ရုပ်ရှင်အကြိုခံစားခြင်း

တာတေကြီး

-ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍ မှာတော့ ထိတ်လန့်စရာ အကြောင်းအရာတွေနဲ့ ဒရာမာဇာတ်ကားအကြောင်းကို ညွှန်း ပေးလိုက်ပါတယ်။

ရဲခေါင်က သူငယ်ချင်းအ ပေါင်းအသင်းတွေကို ခင်ခင်မင်

မင်နေတတ်သူတစ်ဦးဖြစ်သလို ပြဿနာ ဖြစ်လာရင်လည်းဦးဆောင်ဖြေရှင်းပေးလေ့ ရှိပါ တယ်။

ဒါပေမဲ့ သူ့မှာ အားနည်းချက်တစ်ခုရှိတာက သရဲအရမ်း ကြောက်တတ်တာပါ။ သရဲတစ္ဆေဆိုတာကို တကယ်ရှိတယ်လို့ လည်း သူကယုံကြည်ထားသူပါ။ သူ့အိမ်မှာလည်း သူ့ရဲ့တူ၊ တူမ တွေကအစ သူသရဲကြောက် တတ်တာကို စစရာ၊ နောက်စရာ အနေနဲ့ သဘောထား ကြပါတယ်။နောက်ပြီး ရဲခေါင်ကအရွယ် ရောက်နေပေမယ့် သူ့အမေနဲ့ အတူတူအိပ်ပါတယ်။ ရဲခေါင်တို့အိမ်ကို သူ့မရီးရဲ့ ညီမနန္ဒာရောက် လာခဲ့ပါတယ်။ ရဲခေါင်ကနန္ဒာ့ကို မြင်မြင်ချင်း စိတ်ဝင်စားသွားခဲ့ သလို နန္ဒာကလည်း ရဲခေါင်ကို စိတ်ဝင်စားတာကြောင့် သူတို့ရဲ့ နီးစပ်မှုက မြန်ဆန်ခဲ့ပါတယ်။

တစ်ရက်မှာတော့ လူမနေ တဲ့ ခြံအလွတ်တစ်ခုကို ရှင်းလင်းကြပြီး ပိုက်ကျော်ခြင်း ကစားဖို့ စီစဉ်ကြပါတယ်။ အဲဒီမှာ သံငုတ် တွေစိုက်တဲ့အချိန်မှာတော့ မိုးတွေ မှောင်လာခဲ့ပါတယ်။

အဲဒါကြောင့် သရဲကြောက်တတ်တဲ့ ရဲခေါင်နဲ့ သူ့သူငယ်ချင်းတွေလည်း ထွက်ပြေးခဲ့ကြပါတယ်။ ရဲခေါင်ကတော့ ငုတ်ရိုက်ထားတဲ့ သံတုတ်တွေကိုပါ ယူသွားခဲ့ပါတယ်။ အဲဒီတုတ်တွေက အညှီနံ့တွေရနေတာကြောင့် ရဲခေါင်ရေဆေးပြီး စတိုခန်းထဲထားခဲ့ပါတယ်။

အဲဒီရက်ကနေစပြီး ရဲခေါင်တို့အိမ်မှာ ထူးထူးဆန်းဆန်း အဖြစ်အပျက်တွေစပြီး ကြုံခဲ့ရပါတယ်။ သူတို့အိမ်က အိမ်အကူအမျိုးသမီးကို တစ်ခုခုဝင်ပူးသလိုနဲ့ ထမင်းဟင်းတွေ ပလုတ်ပလောင်းစားတာတွေလည်း ကြုံခဲ့ရပါတယ်။ နောက်ပြီး ရဲခေါင် သံတုတ်တွေထားတဲ့ အခန်းထဲက ကလေးဆော့တဲ့မြင်းရုပ်က လည်းလူမရှိပဲ လှုပ်နေတာတွေ ကြုံခဲ့ရပါတယ်။

အဲဒီလိုတွေ ကြုံခဲ့ရတာကြောင့် ရဲခေါင်ရဲ့ အမေနဲ့ မရီးက အခြားအိမ်သားတွေ မသိစေပဲ ဆရာတစ်ယောက်ဆီကို သွားပြီးသူတို့အိမ်က အဖြစ်အပျက်တွေ ကိုပြောခဲ့ပါတယ်။ အဲဒါကြောင့် အဲဒီဆရာက သူတို့အိမ်မှာ သရဲ ရှိ၊ မရှိ သိရဖို့ စမ်းသပ်ဖို့ နည်းလမ်းတွေ ပေးခဲ့တာကြောင့် စမ်းသပ်တဲ့အချိန်မှာတော့ သရဲရှိနေတယ်ဆိုတာ ကိုသိခဲ့ရပါတယ်။

အဲဒီလိုနဲ့ တစ်ရက်မှာတော့ နန္ဒာက ရဲခေါင်ကိုအိပ်ခန်းအထဲ ထိဝင်ပြီး သူ့အခန်းကိုလာခဲ့ဖို့ ပြောခဲ့ပါတယ်။ အဲဒါကြောင့် ရဲခေါင်လည်း လိုက်သွားခဲ့ပါတယ်။ အခန်းထဲရောက်ပြီး သူ့ကိုအိပ်ရာပေါ်တွန်းလိုက်ပြီးတဲ့ အချိန်မှာတော့ နန္ဒာနောက်တစ်ယောက်ရေချိုးခန်းထဲက နေထွက်လာခဲ့ပါတယ်။ ပထမ သူ့ကိုလာခေါ်တဲ့ နန္ဒာကတော့ မရှိတော့ပါဘူး။ နောက်ပြီး နန္ဒာက သူ့ကိုအခန်းထဲက ထွက်သွားဖို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရဲခေါင်က နန္ဒာ့ကို နမ်းဖို့ ခွင့်တောင်းခဲ့ပြီး နမ်းလိုက်တဲ့အချိန်မှာပဲ ရဲခေါင်ရဲ့ခန္ဓာကိုယ်ထဲကို ဝိညာဉ်တစ်ခုက ဝင်စီးခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး နန္ဒာ့ကို တွန်းဖယ်ပစ်ပြီး ပစ်ပစ်နှစ်နှစ်ပြောခဲ့ပါတယ်။ အဲဒါကြောင့် နန္ဒာလည်း စိတ်နာသွားခဲ့ပါတယ်။ ရဲခေါင်ရဲ့ ခန္ဓာကိုယ်ထဲကိုဝင်သွားတာက ဘယ်သူ့ရဲ့ ဝိညာဉ်လဲ။ ဘယ်လိုဇာတ်လမ်းတွေ ဆက်ဖြစ်ဦးမှာလဲ ဆိုတာကိုတော့ နိုဝင်ဘာ ၂၄ ရက်ကနေစပြီး ရန်ကုန်၊ မန္တလေး အပါအဝင် နယ်မြို့တွေ မှာ တစ်ပြိုင်တည်း ရုံတင်ပြသမယ့် တာတေကြီး ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ရှုစားပါ။

ဒီဇာတ်ကားမှာ ရဲခေါင်အဖြစ် နေတိုး၊ နန္ဒာအဖြစ်ရွှေသမီးတို့က ပါဝင်သရုပ်ဆောင်ထားပြီး မင်းတေဇရဲ့ ဇာတ်လမ်းကို သီဟစိုး ဇာတ်ညွှန်းရေးသားကာ ဒါရိုက်တာဝိုင်းက ရိုက်ကူးပုံဖော်ထားပါတယ်။