ပဲစားပြီး ပျော်နိုင်ပါစေ

ပဲ စားမှုမြင့်အားအောင်××× ကြိုးစားဖော်ဆောင်မည်××× ဗီတာမင်ကယ်လိုရီတကယ်ကို စုံညီ××× အာဟာရပြည့်ဝသည်×××ဝမ်းမီးကို××× တကယ်တောက်စေသည်×××အမြဲတမ်းသာ××× တို့စားကြမည်×××ပဲမျိုးစုံနဲ့××× အနာဂတ်ကို တို့တစ်တွေလှမ်းကြမည်××× ဝမ်းလည်း မှန်ကာ×××တဘွတ်ဘွတ်မြည်ကာ ×××ကျန်းမာသန်စွမ်းမည်××× နောက်မျိုးဆက်များ ခန္ဓာကြီးထွားအောင်××× ပဲစားရမည်×××တို့ ယုံကြည်×××

အင်း...ကျန်းမာသန်စွမ်း၊ အနာဂတ်လမ်း၊ အောင်မြင်လှပ၊ ပဲစားမှဆိုတဲ့ ဆောင်ပုဒ်မျိုး၊ အလှမစား၊ ပဲမများ၊ တကယ်ပဲ စားကြမည် ဆိုတဲ့ ဆောင်ပုဒ်မျိုး၊ ဒါမှမဟုတ် ရိုးသားကြိုးစား၊ ပဲစား ၍ နိုင်ငံတော်သစ်တည်ဆောက် အံ့ဆိုတဲ့ ဆောင်ပုဒ်မျိုးလေးတွေ လူစည်ကားရာရုံးရှေ့၊ ကျောင်း ရှေ့၊ လမ်းဆုံလမ်းခွ၊ သားဖွားခန်း ကနေ ဘိုးဘွားရိပ်သာအထိ နေ ရာမလပ် ချိတ်ဆွဲကြရတော့မယ့် အချိန်ရောက်ရှိလာပြီလို့ ဆိုချင်ပါ ရဲ့။ ပဲမျိုးစုံမှာ ပါဝင်တဲ့ အာဟာရ က နည်းမှ မနည်းကိုး။ ပညာရှင် တွေက ပဲမျိုးစုံမှာ ပါဝင်တဲ့ ဗီတာ မင်တွေ၊ ပရိုတိန်းတွေ၊ ကယ်လိုရီ ဆိုတာတွေ အတိအကျရှင်းပြပေ မယ့် ကိုယ်တွေက ဗိုလ်စာတွေ မ တတ်တော့ ရှင်းမပြတတ်၊ ပဲစား အားရှိတယ်၊ လူကောင်ထွား တယ်ဆိုတာနဲ့တင် ကျေနပ်နေ ပေါ့။ ဒါတင်မက ညှပ်ကြီးရှေ့မှာ ပဲစားပြီး ထွားနေသူကြီးတစ် ယောက် အခိုင်အမာသက်သေရှိ နေလို့ပါပဲ။

ညှပ်ကြီးမိတ်ဆွေ ဆာသော် ဒိုးဆိုတာ ပဲအားကိုးနဲ့ အလှတိုး နေတဲ့ ပဲကြိုက်တဲ့မောင်ပါခင်ဗျ။ မနက်အိပ်ရာထတာနဲ့ ဘရိတ် ဖက်စ်မှာ ပဲပြုတ်ဆီဆမ်းထမင်း ကြမ်းလေးနဲ့၊ မနက်စာထမင်းစား တော့လည်း ပဲအရည်သောက် လေးနဲ့၊ နေ့လယ်ကော်ဖီသောက် တော့လည်း ပဲခြမ်းသုပ်လေးနဲ့၊ ညနေ ဟိုဆိုင်ဒီဆိုင် ထိုင်တော့ လည်း ပုံးရည်ကြီး ဒါမှမရရင် ပဲလှော်အမြည်းလေးနဲ့၊ ညစာ စားလည်း ပဲကုလားဟင်းမှ မရရင် ထမင်းမစားဘဲ ပဲများနေလို့ ကြံဖန်ဝယ်ပေးရပါသတဲ့။ ဒါကြောင့်မို့ ထင်ပါရဲ့။ နုပျိုတက်ကြွလှပနေ သမို့ အခု အသက်(၆၀)ကျော်နေ ပေမယ့် ဘယ်သူမေးမေး (၄၀) ပြောလည်း ယုံနေကြတာပဲ။ အရပ် ကလည်း နိုင်ငံတကာအဆင့်မီ ခြောက်ပေ၊ ဧရာမလက်မောင်း လက်ဖျံတွေဆိုရင်လည်း ပဲအား ကိုးနဲ့ အာနိုးအလား ထင်မှတ်မှား ရတယ်။ ပဲအကျိုးနဲ့ တန်ခိုးထွား နေတယ်ဆိုရမလားပဲ။ မကြာမီ ပဲချစ်သူများအသင်းတောင် ထူ ထောင်ဦးမတဲ့။ အဖြစ်အပျက်များ ပြောပါတယ်။

အင်း...ပြောမယ့်သာ ပြောရ တယ်။ ပဲဆိုတာကလည်း ဟိုးရှေးဘုရင်အဆက်ဆက် ပွဲတော်တည် ရင်လည်း ပဲဆိုတာ သူမပါရင် မပြီးပွဲမစည်ဘူးဆိုတဲ့ ဟင်းလျာတစ် မျိုးဖြစ်မယ်ထင်တာပဲ။ ရှင်ဘုရင် ကြီး တစ်ခါ တိုင်းခန်းလှည့်လည် ဖို့ ပြင်တာဆင်တာ၊ ပဲများတာ ကြာလွန်းလို့ ရှင်ဘုရင် တစ်ခါ ထွက် ပဲကြီးတစ်လှေကျက်ဆိုတဲ့ စကားပုံပေါ်ပေါက်လာတာ ကြည့်တာနဲ့ နန်းတော်နဲ့ ပဲ ခွဲမရတာ သက်သေတစ်ခုပေါ့။ ဒီအတိုင်း သာဆို မိဖုရားကြီး တစ်ခါထွက်လို့ ကတော့ ပဲကြီးတစ်ဂိုဒေါင်ကျက် လောက် ကြာမှာ အသေအချာပါ ပဲ။

တစ်ခါက ဖိုးသူတော် ဦးမင်း၊ လူဦးမင်းနဲ့ ဘုရင်ကြီးတို့ လသာ သာညလေးတစ်ခုမှာ တိုင်းရေး ပြည်ရေး၊ ဓမ္မအရေး၊ စာအရေး ပေအရေး ဆွေးနွေးနေကြတယ် ထင်ပါရဲ့။ အဖန်ရည်လေးနဲ့၊ ပဲ ခြမ်းသုပ်ကလေးတွေ၊ ပဲလှော်၊ ပဲကြော်လေးတွေနဲ့ပေါ့။ ပဲလေး စားလိုက်၊ ဆွေးနွေးလိုက်၊ အဖန် ရည်လေးသောက်လိုက်၊ ဆွေးနွေး လိုက်၊ ပဲလေးစားလိုက်နဲ့ ဘုရင် ကြီးခမျာ ဘယ်လောက်တောင် စားပိုးနင့်အောင် ပဲတွေ စားလိုက် တယ်မသိ၊ ရာဇဣနြေ္ဒတောင် မထိန်းနိုင်တော့ဘဲ အသံပြင်းပြင်း၊ ရနံ့ပြင်းပြင်း လေလည်လိုက်သ တဲ့။ နံဘေးမှာ ထိုင်နေတဲ့ ဖိုးသူ တော်ဦးမင်းနဲ့ လူဦးမင်းတို့လည်း ဒီဒဏ်ကို အတော်ခံစားလိုက်ရပုံ ပါပဲ။ မပြောဘဲလည်း မနေနိုင် တော့၊ ဘုရင်ကြီးလည်း အရှက် ပြေအောင်၊ မျက်မာန်တော်လည်း မရှိအောင်၊ စကားဝိုင်းလေးလည်း မပျက်အောင် ဖိုးသူတော်ဦးမင်း  က စာချိုးလိုက်သတဲ့။

‘‘ပဲလေးက ဆိမ့်လိုက်တာ၊ ပြောစရာရဘူး’’

အချီပိုဒ်လေး စပ်ဆိုလိုက် သတဲ့။ ဘုရင်ကြီးခမျာလည်း အ ရှက်ပြေ၊ ပြုံးလို့ ရွှင်လို့ပေါ့။ လူကြီးတွေက ရှက်လာရင် လိုတာထက် ပိုရယ်တတ်သလို နေမှာပေါ့။ ဒီအ ခါမှာ လူဦးမင်းက ဖိုးသူတော်ဦး မင်းဖွဲ့ခဲ့တဲ့အချီပိုဒ်အတွက် အချ ပိုဒ်ကို ချက်ချင်းစပ်ဆိုလိုက်တယ်။

‘‘ညအခါ လသာသာ ကိုယ် တော်သုံးတယ် လေပုန်းကမြူး...’’

အင်း...ဒီစာချိုးကလေး ကြည့်တာနဲ့ ရှေးဘုရင်ခေတ်အ ဆက်ဆက်ကတည်းက နန်းတော် နဲ့ ပဲဆက်စပ်ပုံ၊ ပဲနဲ့ ဘုရင်ပတ် သက်ပုံ၊ ပဲနဲ့ လေလည်ခြင်းတို့ရဲ့ အညမညဖြစ်စဉ်တွေကို သမိုင်း အထင်အရှားရှိခဲ့တယ်ဆိုတာ သက်သေပါပဲ။ အခုလည်း ပဲစား ပွဲတော်တွေ ကျင်းပကြ၊ ပဲတွေ တဝတပြဲ စားကြ၊ ပြီးတော့ အဲကွန်းကားတွေ၊ မှန်လုံတွေ စီးကြမယ် ဆိုရင် ပဲနဲ့ ပူးတွဲနေတဲ့လေလည် ရနံ့ အညမညဖြစ်စဉ်တွေ မှန်လုံ ကားထဲ မုန်တိုင်းထန်နေမယ်ဆို ရင်တော့ ကဗျာဆရာတွေ စာချိုး ကြဦးမယ်ထင်တာပဲ။

ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ပြည်သူတွေ အာဟာရတန်ခိုး နှစ်ဆတိုးဖို့ စီးပွားကူးသန်းဝန်ကြီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ လူကယ်ပြန်ဝန်ကြီးဌာန၊ လူမှုဝန် ထမ်းဦးစီးဌာန၊ ပဲနှမ်းကုန်သည် များအသင်း၊ ဘုရင့်နောင်ကုန် စည်ဒိုင်တို့ ပူးပေါင်းပြီး ပဲစားသုံးမှု မြှင့်တင်ရေးအတွက် ကမ္ဘာအေး ဘုရားလမ်းရှိ သက်ကြီးရွယ်အို များနဲ့ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာတို့မှာ ပဲစားပွဲတော်ကြီး ကျင်းပခဲ့ပြီဖြစ်ပါရဲ့။ ပြည်တွင်းပဲ စားသုံးသည့် အလေ့အထကောင်း များတိုးမြှင့်ရေး၊ ပဲစားသုံးမှုမြှင့် တင်ရေးအမည်နဲ့ပေါ့။ ပဲတွေ စား လိုက်၊ ဟောပြောလိုက်နဲ့ ကြားရ ဖတ်ရ အားရပါးရရှိလှပါရဲ့။

ဒါ့အပြင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးကုန်သည်ကြီးများအ သင်းနဲ့ စက်မှုလုပ်ငန်းရှင်များအ သင်းတို့ပါ တက်ရောက်ပြီး ပဲစား သုံးခြင်းကြောင့် ရရှိလာနိုင်တဲ့အ ကျိုးကျေးဇူးတွေ၊ ကျန်းမာရေးအ ထောက်အကူအခြေအနေတွေ ဟောပြောခဲ့ကြတယ်ဆိုပဲ။ ဆင်း ရဲသားမှ ပဲစားတယ်ထင်တတ်တဲ့ အတွေးအခေါ်တွေ ပြောင်းပစ်ဖို့ လိုကြောင်း၊ အမေရိကနဲ့ ဥရောပ နိုင်ငံတွေမှာ နံနက်စာတွေမှာ ပဲ ထည့်စားကြောင်း၊ (ပါစတာ) အီတလီခေါက်ဆွဲမှာလည်း ပဲပါ ကြောင်း၊ နိုင်ငံခြားဈေးကွက် ပျောက်ဆုံးနေလို့၊ ပဲမရောင်းရလို့ အတင်းထိုးကျွေးနေတာ မဟုတ် ပါကြောင်း စီးပွားကူးသန်းဒုဝန် ကြီးက ပြောကြားသွားတယ်လို့ ကြားသိရပါရဲ့။ ဒါ့အပြင် မူကြို ကလေးများနဲ့ သက်ရွယ်အို ၈၄ ဦးကို ပဲထမင်း၊ ပဲဟင်းများနဲ့ ဧည့်ခံကျွေးမွေးပြီး အပြန်ပဲလက်ဆောင် တွေတောင် ပေးလိုက်သေးသတဲ့။ ပဲစားပွဲတော်တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဆက်လက်ကျင်းပဦးမယ်ဆိုပဲ။ အင်း...အာဟာရအရေး စိတ်အေးရတာပေါ့။ ညှပ်ကြီးသူငယ်ချင်း ပဲကြိုက် မောင် ဆာသော်ဒိုးက ကဗျာတစ် ပုဒ်ပေးသွားတယ်။

ဒီမှာ သူငယ်ချင်း

ပဲဟင်းဆိုတာ

ပရိုတိန်းကြွယ်ဝ

အားရှိလှပေါ့

လှော်၍ တစ်မျိုး

ချက်၍ တစ်ဖုံ

ပြုတ်၍ တစ်သွယ်

မှန်မှန်တွယ်က

ခန္ဓာဖွံ့ဖြိုး

အလှတိုး၍

လေနဲ့ ဝမ်းတို့

လက်တွဲညီပြီး

အထွက်ကောင်းတယ်

သူငယ်ချင်း...။

(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)