ပြိုင်မှ နိုင်ချင်တာလား

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက် နေ့ညက မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနဲ့ အိန္ဒိယလက်ရွေးစင် ဘောလုံးအသင်းတို့ အာရှဖလားခြေစစ်ပွဲ ဒုတိယအကျော့ အဖြစ် အိန္ဒိယနိုင်ငံမှာ ကစားခဲ့ကြ ပါတယ်။ ပထမအကျော့အဖြစ် ကိုယ့်နိုင်ငံမှာ ကစားစဉ်ကတည်း က အိန္ဒိယကို တစ်ဂိုးဂိုးမရှိနဲ့ ရှုံး ထားပါတယ်။ ကိုယ့်မြေကိုယ့် ကွင်း ကိုယ့်ပရိသတ်ရှေ့မှာတောင် မနိုင်ခဲ့တာမို့ သူ့မြေသူ့ကွင်း သူ့ ပရိသတ်ရှေ့မှာ သိပ်တော့မျှော် လင့်မထားပါဘူး။ ဒါပေမဲ့ မြန်မာ့ လက်ရွေးစင် အသင်းအနေနဲ့ အာရှဖလားကန်ခွင့်မရတာ အနှစ် ၅၀ ကျော်နေပြီမို့ တစ်ကြိမ်တစ်ခါ တော့ဖြင့် ကန်ခွင့်ရချင်ပါတယ်။ ဒါကြောင့် နိုင်ချင်ပါတယ်။ ပရိ သတ်ဖြစ်တဲ့ ကျွန်တော်တို့တောင် နိုင်ချင်တယ်ဆိုရင် ကာယကံရှင် ဖြစ်တဲ့ ကစားသမားတွေ ဘယ် လောက်နိုင်ချင်မလဲဆိုတာ ပြော ပြဖို့တောင် မလိုတော့ပါဘူး။ သူ တို့အရမ်းနိုင်ချင်ရှာမယ်ဆိုတာ ယုံမှားသံသယဖြစ်စရာ မရှိပါ ဘူး။

အဲဒီညက မီးမလာလို့ ကျွန် တော့်မှာ တီဗီကနေ ခပ်ကြီးကြီး မကြည့်ရပါဘူး။ ငါးလက်မ လောက်ရှိတဲ့ ဖုန်းလေးနဲ့ သေးတိ သေးကွေးကြည့်ရပါတယ်။ ကျွန် တော်တို့ ဖေ့စ်ဘွတ်ခ်မိတ်ဆွေအ ချင်းချင်း ဘောလုံးပွဲလာနေပြီဖြစ် တဲ့အကြောင်း စာတိုစာရှည်တွေ ရိုက်တင်ပြီး သတင်းပေးနေကြ တာကိုကြည့်ရင် ကျွန်တော်တို့ ပရိသတ်တွေ ကိုယ့်အသင်းကိုယ် ဘယ်လောက်အားပေးတယ်ဆို တာ သိသာပါတယ်။ ကစားသမားလေးတွေလည်း နိုင်ငံ့ဂုဏ်ဆောင် နိုင်ဖို့ဆိုတဲ့ စိတ်ဓာတ်နဲ့ အရမ်း ကြိုးစားကြပါတယ်။ သို့ပေမဲ့ နောက်ဆုံးမှာတော့ သရေရလဒ် နဲ့ပဲ အဆုံးသတ်ပြီး ခြေစစ်ပွဲ အောင်ဖို့ လက်ကျန်ပွဲစဉ်တွေမှာ ရုန်းကန်ရတော့မှာပါ။

အီတလီလို ကမ္ဘာ့ဖလား လေးကြိမ်ရဖူးတဲ့အသင်းက နှစ် ပေါင်း ၆၀ အတွင်း ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့တာ ဆန်း ပါတယ်။ ဥရောပရဲ့ အအောင် မြင်ဆုံး အသင်းထဲမှာပါတဲ့ နယ် သာလန်အသင်း ၂၀၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲဝင်ခွင့်မရတာဟာ ဆန်းပါတယ်။ သို့ပေမဲ့ ကျွန်တော် တို့ မြန်မာ့လက်ရွေးစင်အသင်း အာရှဖလားခြေစစ်ပွဲ မအောင် တာ မဆန်းပါဘူး။ ရှုံးခဲ့တာ ဒီတစ် ခါတည်းမှ မဟုတ်ဘဲ။ အကြိမ်ကြိမ်အခါခါရှုံးခဲ့တာပဲ။ တချို့ကာ တွန်းဆရာတွေဆို သရော်တဲ့ကာ တွန်းတွေတောင် ရေးခဲ့ကြတယ်။ အိမ်ထောင်ပြုမယ်ဆိုရင် မြန်မာ့ လက်ရွေးစင်ဘောလုံးသမားကို ယူတဲ့။ သူက ဘယ်တော့မှ အနိုင် မယူဘူးတဲ့။ အဲဒီကာတွန်းကို ဖတ်ပြီး ကျွန်တော်မရယ်မိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ ဘယ် လောက်နိုင်ချင်ကြတယ်။ သူတို့ ဘယ်လောက် ကြိုးစားကြတယ် ဆိုတာကို ကိုယ်ချင်းစာစိတ်နဲ့ သိနေလို့ပါပဲ။ သူတို့နေရာမှာ ဘယ်သူပဲဖြစ်ဖြစ် ပြည်သူလူထု က အထင်ကြီးချစ်ခင်တဲ့စိတ်နဲ့ သောင်းသောင်းဖြဖြ ကြိုဆိုကြ တာကို ခံချင်ကြမှာ ချည်းပါပဲ။ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အောင်မြင်မှုကို ဆောင်ကြဉ်းပေး နိုင်သူများအဖြစ် ဝမ်းမြောက်ဝမ်း သာ ဂုဏ်ပြုတာကို ခံချင်ကြမှာ ချည်းပါပဲ။ ဒါကြောင့် ကျွန်တော် တို့ကတော့ မြန်မာအသင်း ဘယ် နှကြိမ်ရှုံးနေရှုံးနေ အားပေးနေမှာ ပါပဲ။

ကျွန်တော်တို့ ကြီးပြင်းခဲ့တဲ့ မဆလလက်ထက်မှာ အားကစား ကို ငွေကုန်ကြေးကျခံပြီး အား မပေးချင်လို့ မှိုင်းတိုက်ခဲ့တဲ့စကား တစ်ခွန်းရှိပါတယ်။ အရှုံးအနိုင် ပဓာနမဟုတ်၊ ယှဉ်ပြိုင်ခြင်းသာ အဓိကဖြစ်တယ်ဆိုတဲ့ စကားပါ။ ကျွန်တော်တို့ ကျောင်းသားဘဝ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ တွေလုပ်တော့ ကျောင်းက လေ့ ကျင့်တဲ့ စရိတ်မပေးနိုင်ဘူး။ ဘောကန်ဖိနပ်ဝယ်မပေးနိုင်ဘူး။ ဝယ် နိုင်တဲ့သူကဝယ်ပြီး မဝယ်နိုင်တဲ့ သူက ခြေဗလာနဲ့ လေ့ကျင့်ရ တယ်။ ပြိုင်ပွဲကျမှ သူများဖိနပ်ငှား ကန်ရတယ်။ ဖိနပ်နဲ့ လေ့ကျင့် ထားတာမဟုတ်လို့ ဖိနပ်ကလည်း မနိုင်။ စီးနေကျမဟုတ်တော့ ဖိနပ်ကလည်း ပေါက်။ လေ့ကျင့်တုန်း က ကျွန်တော်တို့ ကျောင်းသား တွေက ဖိနပ်ကို လောလောဆယ် ကျောင်းက စိုက်ဝယ်ပေးထားဖို့၊ နောင်မှ ဖိနပ်ဖိုး ပြန်ဆပ်မယ်လို့ ဝိုင်းပြောကြတော့ အားကစား ဆရာက ‘‘ဒီအတိုင်းပဲ လေ့ကျင့်ပါ ကွာ။ နိုင်နိုင်ရှုံးရှုံး အဓိကမဟုတ် ပါဘူး။ ယှဉ်ပြိုင်ခြင်းက အဓိက ပါ’’လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ တကယ့်တကယ် ပြိုင်ပွဲကျတော့ နိုင်ချင်တာချည်း ပါပဲ။ ကျွန်တော်တို့ ကစားသမား တွေ ကွင်းထဲမှာ ဖိနပ်ပေါက်သူက ပေါက်၊ ဖိနပ်မနိုင်တဲ့သူက မနိုင် နဲ့ တစ်ဖက်ကျောင်းအသင်းက ဘောလုံးသမားတွေက လိမ် ခေါက်သွားရင် ကျွန်တော်တို့ ကျန်ခဲ့တာချည်းပဲ။ နောက်ဆုံးရှုံးပြီး ပြန်လာတော့ သူများ လိမ်တာခံရ လို့ဆိုပြီး အားကစားဆရာက ဆူ ပါသေးတယ်။ တစ်ဖက်အသင်း က ကလေးတွေများကွာ၊ တောက်တောက်တောက်တောက်နဲ့ နေ တာပဲ။ မင်းတို့ကတော့ ပျော့စိ ပျော့ဖတ်နဲ့တဲ့။ အဆူခံရပါသေး တယ်။ အဲဒီတုန်းကတော့ ငါတို့ တော်တော်ညံ့တာပဲလို့ ကိုယ့် ကိုယ်ကိုယ် အပြစ်တင်မိပါတယ်။ ခုပြန်စဉ်းစားမိတော့မှ အားကစား ဆိုတာ ပြိုင်မှ နိုင်ချင်လို့မရဘူးဆို တာ သိလာရပါတယ်။ ဖြစ်သလို လေ့ကျင့်ပြီး ဖြစ်သလို ပြိုင်ပွဲဝင်ရ တဲ့ အသင်းတစ်သင်းဟာ စနစ် တကျ လေ့ကျင့်ပြီး စနစ်တကျ ပြိုင်ပွဲဝင်ရတဲ့အသင်းကို ဘယ်လို မှ မနိုင်နိုင်ပါဘူး။

အားကစားဆိုတာ ပညာရေး လိုပါပဲ။ အခြေခံကစပြီး အချိန်ယူ ပြင်ဆင်မှ၊ တကယ်တတ်ကျွမ်း နားလည်ပြီး ဝါသနာစိတ်ဓာတ် ထက်သန်သူတွေ ဦးဆောင်မှ၊ ငွေကုန်ကြေးကျလည်းခံနိုင်မှ ဆယ် စုနှစ် နှစ်ခု၊ သုံးခုကြာတဲ့အခါ သူ များနိုင်ငံတွေရဲ့ အဆင့်အတန်း ကို လိုက်မီမှာပါ။ ဒါတောင် သူ များနိုင်ငံတွေကလည်း ရပ်နေတာ မဟုတ်တဲ့အတွက် ကျိန်းသေ အောင်မြင်မှုရမယ်လို့ မပြောနိုင် ပါဘူး။ ရှေ့မှာ ပြောခဲ့တဲ့ အီတလီ လို၊ နယ်သာလန်လို ကမ္ဘာ့ဘော လုံးအဆင့် (၁၀) အတွင်း ရှိနေတဲ့ နိုင်ငံတွေတောင် အခန့်မသင့် တော့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲရ ပါတယ်။ ကိုယ့်အိမ်နီးချင်း ထိုင်း နိုင်ငံဆိုရင် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ချင်လွန်းလို့ သူတို့ဘော လုံးသမားတွေကို အင်္ဂလန်အထိ ပို့ပြီး လေ့ကျင့်စေတာပါ။ မန်ယူ လို၊ ချယ်လ်ဆီးလို ကမ္ဘာကျော် ကလပ်အသင်းကြီးတွေခေါ်ပြီး သူတို့အသင်းနဲ့ ခြေစမ်းစေတာပါ။ ဒါတောင် အာရှအဆင့် အောင် မြင်မှုတောင်မရသေးပါဘူး။ ကျွန် တော်တို့ဆီမှာ ဘောလုံးအဆင့်အ တန်း မြင့်မားလာဖို့ အခြေခံက စပြီး စနစ်တကျ တကယ်ပြင်ဆင် နိုင်ပြီလား။ နမူနာလေးတစ်ခု ပြောပြပါမယ်။

အခြေခံပညာကျောင်းတစ် ကျောင်းက ကျောင်းသားမိဘတစ် ဦးက ပြောပြတယ်။ ပြီးခဲ့သည့် မိုး တွင်းက သူ့သားတွေ တက်နေတဲ့ ကျောင်းမှာ (၁၃)နှစ်အောက် ကျောင်းကောင်စီ အသင်းငါးသင်း ဘောလုံးပြိုင်ပွဲလုပ်သတဲ့။ အဲဒါ သူတို့ ကျောင်းသားမိဘကိုယ်စား လှယ်တွေကို ကျောင်းအုပ်ဆရာမ ကြီးက ခေါ်ပြီးတိုင်ပင်တယ်။ ဘောလုံးပြိုင်ပွဲ အစအဆုံးပြိုင်ပွဲ စရိတ်၊ ဒိုင်စရိတ်၊ ဆုစရိတ်တွေ စုစုပေါင်းလိုက်တော့ ကုန်ကျ စရိတ်က ကျပ် ၁၀ သိန်းခန့်ရှိပါ သတဲ့။ ဆရာမကြီးက ရန်ပုံငွေ လည်း အဲဒီလောက်မရှိတာ ကြောင့် တကယ့်ပြိုင်ပွဲလုပ်မနေ ဘဲ ပြိုင်ပွဲပြီးလို့ ဆုပေးပွဲလုပ်နေပုံ လေး ဓာတ်ပုံရိုက်ပြီး ပြိုင်ပွဲကျင်းပ ပြီးကြောင်း အစီရင်ခံစာတင် လိုက်ရင် မကောင်းဘူးလားလို့ဆို ပါသတဲ့။ ဒါနဲ့ အစည်းအဝေး တက်လာတဲ့ ကျောင်းသားမိဘ တွေက ဒီလိုကြီးတော့ မကောင်း ပါဘူး။ သူတို့ရန်ပုံငွေရအောင် ရှာပါ့မယ်ဆိုပြီး ကတိခံခဲ့လို့ ဘော လုံးပြိုင်ပွဲလုပ်ဖြစ်သွားတယ်လို့ဆိုပါတယ်။ ကျွန်တော့်မှာ ထို ကျောင်းသား မိဘရဲ့စကားကို နားထောင်ရင်းက ‘‘ဩော်.. စစ်အစိုး ရလက်ထက်က အမြစ်တွယ်ခဲ့တဲ့ ဌာနဆိုင်ရာတွေမှာ အပေါ်ကတစ် ခုခု ခိုင်းလိုက်ရင် ဓာတ်ပုံလေး တွေရိုက်ရိုက်ပြီး တင်ပြလိုက်တာ နဲ့ လုပ်ငန်းပြီးသွားတဲ့ အကျင့်ဆိုး ကြီးတွေ အားကစားလောကထဲ အထိများ ရောက်နေပြီလား’’လို့ စိုးရိမ်မိပါတယ်။

မြန်မာ့ဘောလုံးအဆင့်အ တန်း ပြန်လည်မြင့်မားလာဖို့ အ ခြေခံပညာကျောင်းတွေကစပြီး ပျိုးထောင်ရမယ်ဆိုတာ မှန်ပါ တယ်။ ဒါပေမဲ့ ကစားမယ့်ကလေး တွေပဲရှိပြီး ဘောလုံးကစားကွင်း က ကျောင်းတိုင်းမှာမရှိ စနစ် တကျ လေ့ကျင့်ပေးမယ့် ကာယ ဆရာကောင်းကောင်းမရှိ။ လေ့ ကျင့်စရိတ်အတွက် ရန်ပုံငွေမရှိ ဆိုရင်တော့ အထက်က ဆရာမ ကြီးလို ပြိုင်ပွဲကျင်းပပြီးကြောင်း ဓာတ်ပုံရိုက်တင်တဲ့ ဘောလုံးပွဲ တွေ ဖြစ်ကုန်ပါလိမ့်မယ်။ ဘာဖြစ် လို့လဲဆိုတော့ ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ဒေသက အခြေခံပညာ ကျောင်းတော်တော်များများက ရေပတ်လည်ဝိုင်းနေတာပါ။ သူ တို့ အရပ်တွေမှာ ဘောလုံးကွင်းနဲ့ တူတာဆိုလို့ လယ်ကွင်းပဲမြင်ဖူး ကြပါတယ်။ ဒီတော့ မဖြစ်မနေ ဘောလုံးပြိုင်ပွဲလုပ်ရမယ်ဆိုရင် လည်း လုပ်တော့လုပ်လိုက်ကြမှာ ပါပဲ။ ဒါပေမဲ့ ဘာအကျိုးရလဒ် ကောင်းမှ ထွက်လာနိုင်မယ် မထင်ပါဘူး။

 ဒါကြောင့် မြန်မာ့ဘောလုံး ရွှေခေတ် ပြန်ရောက်ဖို့ဆိုရင် ကျောင်းတွေမှာ ဖုတ်ပူမီးတိုက် ဘောလုံးပြိုင်ပွဲတွေ ကျင်းပခိုင်း တာထက် ရန်ကုန်၊ မန္တလေး၊ ပုသိမ်က ဘောလုံးအကယ်ဒမီလို ကျောင်းတွေ များများထူထောင် ကြပါ။ အခြေခံပညာကျောင်းတွေ က ဘောလုံးပါရမီရှင်လေးကို လိုက်လံရှာဖွေစုဆောင်းပြီး ဘော လုံးအကယ်ဒမီတွေကိုပို့ပါ။ စနစ် တကျပျိုးထောင်ပေးပါ။ ပြိုင်ပွဲ တိုင်းမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရပါ စေ။ ဘယ်လောက်ရှုံးရှုံး အပြုံး မပျက်အားပေးပါ။

ပြိုင်မှ နိုင်ချင်တာမျိုးဆိုရင် တော့ အောင်ပွဲနဲ့ ဝေးနေပါဦး မယ်။    ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News