မန္တလေးတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပြီး မူးဝေအော့အန်သဖြင့် ကလေး ၁၇ဦး ဆေးရုံတက်ကုသရ

ကာကွယ်ဆေးထိုးနှံပေးနေစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

မန္တလေးတိုင်းဒေသကြီး တွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပြီးနောက် သွေးပေါင်ကျခြင်း၊ အော့အန်ခြင်း နှင့် ဖျားနာခြင်းလက္ခဏာများဖြစ် ပေါ်ခဲ့၍ ဆေးရုံတက်ကုသရသော ကလေး ၁၇ ဦးရှိကြောင်း ပြည် သူ့ကျန်းမာရေးဦးစီးဌာန တိုင်း ဒေသကြီးဦးစီးမှူး ဒေါက်တာသန်း သန်းမြင့်က ပြောသည်။

အသက်(၉)လမှ (၁၅)နှစ် ထိ ကလေးငယ်များအား ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံခြင်းကို နိုဝင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စီမံချက်ချ ထိုး နှံပေးနေသည်။

မန္တလေးတိုင်းဒေသကြီးတွင် နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ဂျပန်ဦးနှောက်ရောင်ကာကွယ် ဆေးထိုးနှံပေးပြီးနောက် သွေး ပေါင်ကျခြင်း၊ အော့အန်ခြင်းနှင့် ဖျားနာခြင်း  လက္ခဏာများဖြစ် ပွားပြီး ဆေးရုံတက်ကုသရသည့် ကလေး ၁၇ ဦးရှိကာ သာမန်ဖြစ် ပွားသူ ၁၀ ဦးနှင့် ပြင်းထန်ဖြစ် ပွားသူ ခုနစ်ဦးရှိကြောင်း ဒေါက် တာသန်းသန်းမြင့်ကပြောသည်။

ဆေးရုံတက်ကုသရသော ကလေးအများစုသည် အသက် (၁၂) နှစ်၊ (၁၃)နှစ်နှင့် (၁၄)နှစ် အရွယ်အများဆုံးဖြစ်ပြီး (၃)နှစ် နှင့် (၅)နှစ်အရွယ်ကလေးများ လည်း ပါဝင်သည်။ လက်ရှိတွင် ၎င်းတို့အားလုံးသည် သက်သာ၍ ဆေးရုံက ဆင်းပြီဖြစ်ကြောင်း ဒေါက်တာသန်းသန်းမြင့်က ပြော သည်။

‘‘သာမန်ကျတော့ ဆေးထိုး တဲ့နေရာလေးမှာ ရောင်တာမျိုး၊ အဖျားနည်းနည်းရှိတာမျိုးလေး တွေ ဖြစ်တယ်။ ပြင်းထန်ကျတော့ သွေးပေါင်ချိန်ပြုတ်ကျသွားတာ တွေ၊ အန်တာတွေဖြစ်တယ်။ ကျန်းမာရေးဝန်ကြီးဌာနက နောက်ထပ် ညွှန်ကြားချက်အ တိုင်း နေမကောင်းတဲ့ကလေးမျိုး၊ မိဘတွေကလည်း ထိုးဖို့ဆန္ဒမရှိ ဘူးဆိုရင်တော့ ထိုးမပေးပါဘူး’’ ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးရှိ မြစ်သား၊ ကျောက်ဆည်၊ မဟာ အောင်မြေ၊ အောင်မြေသာစံ၊ ရမည်းသင်း၊ ညောင်ဦး၊ ပြင်ဦး လွင်၊ မိုးကုတ်၊ တောင်သာနှင့် မလှိုင်မြို့နယ်ရှိ ကလေးငယ် ၁၇ ဦးဆေးရုံတက်ကုသခဲ့ရသည်။

ကာကွယ်ဆေးထိုးပြီးနောက် ပိုင်း ဆေးရုံတက်ကုသရခြင်း မရှိ သော်လည်း မူးဝေခြင်းနှင့် ဖျားနာ ခြင်းလက္ခဏာများပြသခဲ့သည့် ကလေး ၁,၁၄၆ ဦးရှိခဲ့ကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီး ဌာန မှတ်တမ်းများတွင် ဖော်ပြ ထားသည်။

မန္တလေးတိုင်းဒေသကြီးအ တွင်း အသက်(၉)လမှ (၁၅)နှစ် အထိ ကလေးငယ် ၁၀ သိန်း ကျော်ကို ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးထိုးပေးရန် ရည်မှန်းထားပြီး နိုဝင်ဘာ ၂၂ ရက်အထိ ကလေးရှစ်သိန်းကျော် (၇၇ ဒသမ ၄ ရာခိုင်နှုန်း) ထိုးပေး ထားပြီးဖြစ်ကြောင်း ဆိုသည်။

‘‘ဆေးထိုးပြီး လက္ခဏာ တစ်ခုခုပေါ်လာရင် သက်ဆိုင်ရာ ဆေးရုံတွေမှာ အမြန်ဆုံးကုသပေး တယ်။ ဒီရောဂါက ၂၀၁၅၊ ၂၀၁၆ မှာရခိုင်နဲ့ရှမ်းမှာဖြစ်ပွားခဲ့ တယ်။ ရောဂါဖြစ်လို့ ဦးနှောက်ထိ သွားရင် အဲဒီကလေးက တစ် သက်လုံးလူစဉ်မမီတော့ဘူး’’ ဟု ဒေါက်တာသန်းသန်းမြင့်က ပြော သည်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို မွေးရာပါရော ဂါအခံရှိသူများ၊ နာတာရှည်ရော ဂါခံစားနေရသူများ၊ ကိုယ်ဝန် ဆောင်များ၊ အတက်ရောဂါရှိ သူများ၊ HIV ဆေးသောက်သုံး နေရသူများ၊ တီဘီဆေးနှစ်လ အောက်သောက်သုံးနေရသူများ၊ လတ်တလော အပူကြီးပြီးဖျားနေ သော ကလေးများနှင့် ကူးစက် ရောဂါဖြစ်ပွားနေသူများ ထိုးနှံရန် မသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ် ပြန်ထားသည်။

‘‘သားသားက အခု(၂)နှစ် ကျော်ပြီဆိုတော့ ဆရာမက ထိုးရ မယ်ပြောတယ်။ ဒါပေမဲ့ ကလေး က ဖျားတယ်၊ ၀မ်းသွားနေတော့ ထိုးမပေးသေးဘူး။ ရက်ချိန်းပြန် ပေးထားတယ်’’ ဟု ပြည်ကြီးတံ ခွန်မြို့နယ်နေ မိခင်တစ်ဦးက ပြောသည်။

Top News