အားလပ်ရက်မှာ လည်ပတ်စရာ

သဘာဝတောတောင်အလှများနဲ့ ချင်းတွင်းမြစ်ကမ်းဘေးက ရွှေတောင်ဦးတောင်
ဓာတ်ပုံ− မျိုးမင်းဦး

ဒီတစ်ပတ်အားလပ်ရက်မှာ အ ပန်းဖြေစရာကဏ္ဍကတော့ ချင်း တွင်းမြစ်ကမ်းဘေးက သဘာဝ တောတောင်အလှများ ခံစားနိုင် မယ့် ရွှေတောင်ဦးတောင်ကို ညွှန်း ဆိုပါရစေ။ ရွှေတောင်ဦးတောင် တန်းကြီးက ယင်းမာပင်မြို့နယ် အတွင်း ချင်းတွင်းတံတား(မုံရွာ) အနီးမှာ တည်ရှိပါတယ်။

မုံရွာမြို့နဲ့ ကိုးမိုင်ခန့်ကွာဝေး တဲ့အတွက် ကားနဲ့သွားမယ်ဆိုရင် မိနစ် ၃၀ အတွင်း သွားရောက် လည်ပတ်နိုင်ပါတယ်။ မုံရွာမြို့က နေ မုံရွာ-ယာကြီး-ကလေးဝကား လမ်းအတိုင်း ချင်းတွင်းတံတား(မုံရွာ)ကို ဖြတ်သန်းပြီး တစ်မိုင်ခန့် အကွာမှာ ရွှေတောင်ဦး သာသနာ့မြေလမ်းခွဲကို ရောက်ရှိမှာဖြစ်ပါတယ်။ လမ်းခွဲလေးအတိုင်း ကားနဲ့ ငါးမိနစ်ခန့် ဝင်ရောက်သွားတာနဲ့ ရွှေတောင်ဦးတောင်ကို ရောက်ရှိမှာဖြစ်ပါတယ်။

ရွှေတောင်ဦးတောင်ကုန်းရဲ့ အထက်မှာ သီရိဓမ္မာသောကမင်း ကြီးတည်ထားကိုးကွယ်ခဲ့တဲ့ စေ တီတော်ကြီးကို ဖူးမြော်နိုင်ပါ တယ်။ တောင်ခြေစောင်းတန်းမုခ် ဦးအတိုင်း ငါးမိနစ်ခန့်တက် ရောက်တာနဲ့ တောင်ကုန်းထိပ်ကို ရောက်ရှိနိုင်ပါတယ်။ တောင်ပေါ် တက်ရောက်ဖို့ အခက်အခဲဖြစ်စေ တဲ့ အသက်အရွယ်ကြီးသူတွေအ တွက်တော့ ဓာတ်လှေကား စီစဉ် ထားပါတယ်။

ရွှေတောင်ဦး တောင်ကုန်း ကြီးတစ်ဝိုက်မှာ အညာဒေသမှာ ပေါက်ရောက်လေ့ရှိတဲ့ သစ်ပင် များဖြင့်  စိမ်းစိုနေပြီး  တောင်ကုန်းပတ်လည်မှာ လျှောက်လမ်း လေးများ ဖောက်လုပ်ထားတဲ့အ တွက် လမ်းလျှောက်ရင်း သဘာဝ တောတောင်အလှကို ခံစားနိုင်မယ့် နေရာတစ်ခု ဖြစ်ပါတယ်။ လမ်းဘေးဝဲယာမှာ အပန်းဖြေ နားနေနိုင်မယ့် ခုံတန်းလေးများ လည်း စီစဉ်ထားပါတယ်။

ရွှေတောင်ဦးစေတီတော် ဖူး မြော်ရင်း ရင်ပြင်တော်ကနေ ပတ် ဝန်းကျင်ရှုခင်းများ ခံစားနိုင်ပါ တယ်။ အရှေ့ဘက် အရပ်ဆီ မျှော်ကြည့်လျှင် ချင်းတွင်းမြစ်ရေ တသွင်သွင်စီးဆင်းနေတာကို မြင် တွေ့နိုင်ပါတယ်။ တောင်ဘက်အ ရပ်ဆီ မျှော်ကြည့်ပါက ချင်းတွင်း တံတား(မုံရွာ)၊ လက်ပံတောင်း တောင်၊ ကြေးစင်တောင်၊ စံပယ် တောင်နှင့် မုံရွာမြို့၏ မြို့ပြအ ဆောက်အအုံများကို မြင်တွေ့နိုင် ပါတယ်။ အနောက်ဘက်နဲ့ မြောက်  ဘက်အရပ်ဆီမှာ ညီညာ ဖြောင့်ဖြူးပြီး စိမ်းစိုနေတဲ့လယ် ယာမြေများကို မြင်တွေ့ခံစားနိုင် ပါတယ်။

ရွှေတောင်ဦးတောင်ရဲ့ အ ရှေ့ဘက် လှေကားလေးအတိုင်း ဆင်းသွားလျှင် ပထမလယ်တီဆ ရာတော်ကြီး တရားအားထုတ် ကျင့်ကြံခဲ့တဲ့ သဘာဝကျောက် လိုဏ်ဂူကို တွေ့မြင်နိုင်ပါတယ်။ မြန်မာသက္ကရာဇ် ၁၂၆၃ နှင့် ၁၂၆၄ တို့မှာ ပထမလယ်တီဆရာတော် ကြီးက ကျောက်လိုဏ်ဂူအတွင်း တရားအားထုတ်ရင်း ဒီပနီကျမ်း သုံးကျမ်းကို ပြုစုခဲ့သည့်နေရာ လည်းဖြစ်ပါတယ်။ တရားအား ထုတ်ကျင့်ကြံသူများလာရောက် သူများပြားတဲ့နေရာလည်း ဖြစ်ပါ တယ်။

ရွှေတောင်ဦးတောင်၏အ နောက်ဘက်မှာတော့ လွမ်းစေတီ တည်ရှိရာ တောင်ကုန်းရှိပါတယ်။ လွမ်းစေတီနှင့်  ရွှေတောင်ဦး တောင်ကို မေတ္တာပေါင်းကူးကြိုး တံတားနဲ့ ဆက်သွယ်ထားပါ တယ်။

ဘုရားဖူးလာရောက်လည် ပတ်သူ အများစု ကြိုးတံတားပေါ် မှာ ခုန်ပေါက်ပျော်မြူးသူ၊ အလှ ဓာတ်ပုံရိုက်သူများပြားတဲ့နေရာ လည်းဖြစ်ပါတယ်။ လွမ်းစေတီ တောင်ထိပ်ဖျားမှာ စေတီတစ်ဆူ ရှိပြီး ဇရပ်ကလေးမှာ အပန်းဖြေ နားနေလို့ ရပါတယ်။ တောင်ကုန်း ကလေးထိပ်မှာတော့ အရပ်ရှစ် မျက်နှာတစ်ခွင် သာယာလှပတဲ့ အညာဒေသရှုခင်းများကို ရှုမြင် ခံစားနိုင်ပါတယ်။

လွမ်းစေတီရဲ့ မေတ္တာပေါင်း ကူးကြိုးတံတားအောက်မှာ လမ်း ကလေးအတိုင်း သွားမယ်ဆိုရင် သဘာဝကျောက်တုံးကြီးတစ်တုံး ကို သစ်သားတုတ်ချောင်းကလေး များ ထောက်ထားတာကို မြင်တွေ့နိုင်ပါတယ်။ ကျောက်တုံးကြီးမှာ လေးထောင့်ပုံစံ ရှိတာကြောင့်ဒေသခံများက ကျောက်သေတ္တာကြီးကို ခေါ်တွင်ခဲ့ကြပါတယ်။ ကျောက်သေတ္တာကြီးကို တုတ် ချောင်းကလေးများဖြင့် ထောက် ကန်ပေးခြင်းဖြင့် လိုအင်ဆန္ဒများ ပြည့်ဝသည်ဟု အယူအဆများ ကြောင့် ကျောက်တုံးကြီး၏ဘေး ပတ်လည်တွင် သစ်သားတုတ် ချောင်းကလေးများ ထောက်ထား ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုပါတယ်။

 ကျောက်သေတ္တာကြီးရဲ့ တောင်ဘက်မှာ တိရစ္ဆာန်လေး များ ထိန်းသိမ်းစောင့်ရှောက်ထား ပါတယ်။ သမင်၊ မျောက်၊ ဝက်ဝံ၊ ဒေါင်း၊ ရစ်၊ ယုန်၊ လိပ်၊ ကြိုးကြာ၊ အောက်ချင်းငှက်၊ ငန်း၊ ဘဲ စသည့်သတ္တဝါလေးများ  ရှိပါတယ်။ တိရစ္ဆာန်ငယ်လေးများကို ကြင်နာစွာ အစာကျွေးလို့ရအောင် အစာ အရောင်းဆိုင်လေးများလည်း ရှိပါတယ်။ ရွှေတောင်ဦးတောင် လာရောက်လည်ပတ်သူတိုင်း တိရစ္ဆာန်လေးများအတွက် အစာ ကျွေးရင်း ကုသိုလ်ပြုနိုင်တဲ့နေရာ လည်းဖြစ်ပါတယ်။

ရွှေတောင်ဦးတောင် အရှေ့ ဘက်မှာတော့ ရှေးအခါက တည် ဆောက်ခဲ့သော အုတ်လှေကား လမ်းကလေးရှိပြီး ချင်းတွင်းမြစ် ကမ်းကို သွားနိုင်ပါတယ်။ ချင်း တွင်းမြစ်ကမ်းသွားရာ အုတ်လမ်း ကလေးရဲ့ ဘေးဝဲယာမှာ အမော ပြေအပန်းဖြေနိုင်တဲ့ အုတ်ရေအိုး စင်နဲ့ထိုင်ခုံလေးများရှိပါတယ်။ လမ်းဘေးဝဲယာ တစ်လျှောက် တောင်ကုန်းတောင်တန်းကြီးမှာ သန်း၊ ဒဟတ်၊ တမာ စသည့် သဘာဝစိမ်းစိုနေသော သစ်တော ကြီးလည်း ရှိပါတယ်။ အုတ်လမ်း ကလေးအတိုင်း ၁၀ မိနစ်ခန့် လမ်း လျှောက်သွားရုံဖြင့် ချင်းတွင်းမြစ်ဆိပ်ကမ်းကို ရောက်ရှိနိုင်ပါ တယ်။

နွေရာသီ ချင်းတွင်းမြစ်ရေ ကျဆင်းချိန်တွင် ရွှေတောင်ဦး တောင်၏ အရှေ့ဘက်မှာ သဲသောင်များ ပေါ်ထွန်းနေတတ်ပါ တယ်။ သဲသောင်ပေါ်မှာ ဘောလုံးကစားခြင်း၊ မိသားစုလိုက် အပန်းဖြေနားနေလို့ရတဲ့ ကမ်းခြေတစ်ခု လည်းဖြစ်ပါတယ်။ ရွှေတောင်ဦးတောင်လာရောက်လည်ပတ်ရင်း ချင်းတွင်းမြစ်ရေ ဆင်းချိုးလျှင် တော့ အန္တရာယ်ရှိတဲ့နေရာအဖြစ် သက် ဆိုင်ရာက သတ်မှတ်ထားပါ တယ်။

 ချင်းတွင်းမြစ်ရဲ့ အတိမ် အနက်မသိဘဲ ရေဆင်းကူးသူအ ချို့ ရေနစ်သေဆုံးတာမျိုးရှိခဲ့ဖူး တယ်လို့ ဒေသခံများက ပြောပါ တယ်။

ဘုရားဖူးရင်း သဘာဝတော တောင်အလှအပများခံစားဖို့ လာ ရောက်လည်ပတ်သူများအတွက် ရွှေတောင်ဦးတောင်ကို ရောက်ပြီ ဆိုရင် ညအိပ်ညဥ့်နေ တည်းခိုလို့ ရမည့် ဇရပ်အဆောက်အအုံများ လည်းရှိပါတယ်။ ဇရပ်လေးခုခန့်ရှိပြီး ဘုန်းကြီးကျောင်း ရှစ်ကျောင်းခန့်လည်း ရှိပါတယ်။ တောင်ကုန်းဘေးမှာ အဆာပြေစားသောက်နိုင်မယ့် မုန့်ဈေးဆိုင်တန်းကလေးများလည်း ရှိပါတယ်။ ချင်းတွင်းဆိပ်ကမ်းသွားတဲ့ လမ်းဘေးမှာတော့ အမှတ်တရ အင်္ကျီရောင်းချတဲ့ ဆိုင်ကလေးတစ်ဆိုင်လည်း ရှိပါတယ်။

ရွှေတောင်ဦးတောင်ကို လာ ရောက်လည်ပတ်ရင်း စားသောက်ဖွယ်ရာများ စားသောက်ချင်တယ် ဆိုရင်တော့ မုံရွာ-ယာကြီးကား လမ်း ရွှေတောင်ဦးလမ်းခွဲအနီးမှာ စားသောက်ဆိုင်တန်းများရှိပါ တယ်။ အညာထမင်း၊ ဟင်းကို  သာမက လက်ဖက်ရည်၊ ကော်ဖီ နှင့် စားသောက်ဖွယ်ရာများကိုပါ စားသောက်နိုင်တဲ့ နေရာဖြစ်ပါ တယ်။

ရွှေတောင်ဦးတောင်မှာ သ ဘာဝအလှတရားများ ခံစားဖို့ လာရောက်လည်ပတ်ရုံသာမက တရားဘာဝနာအားထုတ်နိုင်မယ့် လယ်တီဝိပဿနာတရားရိပ်သာ လည်း ရှိပါတယ်။ တိပိဋကစာမေး ပွဲဖြေဆိုမယ့် ဆရာတော်များ သီ တင်းသုံးနေထိုင်တဲ့ တိပိဋက ဓမ္မ ပါလကျောင်းဆောင်ကြီးလည်း ရှိပါတယ်။

ဒါကြောင့် အားလပ်ရက်မှာ သဘာဝရှုခင်းများကို ခံစားရင်း ပထမ လယ်တီဆရာတော်ကြီး တရားအားထုတ်ကျင့်ကြံခဲ့တဲ့ နေရာများကို လေ့လာနိုင်ဖို့ ရွှေတောင်ဦးတောင်ကို တစ်ခေါက် အလည်သွားရောက်ဖို့ ညွှန်းဆို ပါရစေ။