင်ဖို့ ပြောတယ်။ အဲဒီလူကြီး ဝင်လာတဲ့အချိန်မှာ မှောက်ပြီး ပုန်းနေကြရပါတယ်”ဟု အသက် ၁၀ နှစ်ရှိ အိုင်ဘာရာက ရှင်းပြခဲ့သည်။ သေနတ်သမား ထွက်ခွာသွားချိန်တွင် ဂွန်ဇာလက်ဇ်သည် ကျောင်းထဲသို့ ဝင်ရောက်သွားပြီး သမီးဖြစ်သူကို နှစ်သိမ့်ခဲ့သည်။

“ကလေးတွေ အားလုံး ကြောက်နေပေမယ့် တည်တည်ငြိမ်ငြိမ်ပါပဲ။ တချို့ကတော့ နည်းနည်း တုန်လှုပ်နေကြတယ်။ ဒါပေမဲ့ အားလုံး အဆင်ပြေပါတယ်”ဟု သူမက ပြောကြားသွားသည်။

Top News