မန္တလေးတက္ကသိုလ် မြန်မာစာဒုတိယနှစ် ကျောင်းသားကျောင်းသူများ ဂုဏ်ထူးတန်းမပါ၍ ဌာနမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ တိုင်ကြားခံရ

မန္တလေးတက္ကသိုလ် မြန်မာစာဌာန တွင် ၂၀၁၆-၁၇ ပညာသင်နှစ်၌ ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူအားလုံးနီးပါး အောင် မြင်သော်လည်း ဂုဏ်ထူးတန်းမပါခဲ့၍ မြန်မာ စာဌာန ဌာနမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်အား လုံး တိုင်ကြားခံရပြီး ရက်ပိုင်းအတွင်း ဌာနမှူး ပါမောက္ခ ဒေါက်တာချိုချိုတင့်၏ အပြောင်း အရွှေ့ထွက်ပေါ်ခဲ့သည်။

မန္တလေးတက္ကသိုလ်၌ အ တန်းတင်စာမေးပွဲ စစ်ဆေးရာ နိုဝင်ဘာ ၁၄ ရက်တွင် အောင် စာရင်းထွက်ပြီး မြန်မာစာဌာန ဒုတိယနှစ်ကျောင်းသား၊ ကျောင်း သူ ၄၉ ဦးဖြေဆိုရာ နှစ်ဦးကျရှုံး ပြီး ၄၇ ဦး အောင်မြင်ခဲ့သည်။

ယမန်နှစ် စာသင်နှစ်က  မြန်မာစာ ဒုတိယနှစ်တွင် ၁၀ ဦးခန့် ဂုဏ်ထူး တန်းဝင်ခဲ့ကြောင်း မန္တလေးတက္ကသိုလ်မှ နည်းပြ တစ်ဦးက ဆိုသည်။

ဂုဏ်ထူးတန်းတက်ရောက် နိုင်ရေး အရည်အသွေးမီသင်ကြား ရန် တာဝန်ပျက်ကွက်သူများကို အရေးယူပေးရန်ဟုဆိုကာ မန္တ လေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့က နိုဝင်ဘာ ၁၆ ရက် တွင် သက်ဆိုင်ရာဌာနအသီးသီး သို့ တိုင်ကြားခဲ့သည်။

ထိုသို့ တိုင်ကြားပြီးနောက် မန္တလေးတက္ကသိုလ် မြန်မာစာဌာန ဌာနမှူးပါမောက္ခ ဒေါက်တာချိုချို တင့်ကို မန္တလေးအဝေးသင်တက္က သိုလ် မြန်မာစာဌာနသို့ ပြောင်း ရွှေ့ရန် နိုဝင်ဘာ ၂၂ ရက်က စာ ထွက်ခဲ့သည်။ သို့သော် အခြား ဝန်ထမ်းများကိုမူ တစ်စုံတစ်ရာ အပြောင်းအရွှေ့မရှိခဲ့ပေ။

၎င်းသည် ၂၀၁၆ ဒီဇင်ဘာ ၁ ရက်တွင် ကျိုင်းတုံတက္ကသိုလ်မှ မန္တလေးတက္ကသိုလ်သို့ တာဝန် ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး ရောက် ရှိချိန် တစ်နှစ်မပြည့်သေးကြောင်း ဒေါက်တာ ချိုချိုတင့်က ပြော သည်။

‘‘သာမန်ဝန်ထမ်းအပြောင်း အရွှေ့သဘောပုံစံမျိုးဆိုပေမယ့် ပညာရေးအသိုင်းအဝိုင်းမှာ ဒါ ကြောင့် ပြောင်းရတယ်ဆိုတာ အားလုံးသိတယ်။ မန္တလေးတက္က သိုလ်မှာ လုပ်သက် ငါးနှစ်အ ထက်ရှိမှ ပြောင်းရတာချည်းပဲ။ တချို့ဆို အနှစ် ၂၀ ကျော်သမား တွေရှိသေးတယ်။ ဂုဏ်ထူးတန်း မထွက်တဲ့ကိစ္စမှာလည်း ကျောင်း သားတွေ အမှတ်က ဂုဏ်ထူးတန်း မရဘူးလို့ ပြောပြတော့ ဒုပါမောက္ခချုပ်ကိုယ်တိုင်က ဒီအတိုင်းပဲလုပ် ပါ။ ကျွန်မကိုယ်တိုင်ကလည်း အမှတ်ကို ဘာမှလုပ်လို့မရဘူး။ ကျွန်မကလည်း ကျောင်းသား၊ ကျောင်းသူတွေကို ကိုယ့်သား သမီးအရင်းလို သင်ကြားပြသခဲ့ တာပါ။ အခုတော့ ဒီလိုနာမည်ဆိုး ကြီးနဲ့ ပြောင်းရွှေ့ရမှာ ကျွန်မအ တွက် တော်တော်လေး နစ်နာ တယ်။ ကျွန်မက ယူထားတဲ့ဘွဲ့ တွေနဲ့ ဒီလိုကျောင်းမျိုးမှာ ပြန်သင်ချင်တယ်’’ဟု လုပ်သက် ၃၂ နှစ် ရှိသူ ဒေါက်တာချိုချိုတင့်က ပြောသည်။

မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ တိုင်ကြားစာ တွင် မြန်မာစာအမှတ် မြင့်မား သော မျိုးဆက်သစ်မြန်မာစာ ကျောင်းသား၊ ကျောင်းသူအားလုံးအဆင့်မီကြောင်း မပါဝင်ဘဲ ထုတ်ပြန်ထားသော အောင်စာရင်း သည် မှန်ကန်သည်ဟု လက်မခံ နိုင်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ယုံကြည်ဖွယ်မရှိသော စာမေးပွဲအဖြေလွှာများကို ပညာ ရေးဝန်ကြီးဌာနက ကြီးကြပ်၍ အခြားအငြိမ်းစား မြန်မာစာ ပါမောက္ခများဖြစ်စေ၊ အခြား တက္ကသိုလ် မြန်မာစာဌာနများမှ ဖြစ်စေ ပြန်လည်စိစစ်ပေးရန် တောင်းဆိုထားသည်။

အောင်စာရင်းမှန်ကန်လျှင် ကျောင်းသား၊ ကျောင်းသူများကို အဆင့်မီ၊ အရည်အသွေးမီ သင် ကြားပြုစုပျိုးထောင်ရန် တာဝန် ပျက်ကွက်ခဲ့သော မြန်မာစာဌာန အုပ်ချုပ်ရေးအဖွဲ့သည် မန္တလေးတက္ကသိုလ် မြန်မာစာဌာနနှင့် မထိုက်တန်ဟု ဆိုသည်။

အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ‘‘အပြောင်းအရွှေ့က တိုင်ကြားမှုနဲ့ မဆိုင်ပါဘူး။ ဌာန တွင်း လိုအပ်သလို အပြောင်းအ ရွှေ့လုပ်တဲ့သဘောပါ’’ဟု ပြော သည်။

မန္တလေးတက္ကသိုလ်တွင် ၂၀၁၅-၁၆ ပညာသင်နှစ် တက္က သိုလ်အမှတ်ပေါင်း ၄၂၀ နှင့် မြန်မာစာအမှတ် ၇၀ အနိမ့်ဆုံးရရှိ သူများကို ရွေးချယ်၍ မြန်မာစာ ဘာသာရပ်ကို အထူးပြုသင်ယူ ခွင့်ပြုခဲ့သည်။

မန္တလေးတက္ကသိုလ်မှ နည်း ပြတစ်ဦးက စာမေးပွဲမေးခွန်းအ ဖြေလွှာနှင့်ပတ်သက်၍ ပါမောက္ခ များက လုပ်ပိုင်ခွင့်မရှိဘဲ အထက် ကသာ ဆောင်ရွက်ခွင့်ရှိကြောင်း ပြောသည်။

ထို့အပြင် ရန်ကုန်နှင့် မန္တ လေးတက္ကသိုလ်ကဲ့သို့ နေရာများ တွင် အမှန်တကယ်အရည်အချင်း ရှိသူများ၊ ပညာတော်သင်သွား ရောက်ဖူးသူများကိုသာ အများစု ခန့်အပ်ထားပြီး ဒေါ်ချိုချိုတင့် သည်လည်း အရည်အချင်းပြည့် သူဖြစ်ကြောင်း ၎င်း၏ အမြင်ကို ပြောသည်။

More in News Section