အားလပ်ရက်မှာ လည်ပတ်စရာ

ကျေးလက်အငွေ့အသက်တွေကိုခံစားရင်း အင်ဖက်နဲ့ အားရပါးရစားသောက်နိုင်တဲ့ Country Home Cafe & Saloon
ဓာတ်ပုံ − Country Home - Cafe & Saloon ဖေ့စ်ဘွတ်ခ်

ဒီတစ်ပတ်ရဲ့ လည်စရာပတ်စရာ ကဏ္ဍမှာ ညွှန်းပေးချင်တဲ့ ဆိုင် လေးကတော့ Country Home Cafe & Saloon ပါ။

Country ဆိုတဲ့ ဆိုင်နာမည် အတိုင်း ဆိုင်လေးထဲ စဝင်လိုက် ကတည်းက ကျေးလက်အငွေ့အသက် အရသာတွေကို ခံစားရမှာပါ။ ဆိုင်ဝန်ထမ်းတွေ အကုန်လုံးကလည်း Country စတိုင်လ်တွေ ဝတ်ဆင်ပြီး ဝန်ဆောင်မှုပေးတာပါ။

တစ်ဆိုင်လုံးကို သစ်သား တွေ အဓိကသုံးထားပြီး Country ပုံစံ ဒီဇိုင်းတွေနဲ့ အလှဆင်ထား တာပါ။  Country (ကျေးလက်) စတိုင်အင်္ကျီ၊ ဦးထုပ် စတဲ့ အသုံး အဆောင် ပစ္စည်းတွေကိုလည်း ဆိုင်ရဲ့နံရံတွေမှာ အလှဆင်ချိတ် ဆွဲထားပါသေးတယ်။

ဒီဆိုင်လေးကို သရုပ်ဆောင် ကျော်ကျော်ဗိုတို့ ဇနီးမောင်နှံက သူတို့ရဲ့သူငယ်ချင်းနဲ့ မောင်နှမတွေ ပေါင်းပြီး ဖွင့်ထားတာပါ။ အမှတ်(၆-အေ)၊ မိုးကောင်းလမ်း ပေါ်မှာပါ။ ရွှေကောင်းဟော့ပေါ့နဲ့ ကပ်လျက် လမ်းလေးကနေ ဝင် သွားရမှာပါ။ ဝင်သွားတဲ့ လမ်းတစ်လျှောက် Country ပုံစံ ပန်းချီလေးတွေနဲ့ အလှဆင်ထားတာ တွေ့ရမှာပါ။

နာမည်အကြီးဆုံး အစားအစာက ဟင်္သာတ ထမင်းသုပ်ကို ပုံစံအနည်းငယ် ပြောင်းထားတဲ့ Country ထမင်းထုပ်ပါ။ ထမင်းထုပ်ကို Country အရသာ ခံစားနိုင်ဖို့ အနံ့လေးမွှေးအောင် အင်ဖက်နဲ့ ထုပ်ပိုးထားတယ်လို့ ကျော်ကျော်ဗိုရဲ့ဇနီး မဇာက သူတို့ဆိုင်ရဲ့နာမည်ကြီး ထမင်းသုပ်အကြောင်းကို ပြောပြပါတယ်။

ထမင်းထုပ်တစ်ထုပ်မှာ သူ့ အရသာနဲ့ လိုက်ဖက်တဲ့ တို့စရာ ၁၂ မျိုးနဲ့အတူ ငံပြာရည်ကြော် သုံးမျိုးလည်း ပါဝင်ပြီး ကြက်သား၊ ဝက်သား၊ ငါး၊ ပုစွန် ကြိုက်ရာနဲ့ သုံးဆောင်နိုင်မှာပါ။ ဈေးနှုန်းကတော့ တစ်ပွဲကို ကျပ်ငါးထောင်ပါ။

အသားနဲ့မစားတဲ့သူတွေအ တွက် ရိုးရိုးထမင်းသုပ်ကို စားသုံးနိုင်မှာပါ။ အသားမပါတာကြောင့် သက်သတ်လွတ် စားသုံးသူတွေ အတွက် အဆင်ပြေစေမယ့် ထ မင်းသုပ်က တစ်ပွဲကို သုံးထောင့် ငါးရာပါ။

အဲဒီအပြင် ထမင်းအစုံသုပ် ဆိုတာလည်း ရှိပါသေးတယ်။ ဒါ ကတော့ လက်ဖက်ထမင်းသုပ်၊ ငါးပိထမင်းသုပ်၊ ပုံးရည်ကြီး ထမင်းသုပ်နဲ့ Country ထမင်းသုပ်လေးမျိုးနဲ့အတူ ကိုယ်ကြိုက်နှစ် သက်ရာအသားနဲ့ မှာစားနိုင်မှာ ပါ။ ဒါကတော့ တစ်ပွဲကို ခြောက် ထောင်ကျပ်ပါ။

တခြားအစားအသောက် ထူး ထူးခြားခြားကတော့ တောထမင်း ရိုင်းဆိုတဲ့ စားဖွယ်ပါ။ တောထမင်းရိုင်းကိုတော့ ရိုးရိုးဆန်နဲ့ မဟုတ်ဘဲ ရှမ်းဆန်လို ဆန်ကို အသုံးပြုထားသလို ဟင်းလျာ အနေနဲ့ ငါးခြောက်၊ ကြက်အူချောင်း၊ အကြော် စတာတွေ ပါဝင်မှာပါ။ တောထမင်းရိုင်းက ဈေးနှုန်း ကျပ်ခြောက်ထောင်ပါ။

       နောက်ထပ်တစ်ခုကပျားရည် ထမင်းပါ။ ပျားရည်ထမင်းက ပျားရည်နဲ့ကြော်ထားတဲ့ ကြက်ကြော် နဲ့ ထမင်းပါ။ ပျားရည်ထမင်းကို မိတ္ထီလာဘက်က  ပုံစံအတိုင်း အနည်းငယ်ဆန်းသစ် ဖန်တီးထား ပြီး ငှက်ပျော်ဖက်နဲ့ ထုပ်ပေးပါ တယ်။ ဈေးနှုန်းက လေးထောင့် ငါးရာကျပ်ပါ။

အဲဒီအစားအစာတွေအပြင် Country Home မှာ အရောင်းရ ဆုံးစာရင်းဝင်တဲ့ အစားအသောက် နောက်ထပ်တစ်မျိုးက ဖက်က ဖောင်းပါ။ ဖက်ကဖောင်းက ကြက်သား၊ ဝက်သား၊ ပင်လယ်စာကို ကိုယ်ကြိုက်နှစ်သက် ရာနဲ့စားနိုင် မှာပါ။ ကြက်သား၊ ဝက်သားနဲ့ ဆိုရင် ကျပ်လေးထောင်ဖြစ်ပြီး ပင်လယ်စာနဲ့ ကျပ်ခြောက်ထောင် ပါ။
အရသာအမျိုးမျိုးနဲ့ ကော်ဖီ မျိုးစုံရရှိနိုင်ပြီး ကော်ဖီတစ်ခွက် နှစ်ထောင်ကျပ်ပါ။

       ‘‘ယောမလိုင် ကော်ဖီရှိတယ်။ ဒီမှာ နာမည်ကြီးတယ်။ အဲဒါက ကိုယ်တိုင်စပ်တာ။ နောက်တစ်ခုက High ကော်ဖီ၊ အရမ်းအပြင်းကြိုက်တဲ့သူတွေအတွက် မြန်မာ အရသာနဲ့ပဲ သွားတာ။ နောက်တစ်ခုက အိုးကော်ဖီ။ လူကြီးတွေအတွက် ရင်မတုန်အောင် အခါးနည်းနည်း လျှော့ထားတာလေး။ Home ကော်ဖီဆိုတဲ့ အိမ်သောက်ကော်ဖီရှိတယ်။  နောက် ဆုကော်ဖီကတော့ မြန်မာ စစ်စစ်ပဲ’’လို့ မဇာက ရှင်းပြပါတယ်။

Country Home မှာ သာမန် အေးအေးဆေးဆေး လာရောက် စားသုံးသူတွေအတွက်တင်မက အပေါ်ထပ်မှာ မိသားစုလိုက် လာ ရောက်စားသုံးသူများအတွက် သီး သန့်အခန်းတွေ စီစဉ်ပေးထားပါ တယ်။ အဲဒီအပြင် ပါတီပွဲတွေလို အခမ်းအနားတွေ ကျင်းပနိုင်ဖို့ လူအယောက်သုံးဆယ်ခန့် ဝန်ဆောင်မှုပေးနိုင်မယ့် နေရာတွေလည်း ရှိပါတယ်။

      အစားအသောက်တွေအပြင် ဖက်ရှင်ဝါသနာပါသူတွေအတွက်လည်း မဇာရဲ့ကိုယ်ပိုင်ဖက်ရှင်တွေကို ဆိုင်အသေးလေးဖွင့်ပြီး ရောင်းချပေးနေတာကြောင့် ဖက်ရှင်ဆန်းဆန်းဝတ်ချင်သူတွေ ရွေးချယ်ဝယ်ယူနိုင်မှာပါ။  ဒီဆိုင်လေးက မနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ နေ့စဉ်ဖွင့်လှစ်ပေးနေတာဖြစ်ပြီး နေ့လယ်စာပဲဖြစ်ဖြစ်၊ ညစာပဲဖြစ်ဖြစ် ညဥ့်နက်ပိုင်းမှ ဗိုက်ဆာတတ်တဲ့သူတွေအတွက်တော့ အဆင်ပြေနိုင်ပါတယ်။