ငွေဆောင်အနီးကျွန်းငယ်များသို့ လည်ပတ်နိုင်ရန် အပျော်စီးအမြန်ရေယာဉ်ပြေးဆွဲ

ငွေဆောင်ကမ်းခြေတွင် အပျော်စီးလှေ စီးနင်းနေသူများ ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ

ငွေဆောင်ကမ်းခြေမှတစ်ဆင့် အ နီးဝန်းကျင်ကမ်းခြေများနှင့် ကျွန်း ငယ်များသို့ သွားရောက်လည်ပတ် နိုင်ရန် ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှ စတင်ကာ အပျော်စီးအမြန်ရေယာဉ်ခရီးစဉ်များ ပြေးဆွဲပေးနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန(ငွေဆောင်) ရုံးခွဲညွှန် ကြားရေးမှူး ဦးစိုးဝင်းက ပြောသည်။


ထိုသို့ အပျော်စီးအမြန်ရေ ယာဉ်ခရီးစဉ်ပြေးဆွဲနိုင်ရန် အမြန် ရေယာဉ်အသင်းကိုပါ ဖွဲ့စည်းထားကြောင်း ၎င်းက ဆိုသည်။ 

 ‘‘အခု ၁၁ လပိုင်းထဲမှာပဲ အပျော်စီးအမြန်ရေယာဉ်အသင်း ကို စတင်ဖွဲ့စည်းပြီးတော့ ငွေ ဆောင်ကမ်းခြေကို လာရောက် လည်ပတ်သူတွေအနေနဲ့ အနီးအ နားက တခြားကမ်းခြေတွေနဲ့ ကျွန်း တွေကို ခရီးစဉ်အသစ်အနေနဲ့ သွား ရောက်လည်ပတ်နိုင်ဖို့အတွက် ဆောင်ရွက်ပေးတာဖြစ်ပါတယ်’’ ဟု၎င်းက ပြောသည်။ 

ငွေဆောင်ကမ်းခြေသို့ လာ ရောက်လည်ပတ်သော ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များအ နေဖြင့် ငွေဆောင်ကမ်းခြေတွင် သာမက ချောင်းသာကမ်းခြေ၊ ဂေါ်ရင်ဂျီကျွန်း၊ အနီးဝန်းကျင်ရှိ ကျွန်းငယ်လေးများသို့ သွားရောက်နိုင်မည်ဖြစ်သလို တံငါကျေးရွာများ၏ဓလေ့များကိုပါ အမြန်ရေယာဉ်များဖြင့် သွားရောက်လေ့လာလည်ပတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

‘‘အရင်ကတော့ အနီးအနား က ကျွန်းတွေကို တစ်ပိုင်တစ်နိုင် လေး ပြေးဆွဲပေးနေတာရှိပါတယ်။ အခုက စနစ်တကျ ခရီးစဉ်တွေ သတ်မှတ်ပေးလိုက်ပြီးတော့ ပြေး ဆွဲနိုင်ဖို့အတွက် အမြန်ရေယာဉ် အသင်းတစ်ခု ဖွဲ့စည်းပြီးတော့ ဆောင်ရွက်ပေးလိုက်တာဖြစ်ပါ တယ်’’ဟု ဦးစိုးဝင်းက ပြောသည်။ 

၂၀၁၇ အတွင်း ဇန်နဝါရီမှ အောက်တိုဘာလကုန်အထိ ငွေ ဆောင်ကမ်းခြေသို့ ပြည်တွင်းခရီး သွား ၈၁,၀၀၀ ကျော်နှင့် နိုင်ငံခြား သားခရီးသွား ၂၅,၀၀၀ ကျော် လာ ရောက်လည်ပတ်ခဲ့ပြီး ယခင်နှစ် ထက် ၁၆ ရာခိုင်နှုန်းတိုးတက်လာ ကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေးညွှန်ကြားမှုဦးစီးဌာန (ငွေ ဆောင်)ရုံး၏စာရင်းများတွင် ဖော် ပြထားသည်။  ငွေဆောင် ကမ်းခြေတွင် ၂၀၁၇ အောက်တိုဘာလကုန်အ ထိ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင် ထုတ်ပေးထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၂၉ လုံး၊ အခန်း ၁,၃၅၀ ရှိကြောင်း ဦးစိုးဝင်းက ပြောသည်။