ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ သမိုင်းဝင် မြန်မာပြည်ခရီးစဉ် စတင်

ရန်ကုန်လေဆိပ်မှ တည်းခိုမည့်နေရာသို့ ပြည်လမ်းမအတိုင်း သွားနေသော ပုပ်ရဟန်းမင်းကြီးလိုက်ပါလာသည့်ကားကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးမည့် အီတလီလေကြောင်းလိုင်း Italia လေယာဉ်ပေါ်သို့ ပုပ်ရဟန်းမင်း ကြီး တက်ရောက်စဉ်ကပင် ပုပ်ရ ဟန်းမင်းကြီး၏ သမိုင်းဝင် မြန်မာ ပြည်ခရီးစဉ်စတင်ပြီဖြစ်ကြောင်း နိုင်ငံတကာ မီဒီယာများက သတင်းများဖော်ပြခဲ့သည်။

နိုဝင်ဘာ ၂၇ ရက် နေ့လယ် က ရန်ကုန်မြို့သို့ ရောက်ရှိလာ သည့် ပုပ်ရဟန်းမင်းကြီးအား ကြိုဆိုရန် မြန်မာနိုင်ငံတစ်ဝန်းရှိ ရာနှင့်ချီသော ရိုမန်ကက်သလစ် ဘာသာဝင်များက ရန်ကုန်မြို့သို့ လာရောက်စောင့်ဆိုင်းပြီး အချို့သည် တိုင်းရင်းသားဝတ်စုံများ ၀တ်ဆင်၍ ပုပ်ရဟန်းမင်းကြီးကြွချီရာ ရန်ကုန်လေဆိပ်ရှေ့မှ ပြည်လမ်းတစ်လျှောက် ကြိုဆိုနှုတ်ဆက်ခဲ့သည်။

ကချင်၊ ကရင်၊ အခါနှင့်ဗမာ တိုင်းရင်းသား ၀တ်စုံများ ၀တ် ဆင်ထားသော ကလေးငယ်များ နှင့် Love & Peace စာတန်း ပါသော အင်္ကျီအဖြူနှင့်ဘောင်း ဘီအဖြူ ၀တ်ဆင်ထားသည့်က လေးငယ်တစ်ရာကျော်သည်ရန် ကုန်လေဆိပ်ရှိ အထူးပုဂ္ဂိုလ် များ ဆိုက်ရောက်ရာ လေဆိပ်ဝင်း အတွင်းနေရာယူကာ ပုပ်ရဟန်း မင်းကြီးကို ကြိုဆိုနှုတ်ဆက်ခဲ့ သည်။

ပုပ်ရဟန်းမင်းကြီးက ယင်း ကလေးငယ်အချို့ကိုတစ်ဦးချင်း လိုက်လံနှုတ်ဆက်စကားပြောနေသည့်ဓာတ်ပုံများ ၎င်းရောက်ရှိပြီး မကြာမီ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

ဗာတီကန်မြို့ပြနိုင်ငံမှ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် သူရောက်ရှိမည့်အချိန်ထက် မိနစ် ၂၀ နောက်ကျ၍ ရန်ကုန်မြို့သို့ ရောက်လာခဲ့သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မွန်းလွဲပိုင်း ၁ နာ ရီ ၁၀ မိနစ်တွင် ရောက်ရှိရန် သတ်မှတ်ထားသော်လည်း ရာသီဥတုအခြေအနေအရ ၎င်းလိုက်ပါလာသော လေယာဉ်သည် မိနစ် ၂၀ နောက်ကျ၍ ဆိုက်ရောက်လာခဲ့သောကြောင့် ဖြစ်သည်။

 ပုပ်ရဟန်းမင်းကြီးသည် ပထမဆုံးအကြိမ် မြန်မာနိုင်ငံ သမိုင်းဝင် ခရီးစဉ်အတွင်း လေးရက်ကြာ နေထိုင်မည်ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးသည် လေဆိပ်မှ၎င်းသီတင်းသုံးမည့် သိမ် ဖြူလမ်းရှိ ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် နေအိမ်အထိ လမ်း တစ်လျှောက်တွင် ၎င်းလိုက်ပါလာသည့် အပြာရောင်မက်တူး ကားမှန်ကိုချကာ ကြိုဆိုသူအားလုံးကို အပြုံးဖြင့် လက်ပြ နှုတ်ဆက်ခဲ့သည်။

ယမန်နေ့ နံနက်ကစကာ ရန်ကုန်မြို့ရှိ ပြည်လမ်းနှင့် ဗိုလ် ချုပ်လမ်းတစ်လျှောက်ရှိ လမ်း ဘေးဝဲယာတွင် ပုပ်ရဟန်းမင်း ကြီးအား မြန်မာနိုင်ငံမှ ကြိုဆို ကြောင်း ဗီနိုင်းများချိတ်ဆွဲထား သည်။ လမ်းတစ်လျှောက်ရှိ ကြော်ငြာ LED ဘုတ်များတွင်လည်း ပုပ်ရဟန်းမင်းကြီး၏ သမိုင်းဝင်မြန်မာပြည်ခရီးစဉ်အား ကြိုဆိုကြောင်း ဗီဒီယိုပြကွက်အပိုင်းတိုလေးများ ပြသကာ မြန်မာပြည်၏ နွေးထွေးစွာကြိုဆိုမှုကို ဖော်ပြခဲ့သည်။

ရန်ကုန်မြို့၏ အပူချိန် ၃၂ ဒီဂရီရှိ နေရောင်အောက်တွင် ငါးနာရီခန့် စောင့်ဆိုင်းခဲ့ရသည့် ရိုမန်ကက်သလစ်ဘာသာဝင်များ သည် ၎င်းတို့၏ ဘာသာရေး ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး၏ ကားပြတင်းကြားမှ အပြုံးကို စက္ကန့်ပိုင်းမျှ မြင်ရုံဖြင့် အေးချမ်းခဲ့သည်ဟု အချင်းချင်း ပြောဆိုနေသည့် စကားများမှတစ်ဆင့် ပုပ်ရဟန်းမင်းကြီးအပေါ် ၎င်းတို့၏ ယုံကြည်ကိုးစားမှု အတိုင်းအတာကို ခန့်မှန်းနိုင်သည်။

ဗုဒ္ဓဘာသာဝင် အများဆုံးရှိပြီး ရိုမန်ကက်သလစ် ဘာသာဝင် ခုနစ်သိန်းခန့်သာရှိသည့် မြန်မာနိုင်ငံကို အလည်အပတ် လာရောက်ခြင်းသည် အိပ်မက်တစ်ခုလိုခံစားရကြောင်း ရန်ကုန် လေဆိပ်တွင် ပုပ်ရဟန်းမင်းကြီးအား ကြိုဆိုရန် ရောက်ရှိနေသော ရိုမန်ကက်သလစ် ဘာသာဝင်များက ပြောသည်။

‘‘ဒီတစ်သက် မမြင်ရတော့ ဘူးလို့ ထင်နေတာ။ တကယ် ရောက်လာတော့ အရမ်းဝမ်းသာ တယ်။ တကယ်အိပ်မက်လိုပဲ’’ ဟု မင်္ဂလာဒုံမြို့နယ် စိန့်အက်ဒွက် ဘုရားကျောင်းမှ လာရောက်ကြို ဆိုသော ဆရာမ Rida က ပြော သည်။

ပုပ်ရဟန်းမင်းကြီး ရောက် ရှိချိန်တွင် မည်သည့်စကားများ လက်ဆောင်ပေးချင်ပါသလဲဟု ရန်ကုန် လေဆိပ်တွင် ကြိုနေ သော ရိုမန်ကက်သလစ်ဘာသာ ၀င်များအားမေးမြန်းရာ ပုပ်ရဟန်း မင်းကြီးသည် ငြိမ်းချမ်းစွာနေထိုင် ရေးကို ဖော်ဆောင်နေသူဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ ရောက်ရှိချိန်၌ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရေး အထူးဆုတောင်းပေးရန် ပြောကြားချင်ကြောင်း 7Day Daily သတင်းစာအား ပြောသည်။

‘‘ငြိမ်းချမ်းရေးနဲ့ ချစ်ခြင်း မေတ္တာပဲ သူလုပ်တာ။ ငြိမ်းချမ်း ရေးကို အောင်မြင်မယ်လို့ထင် တယ်။ သူရောက်တဲ့ နိုင်ငံတိုင်း ပြောင်းလဲသွားတာပဲ။ ကျွန်မတို့ နိုင်ငံလည်း အမေစုလိုချင်နေတဲ့ ငြိမ်းချမ်းရေးအောင်မြင်မယ်ထင် တယ်’’ ဟု အင်းစိန်မြို့နယ် St.Lazarus ကျောင်းမှ ဆရာမ ဒေါ်ညိုညိုရီက အားတက်သရော ပြောသည်။

ကချင်တိုင်းရင်းသား ရိုးရာ ၀တ်စုံပြည့်ဝတ်ဆင်ကာ ပုပ်ရ ဟန်းမင်းကြီးကို လာရောက်ကြို ဆိုသည့် မြစ်ကြီးနားမြို့နေ အ သက် (၄၈)နှစ်အရွယ် ဒေါ်စန်းခွာ က ‘‘ပုပ်ရဟန်းမင်းကြီးကို အရမ်း မြင်ချင်လို့ မြစ်ကြီးနားကနေ ကြို ရောက်နေခဲ့တာ။ အခုထိနေ့လယ် စာတောင် မစားရသေးပေမယ့် ပုပ်ရဟန်းမင်းကြီးလာတဲ့အချိန် လွတ်သွားမှာ စိုးလို့ ဒီနေရာက မခွာဘဲ လာစောင့်နေခဲ့တာ။ ကားပြတင်းကနေ ခဏလေးမြင် လိုက်ရပေမယ့် အရမ်းကိုစိတ် ချမ်းသာရပါတယ်။ ဘ၀တစ် သက်တာလုံးမှာ ပုပ်ရဟန်းမင်း ကြီးကို မြင်ရလိမ့်မယ်လို့ ဘယ် တုန်းကမှ မမျှော်လင့်ဖူးဘူး။ အ ရမ်းပျော်ရပါတယ်။ သေရင်တောင် မှ အရမ်းပျော်ပြီလို့ ခံစားရတယ်’’ ဟု ပြောသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် မွန်းလွဲ ၂နာရီ မိနစ်၂၀ တွင်  ခေတ္တသီတင်းသုံးမည့် ကက်သ လစ်ဂိုဏ်းချုပ်ဆရာတော် နေ အိမ်သို့ ရောက်ရှိလာသည်။ နေ အိမ်ခြံဝင်းအတွင်းတွင် တိုင်းရင်း သားရိုးရာဝတ်စုံများ ၀တ်ဆင် ထားသည့် မြန်မာနိုင်ငံဒေသအ သီးသီးမှ ရိုမန်ကက်သလစ်ဘာ သာဝင် လူငယ်များက ပုပ်ရဟန်း မင်းကြီးအား ဂုဏ်ပြုတေးသီချင်း များ သီဆိုကာ ကြိုဆိုခဲ့သည်။

‘‘အရမ်းကို စိတ်လှုပ်ရှားစ ရာ ကောင်းပါတယ်။ အန်ကယ့် အသက်(၇၀)မှာ တစ်ခါမှမြင်ရ လိမ့်မယ်လို့ မမျှော်လင့်ဖူးဘူး။ နံနက် ၁၁ နာရီခွဲကတည်းက သူတည်းမယ့် ဂိုဏ်းချုပ်ဆရာ တော်နေအိမ်ရှေ့မှာ လာစောင့် နေတာပါ။ ဘာသာတွေ မတူပေ မယ့် ငြိမ်းချမ်းခြင်းကိုပဲ အားလုံး က မျှော်လင့်ကြတာပေါ့။ သူကြွ လာတာကလည်း ငြိမ်းချမ်းခြင်း အတွက် လမ်းစတစ်ခုဖြစ်လိမ့် မယ်လို့ပဲ မြင်ပါတယ်။ သေချာ ပါတယ်။ အားလုံးသဟဇာတဖြစ် အောင် ယှဉ်တွဲနေထိုင်ဖို့အတွက် ပဲ သူတိုက်တွန်းပါလိမ့်မယ်’’ဟု ရန်ကုန်မြို့မှ ရိုမန်ကက်သလစ် ဘာသာဝင် ဦဘီဂျိုးဇက်က ပြော သည်။

ပုပ်ရဟန်းမင်းကြီး ကြိုဆို ရေးအဖွဲ့တွင် စေတနာ့ဝန်ထမ်း အဖြစ် ပုသိမ်မြို့မှ ရိုမန်ကက်သ လစ်ဘာသာဝင်များကို ဦးဆောင် ပေးရသူ ဂျက်စ်တင်က ‘‘ဘာသာ တူတွေ အများကြီးနယ်ဝေးကနေ ရော၊ ရန်ကုန်ကရော လာကြိုကြ တယ်။ တချို့ဆို ရန်ကုန်မြို့ကို မရောက်ဖူးတဲ့သူတွေတောင် ရန်ကုန်ထိ လာပြီး ပုပ်ရဟန်းမင်း ကြီးကို ကြိုဆိုကြတယ်။ အရမ်းကို ပီတိဖြစ်ရပါတယ်။ ဒါက တစ် သက်မှာ တစ်ခါပဲ ကြုံရတဲ့ပွဲဖြစ် လို့ အရမ်းစိတ်လှုပ်ရှားရပါတယ်။ ဒီခရီးစဉ် အစ၊ အလယ်၊ အဆုံး ငြိမ်းချမ်းခြင်းလမ်းပဲ ဖြစ်လိမ့်မယ်။ ကျွန်တော်တို့အတွက် ငြိမ်းချမ်းခြင်းတွေပဲ သူယူလာပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အေးချမ်းခြင်းနဲ့ ပျော်ရွှင်ခြင်းအတွက် မေတ္တာတွေပဲ သူပေးလိမ့်မယ်လို့ သေချာပါတယ်’’ဟု ပြောသည်။

ပုပ်ရဟန်းမင်းကြီးနှင့်အတူ ဘုန်းတော်ကြီးများ၊ လုံခြုံရေးအ ရာရှိများနှင့် ဗာတီကန်နန်းတော် မှ သတင်းထောက်များ စုစုပေါင်း ၁၀၀ ခန့် လိုက်ပါလာကြောင်း တွေ့ ရသည်။

ပုပ်ရဟန်းမင်းကြီးသည် နို ၀င်ဘာ ၂၈ ရက်တွင် နေပြည် တော်သို့ ကြွရောက်မည်ဖြစ်ပြီး မွန်းလွဲ ၃ နာရီမိနစ် ၅၀ ၌ ၎င်း အား နိုင်ငံတော်သမ္မတအိမ်တော် ၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုမည် ဖြစ်သည်။ ယင်းနောက် နိုင်ငံ တော်သမ္မတနှင့် တွေ့ဆုံမည်ဖြစ် ပြီး ညနေ ၄ နာရီခွဲတွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံမည်ဖြစ်သည်။ ညနေ ၅ နာရီမိနစ် ၅၀ တွင် နေပြည်တော် MICC II ၌ အစိုးရအဖွဲ့ဝင်များ၊ သံတမန်များနှင့် လူမှုရေးအဖွဲ့အစည်း ခေါင်းဆောင်များအား မိန့်ခွန်းပြောကြားမည်    ဖြစ်သည်။

နိုဝင်ဘာ ၂၉ ရက် နံနက် ၈ နာရီမှ ၁၁ နာရီခွဲခန့်အထိ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ရိုမန်ကက်သလစ်ဘာသာဝင်များ နှင့် တွေ့ဆုံကာ ၀တ်ပြုဆုတောင်း ပွဲ ကျင်းပမည်ဖြစ်သည်။ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ကမ္ဘာအေး  နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများထံ ချစ်ကြည် ရေးအလည်အပတ်သွားရောက် မည်ဖြစ်သည်။ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်နေအိမ်၌ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

နိုဝင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် စိန့်မေရီ ကာသီ ဒြယ်ဘုရားကျောင်း၌ လူ ငယ်တစ်ထောင်ကျော်နှင့် တွေ့ ဆုံမည်ဖြစ်သည်။ ထို့နောက် ပုပ် ရဟန်းမင်းကြီးသည် နိုဝင်ဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ် ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

၂၀၁၄ နိုဝင်ဘာအတွင်းက အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်မြို့သို့ ဒုတိယအကြိမ် လာ ရောက်စဉ် သူလှည့်လည်ရာလမ်း တစ်လျှောက်ကို လမ်းပိတ်ထားမှုများ အချိန်ကြာမြင့်စွာ ပြုလုပ် သောကြောင့် ရန်ကုန်မြို့တွင် လမ်းပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပေါ် ခဲ့သော်လည်း ယမန်နေ့က ပုပ် ရဟန်းမင်းကြီး လာရောက်ချိန်၌ လမ်းများ ပိတ်ထားခြင်း၊ လမ်းကြောင်းများ လွှဲပြောင်းပေးခြင်းပြုလုပ်ခြင်းမရှိ၍ လမ်းပိတ်ဆို့မှု ဆိုးရွားစွာ မဖြစ်ပေါ်ခဲ့ပေ။