‘‘စာပေဆုကတော့ ရမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ မမျှော်လင့်ဘဲရတဲ့ စာပေဆုပါ’’

အမျိုးသားစာပေဆုရှင် စာရေးဆရာညီပုလေးနှင့်တွေ့ဆုံခြင်း
ဓာတ်ပုံ−ကျော်ဇင်သန်း

စာပေနှင့်နိုင်ငံရေးတွင် မိမိ ယုံကြည်ရာကိုသာ တစိုက်မတ် မတ် ရပ်တည်လုပ်ကိုင်ခဲ့ပြီး နယ် ပယ်နှစ်ခုစလုံးတွင် သြဇာကြီးမား ခဲ့သော စာရေးဆရာကြီး လူထု ဦးလှနှင့် လူထုဒေါ်အမာတို့၏ သားတစ်ဦးဖြစ်သူ စာရေးဆရာ ညီပုလေးသည် ဒီမိုကရေစီအစိုးရ ခေတ်တွင် ချီးမြှင့်သော အမျိုး သား စာပေဆုကို ရရှိခဲ့သည်။ နိုင်ငံရေးအကျဉ်းသားလည်း ဖြစ် ခဲ့ဖူးပြီး လူထုမိသားစု၏ အငယ် ဆုံးသားဖြစ်သူ ဆရာညီပုလေး သည် ‘ထက်မြက်သောဓားသွား ပေါ်က ချိုမြမြပျားရည်စက်’ စာအုပ်ဖြင့် အမျိုးသားစာပေဆု (ဝတ္ထုရှည်)ရရှိခဲ့သည်။ အဆိုပါ စာအုပ်တွင် ဆရာဝန်ကြီး ဒေါက်တာသိန်းလှိုင်ခေါ် နာဂသိန်းလှိုင်၏ ဘဝဖြစ်ရပ်မှန်အကြောင်းကို ရေးသားထားသည်။ ထို့ကြောင့် စာရေးဆရာညီပုလေး၏ စာပေဖြတ်သန်းမှုများနှင့် အမျိုးသားစာပေ ဆုနှင့်ပတ်သက်၍ မေးမြန်းထား မှုကို ဖော်ပြလိုက်ရပါသည်။

‘ထက်မြက်တဲ့ဓားသွားပေါ်က ချို မြမြ ပျားရည်စက်’စာအုပ်ရေးဖြစ် တဲ့အကြောင်းလေး ပြောပြပေးပါ ဆရာ။

အမေလူထုဒေါ်အမာက မန္တ လေးမှာ ပူအိုက်တဲ့အခါ ပြင်ဦး လွင်ခြံမှာ အပူရှောင်လေ့ရှိတယ်။ အဲဒီလို အပူရှောင်တဲ့အခါ ဆွေ မျိုးတွေ၊ မောင်နှမတွေ တစ်လှည့် ဆီ အဖော်ရအောင် သွားပေးကြ တယ်။ အဲဒီလိုနေရင်းနဲ့ ဒေါက် တာ ကျော်ကျော်မြင့်က အမေ့ရဲ့ ကျန်းမာရေးစောင့်ရှောက်ဖို့ မပြတ်လာတယ်။ သူနဲ့အတူ ဒေါက်တာသိန်းလှိုင်လည်း ပါ တယ်။ ဒေါက်တာသိန်းလှိုင်နဲ့က ဟိုးတုန်းကတည်းက နာဂ တောင်တန်းတွေကို အဖေသွား တော့ လိုက်သွားကတည်းက တွေ့ဖူးတယ်။ ပြင်ဦးလွင်မှာ ပြန် တွေ့တော့ ရှေးဟောင်းနှောင်းဖြစ် တွေပြောရင်းနဲ့ ဆရာကြီး နာဂ သိန်းလှိုင်က သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်။ ဆရာကြီးကို ခွင့် တောင်းပြီးတော့ အသံဖမ်းစက်နဲ့ သူပြောသမျှတွေကို ဖမ်းထား တယ်။ နာရီ ၃၀ စာလောက်ရှိ တယ်။ အဲဒီဟာကို ပြန်ဖြေပြီး ဝတ္ထုရေးခဲ့တာ။

တစ်သက်တာစာပေဆုနဲ့ အမျိုး သားစာပေဆုမှာ ဒီနှစ်ရခဲ့တဲ့ ပုဂ္ဂိုလ်တွေက နောက်ကြောင်းရာ ဇဝင်အသီးသီးရှိခဲ့တယ်။ စာပေ အရရော၊ နိုင်ငံရေးအရရောပေါ့။ အဲဒီအပေါ်မှာ ဆရာ့ရဲ့ သုံးသပ် ချက်လေး ပြောပြပေးပါဦး။

စာပေဆုကတော့ ရမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ မမျှော်လင့် ဘဲရတဲ့ စာပေဆုပါ။ အရင်က အမျိုးသားစာပေဆု ရွေးချယ်တဲ့ လူတွေက မရွေးခဲ့လို့  တို့မရတာ ပေါ့။ ဒီနှစ်တော့ အသစ်ဖွဲ့စည်း တယ်။ တချို့စာရေးဆရာတွေ မေးကြည့်တော့လည်း သူတို့ လည်း ရမယ်လို့ထင်မထားဘူး။ ရွေးချယ်ရေးအဖွဲ့ အသစ်ကြောင့် ရတာလို့ ခံစားရတယ်တဲ့။ စာ ဖတ်ပရိသတ် မိတ်ဆွေတွေက လည်း သူတို့ကြိုက်တဲ့စာအုပ်၊ သူ တို့လက်ခံတဲ့စာအုပ်၊ ပရိသတ် လက်ခံတဲ့ စာပေဆုဖြစ်တယ်လို့ ပြောတာတွေ ကြားရတယ်။

ဒီနှစ် ဘာသာပြန်စာပေဆု မပေး တဲ့အပေါ် ဝေဖန်မှုတွေလည်းရှိခဲ့ တယ်။ အဲဒီအပေါ်မှာ ဆရာ့ရဲ့ အမြင်လေး ပြောပြပေးပါဦး။အမှန်တော့ ထိုက်တန် တယ်၊ ပေးဖို့ကောင်းတယ်ဆို ပေးသင့်တယ်။ ဆုရွေးချယ်ရေးက ဘာလို့မပေးလဲဆိုတာ တို့လည်း မပြောတတ်ပါဘူး။ ဘာသာပြန် ဓလေ့ ထွန်းကားဖို့၊ အားပေးဖို့ ကောင်းတယ်။ တို့တွေက ဗမာလို ကနေ အင်္ဂလိပ်လိုမဖတ်နိုင်တဲ့ အခါ ဘာသာပြန်အားကိုးရတယ်။ ဘာသာပြန်စာပေက ထွန်းကားဖို့ ကောင်းပါတယ်။

အမျိုးသားစာပေဆုမှာဆို စကား ပြောနဲ့ ရေးလို့ စာပေဆုမရတာ တွေရှိတယ်။ စကားပြေနဲ့ စကား ပြော အဲဒီအပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုမြင်လဲ။

စကားပြောနဲ့ရေးတဲ့ စာအုပ် တွေ စစ်ဆေးလေ့မရှိပါဘူး။ ဒီနှစ် ပေးတော့ အရင်တုန်းက မပေး တာ စည်းကမ်းတွေ၊ ဥပဒေတွေ ထုတ်ထားလို့လားလို့ တွေးစရာ ဖြစ်တာပေါ့။ စကားပြောနဲ့ရေးတဲ့ စာအုပ်ကို ပေးတဲ့အတွက် စကား ပြောကို စွဲစွဲမြဲမြဲ ရေးတဲ့လူတွေ အတွက် တွန်းအားဖြစ်တယ်။ ပို ပြီးကြိုးစား အားထုတ်ချင်စိတ်တွေ ပေါ်လိမ့်မယ်။

ဆရာ ဘယ်အသက်အရွယ်က တည်းက စာတွေကို စရေးခဲ့တာ လဲ။

၁၉၈၅ ခုနှစ်ကတည်းက စရေးခဲ့တာပါ။

ဆရာ့အကြိုက်ဆုံး စာပေအမျိုး အစားက ဘာဖြစ်မလဲ။

ဝတ္ထုတိုကြိုက်တယ်။ အက် ဆေးတွေလည်းကြိုက်တယ်။ စာ ရေးဆရာကတော့ ဆရာမြသန်း တင့် ကြိုက်တယ်။

စာရေးချင်တဲ့ လူငယ်တွေကို ဆရာ့အနေနဲ့ ဘယ်လိုအကြံပေး ချင်လဲ။

စာတွေအများကြီး ဖတ်ရ မယ်။ စာတွေဖတ်ရင်းနဲ့ ဖတ်ပါ များရင် ရေးချင်လာလိမ့်မယ်။ တချို့စာတွေက အနုပညာသိပ်ပါ တာ။ အတတ်ပညာလည်း သိပ် ကောင်းတယ်။ အဲဒီအခါ ရင်ထဲ ကိုစွဲပြီး ငါလည်းရေးနိုင်လိမ့်မယ် ဆိုတဲ့ စိတ်ကလေး စာဖတ်သူက ပေါ်လိမ့်မယ်။ အဲဒီအခါရေးကြည့် ပါ။ ဒါပေမဲ့ ဝတ္ထုတိုရေးမယ့်လူက ဝတ္ထုတိုတွေ အများကြီးဖတ်ဖို့လို တယ်။ ကဗျာရေးမယ့်လူက ကဗျာတွေအများကြီး ဖတ်ဖို့လို လိမ့်မယ်။ စာများများဖတ်ပြီး ရေး ပါ။ ကိုယ့်စာကိုယ်တော့ တာဝန် ယူရလိမ့်မယ်။

မြန်မာနိုင်ငံမှာ စာပေကို အခု ထက်ပိုပြီး တိုးတက်အောင်၊ တန် ဖိုးထားအောင် အဘက်ဘက်က ဘယ်လို ဆောင်ရွက်သင့်တယ်လို့ ထင်လဲဆရာ။

တစ်ချိန်က စာအုပ်အငှား ဆိုင်တွေရှိခဲ့တယ်။ စာပေစိစစ် ရေးရှိတဲ့အချိန်မှာတောင် ရှိခဲ့တဲ့ လုပ်ငန်း။ ရသစာပေတွေ၊ သုတ စာပေတွေ မဖတ်ဖြစ်တဲ့ ကာလ တွေရောက်သွားတော့ စာအုပ် အငှားဆိုင်တွေ ပြုတ်သွားတယ်။ စာအုပ်အငှားဆိုင်တွေ မရှိတော့ တဲ့အခါ စာကြည့်တိုက်တွေ ထွန်းကားဖို့ကောင်းတယ်။ တချို့ ဒေသမှာ စာကြည့်တိုက်တွေ ရှိပါ တယ်။ ဒါပေမဲ့ ခက်ခက်ခဲခဲ ရုန်း ကန်ရတယ်။ တိုင်းပြည်ရဲ့ လူဦး ရေနဲ့ တိုင်းပြည်ရဲ့ အကျယ်အဝန်း နဲ့ဆိုရင် စာကြည့်တိုက်က နည်း သေးတယ်။ အစိုးရက စာကြည့် တိုက်တွေကို အတတ်နိုင်ဆုံး ထောက်ပံ့ကူညီရင် ကောင်းမယ်။ ဒါပေမဲ့ အစိုးရမှာ ဘတ်ဂျက်မရှိ ဘူး။ စာကြည့်တိုက်အတွက်။ နောက်တစ်ခါ ကာကွယ်ရေး အသုံးစရိတ်က ကြီးနေတယ်။ ငြိမ်းချမ်းရေးရမယ်။ ပြည်တွင်းစစ် မရှိတော့ဘူး။ ကာကွယ်ရေးအသုံး စရိတ်တွေ လျှော့ချမယ်ဆိုရင် ပညာရေးတို့၊ ကျန်းမာရေးတို့၊ စာကြည့်တိုက်တို့၊ ထွန်းကားဖို့ ဖြစ်လာမှာ။ အဲဒါကြောင့် ငြိမ်း ချမ်းရေးရဖို့ လိုတယ်။

ဆရာ ဘာများ ဖြည့်စွက်ပြောချင် သေးလဲ။

စာပေဆုရတဲ့အတွက် တာ ဝန်တော့ ပိုကြီးတယ်။ ဘယ်သူကို မှ ပြိုင်ဖို့မဟုတ်ဘူး။ ၂၀၁၆ ဆု ရထားတဲ့ ညီပုလေးကို ပြိုင်ရမှာပဲ ပေါ့။

ကျေးဇူးတင်ပါတယ်။

စာရေးဆရာညီပုလေး၏

ကိုယ်ရေးအကျဉ်း။

- ဆရာညီပုလေးကို အဖလူထု ဦးလှနှင့် အမိ လူထုဒေါ်အမာတို့မှ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ သည်။

- မန္တလေးမြို့ အမှတ် (၉) အစိုးရ အထက်တန်းကျောင်းမှ ဆယ် တန်းအောင်သည်။

- ၁၉၈၀ တွင် မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ဘူမိဗေဒအဓိ ကဖြင့် သိပ္ပံဘွဲ့ရသည်။

- ၁၉၈၅ ဇွန်လထုတ် စံပယ်ဖြူ မဂ္ဂဇင်းပါ ‘လျက်ဆားတစ်တို့’ ဝတ္ထုတိုဖြင့် စာပေလောကသို့ ဝင် ရောက်ခဲ့သည်။

ဆရာညီပုလေး၏

ထုတ်ဝေပြီး စာအုပ်များ

သူ့ထက်ကဲ ရွှေပြည်စိုးညီပုလေး (၁၉၈၉)

ကလေးလူကြီး ကြိုက်ပြီးချစ်ကြ ပါတဲ့ ညီပုလေးဝတ္ထုတိုများ (၁၉၉၀)

လမင်းရဲ့ ချိုသာတဲ့လက်ခုပ်သံ (၂၀၀၂)

တစ်ကြောင်းဆွဲ ကလေးပန်းချီနှင့် အခြားဝတ္ထုတိုများ (၂၀၀၂)

လူအအိပ်မက် ဝတ္ထုတိုများ (၂၀၀၃)

ငြိမ်သက်တစ်မိနစ်နှင့် အခြား ဝတ္ထုတိုများ (၂၀၀၆)

ဆူးရစ်ပဒုမ္မာ ကျားလျှာထနောင်း ဝတ္ထုတိုများ (၂၀၀၇)

လီဒို-ဟူးကောင်း မင်ခြစ်မှတ်စု (၂၀၀၅)

မြေးသူကြီး (၂၀၀၅)

ကြည်ပြာရောင် လိမ္မော်ရောင် မဟော်ဂနီရောင် ရှုမျှော်ခင်းများ (၂၀၀၆)

စိမ်းလန်းတဲ့တောင်ကုန်း မြင့်မား တဲ့ တောင်တန်း (၂၀၀၈)

အဆန်းနော်လိုရာကွန့်နိုင်တဲ့ (၂၀၁၂)

လပ်ပေါ် ကိုးအုပ်တော့ မြတ် လျှော်ပုဆိုးစုတ်နှင့် (၂၀၁၂)

ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြ ပျားရည်စက် (၂၀၁၆)

ဖင်စီခံနေ့စဉ်နှင့် အခြားဝတ္ထုတို များ (၂၀၁၆)