ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးက သတိပေးလိုက်သော သင်ခန်းစာ

နိုဝင်ဘာ ၁၅ ရက်မှ ၂၃ ရက်အတွင်း ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံပေးစဉ် (ဓာတ်ပုံ-နစ်ကီ)

မြန်မာနိုင်ငံသည် ဂျပန်ဦးနှောက် ရောင်ရောဂါ ဖြစ်ပွားမှုများပြား သော ကမ္ဘာ့နိုင်ငံ ၂၄ နိုင်ငံထဲ၌ ပါဝင်သည်။ ထို့ကြောင့် အစိုးရက အသက် (၉)လမှ (၁၅)နှစ်အရွယ် ကလေး ၁၄ သန်းကို နှစ်သုတ်ခွဲ၍အစုလိုက် ကာကွယ်ဆေးထိုးအစီ အစဉ်ဖြင့် စီမံချက်ချ၍ ဆောင်ရွက်ခဲ့သည်။

ပထမအဆင့်တွင် နိုဝင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ အခြေခံ ပညာကျောင်းများရှိ အသက် (၅) နှစ်မှ (၁၅)နှစ်အရွယ်ကလေးများ ကို ကာကွယ်ဆေး စတင်ထိုးနှံခဲ့ရာ ကိုးရက်အတွင်း ကလေးငယ်ဦး ရေ ၈ ဒသမ ၆ သန်းကို ထိုးနှံနိုင်ခဲ့ သည်။

သို့သော် ထိုသို့ ထိုးနှံသည့် ကလေးငယ် ရှစ်သန်းကျော်အနက် သုံးဦး အသက်သေဆုံးခဲ့သည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။ နိုဝင်ဘာ ၁၆ ရက်က ပင်လောင်း မြို့တွင် ခုနစ်တန်းကျောင်းသူတစ် ဦး၊ ၁၉ ရက်က သာပေါင်းမြို့တွင် ပထမတန်းကျောင်းသားတစ်ဦး နှင့် ၂၁ ရက်က ပုသိမ်မြို့တွင် စတုတ္ထတန်းကျောင်းသူတစ်ဦးတို့ သည်  ကာကွယ်ဆေးထိုးနှံပြီး နောက် သေဆုံးခဲ့သည်။ ထို့အပြင် အဆိုပါ ရှစ်သန်းကျော်အနက် ဖျား နာခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်းများ ဖြစ်ပွား၍ ဆေးရုံတက်ရောက် ကုသူ ၁၂၉ ဦးရှိခဲ့သည်။

ထို့ကြောင့် ကာကွယ်ဆေး ထိုးနှံပြီး နောက်ဆက်တွဲဖြစ်ပေါ် သော ပြဿနာများကို စုံစမ်းစစ် ဆေးခြင်းကော်မတီ၊ အမျိုးသား အဆင့် ကာကွယ်ဆေးထိုးလုပ်ငန်း ဆိုင်ရာ အကြံပေးကော်မတီတို့က ကွင်းဆင်းအတည်ပြုချက်အရယူ ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

စစ်ဆေးချက်အဖြေများအရ ပင်လောင်းမှ ကလေးသည် လေ ပြွန်ရောင်ရောဂါအခံဖြင့် သေဆုံး ၍ သာပေါင်းနှင့် ပုသိမ်မြို့နယ်တို့မှ ကလေးနှစ်ဦးမှာ အခြားဗိုင်းရပ်စ် ပိုးဝင်ပြီး အစာအိမ်နှင့် အူလမ်း ကြောင်း၊ နှလုံးနှင့် ကျောက်ကပ် ထိခိုက်မှုဖြင့် သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက နိုဝင်ဘာ ၂၄ ရက်၌ သတင်းထုတ်ပြန်ထားသည်။

ထိုကဲ့သို့ ဖြစ်စဉ်များကြောင့် ပြည်သူလူထုအတွင်း စိုးရိမ်ထိတ် လန့်မှုများ ဖြစ်ပေါ်ကာ မိမိတို့၏ ရင်သွေးငယ်များကို ကာကွယ် ဆေးထိုးသင့်၊ မထိုးသင့် ဒွိဟစိတ် များဖြင့် ကာကွယ်ဆေးလာမထိုး သည့် တုံ့ပြန်မှုအချို့ရှိခဲ့သည်။

စီမံချက်ကာလအတွင်း ဆေးထိုးနှံခြင်းမရှိသူ တစ်သန်းကျော် ခန့်ရှိခဲ့သည်။

သန်လျင်မြို့နေ ကလေး ဖခင်တစ်ဦးက ‘‘ကျန်းမာရေးဝန် ကြီးဌာနက ဖေ့စ်ဘွတ်ခ်တွေပေါ် မှာပဲ သတင်းတင်ပေးတာမျိုး မဟုတ်ဘဲ ရပ်ကွက်ထဲအထိ ကွင်း ဆင်းပြီး အစုလိုက်ဟောပြောပွဲ လေးတွေ လုပ်ပေးရင် ပိုပြီးကောင်းမွန်မှာပါ။ တချို့မိဘတွေကျတော့ အလုပ်နဲ့ မအားလပ်လို့ ဖေ့စ်ဘွတ်ခ်တွေမသုံးနိုင်တာတွေ၊ သတင်းနား မထောင်နိုင်တာတွေရှိတယ်။ ဒါ ကြောင့် အလုပ်အားတဲ့ ညပိုင်း တွေမှာ လူစုပြီး ကာကွယ်ဆေးအ ကြောင်း ဟောပြောပွဲတွေ လုပ် ပေးစေချင်တယ်’’ဟု ပြောသည်။

၎င်းတွင် ကာကွယ်ဆေးထိုး ရမည့် ကလေးငယ်သုံးဦးရှိပြီး လက်ရှိ ကြားသိနေရသော သတင်းများကြောင့် ပထမအကြိမ်၌ ကာ ကွယ်ဆေးထိုးနှံမှု အစီအစဉ်တွင် မပါဝင်ခဲ့ဘဲ ဒုတိယအကြိမ် ဆေးထိုးသင့်၊ မထိုးသင့် ချင့်ချိန်နေ ကြောင်း ဆိုသည်။

ယခု ဖြစ်ရပ်များကြောင့် ကျောင်းတွင်းအခြေပြုကာကွယ် ဆေးထိုးအစီအစဉ်တွင် ပါဝင်ခြင်း မရှိသည့် ကလေးငယ်များကို ရပ် ကွက်အခြေပြုတွင် ထိုးနှံပေးရန် စီစဉ်ထားပြီးဖြစ်သည်။ ဒီဇင်ဘာ ဒုတိယအကြိမ် ထိုးနှံမည့်အစီအ စဉ်တွင် ပထမအကြိမ် ထိုးနှံမှု၌ ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်မျိုးမဖြစ် ပွားစေရန် သတိပြုဆောင်ရွက်ရန် လိုအပ်လှသည်။

‘‘ဒီဇင်ဘာမှာ ထိုးမယ်ဆိုရင် လူထုက အခုကြောက်လန့်သွားလို့ မထိုးခင် စိုးရိမ်ပြီး ကျွန်တော်တို့ကို လာမေးနေတာတွေလည်း ရှိပါ တယ်။ ဒါတွေကို နားလည်အောင် ရှင်းပြရမယ်။ မထိုးလို့ မတော် တဆများဖြစ်လာရင် သေရမယ့် ရောဂါ။ လွယ်လွယ်ကူကူ ကုသ နိုင်တဲ့ဟာ မဟုတ်ဘူး။ သေနှုန်း များတဲ့ ရောဂါပါ။ မူးတာနဲ့ သေရ မယ့်ရောဂါနဲ့ လဲမလားပေါ့။ လူထု ကိုလည်း ပြောချင်တာက အရမ်း အကြောက်မလွန်ပါနဲ့။ ကိုယ့်ဟာ ကိုယ် ချင့်ချိန်ပါ’’ဟု အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာမြင့် ဦး (ဂျီပီ)က ပြောသည်။


ဓာတ်ပုံ-နစ်ကီ

ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားပါက ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ပြီး အသက်ရှင်ကျန်ရစ်သူများအနက် ၃၀ ရာခိုင်နှုန်းမှာ ကိုယ်လက်အင်္ဂါ မသန်စွမ်းခြင်း၊ နားလေးခြင်း၊ မကြာခဏတက်ခြင်းနှင့် စကား မပြောနိုင်ခြင်း၊ အခြားစိတ်ပိုင်း ဆိုင်ရာ၊ အပြုအမူဆိုင်ရာချွတ်ယွင်း ခြင်းများ ဖြစ်ပွားနိုင်ကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

 မြန်မာနိုင်ငံတွင် ဂျပန် ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှု သည် ၂၀၁၆ တွင် ၃၉၃ ဦးရှိပြီး ၁၁၇ ဦး သေဆုံးခဲ့သည်။ နောက်ဆက်တွဲဆိုးကျိုးအဖြစ် ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်ပွားမှုအရေအ တွက် ၁၃၁ ဦးအထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

၂၀၁၇ ဇန်နဝါရီမှ ဇွန်လအ ထိ ဖြစ်ပွားသူဦးရေမှာ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ၁၄၆ ဦးရှိ ပြီး သေဆုံးသူ ၄၂ ဦးရှိကာ ကိုယ် အင်္ဂါမသန်စွမ်းသူ ၃၁ ဦးရှိခဲ့ ကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားပါက ပျောက်ကင်းအောင် ကုသနိုင်သော ဆေးမရှိဘဲ ကာ ကွယ်ဆေးထိုးနှံခြင်းကသာ ကာ ကွယ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ထို့ကြောင့် ကာကွယ်ဆေးထိုးနှံရာတွင် ကျန်း မာရေးဌာန၏ တာဝန်များအပြင် ပြည်သူလူထုနှင့် ကလေးမိဘများ ၏ ပူးပေါင်းပါဝင်မှုသည် အလွန် အရေးကြီးသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် ဆေးမထိုးမီနှင့် ဆေးထိုးပြီးနောက်ပိုင်း သတိပြု နေထိုင်ရမည့် ညွှန်ကြားချက်များ ကို ကလေးမိဘများက အထူးဂရု ပြုရန်လိုအပ်သည်။ ထို့အပြင် မိမိကလေး၌ ရောဂါအခံရှိပါက ကြိုတင်၍ ပြောဆိုထားရန် အရေးကြီးသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် သည့် ကာကွယ်ဆေးထိုးရန် မသင့် သည့် ရောဂါအခံများအကြောင်း ကို မိဘများအနေဖြင့် သတိပြုရန် လိုအပ်သည်။

ဖျားနာနေသည့် ကလေး များ၊ လွန်ခဲ့သည့်နှစ်လအတွင်း တီဘီရောဂါဆေးသောက်သုံးနေ ရသူများ၊ ခုခံအားကျဆင်းမှုကူး စက်ရောဂါကာကွယ်ဆေးသောက် သုံးနေရသူများ၊ HIV ရောဂါရှင်များ၊အတက်ရောဂါရှိသူများ၊ နာတာရှည်ရောဂါရှိသူများသည် ဆရာဝန်ကြီးများနှင့် တိုင်ပင်ပြီးမှသာ ကာကွယ်ဆေးထိုးနှံရမည်ဖြစ်သည်။

ကာကွယ်ဆေးထိုးပြီးနောက် ပိုင်း နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ အနည်းငယ်ဖျားခြင်း၊ ပျို့အန်မူး ဝေခြင်း စသည့်ပြင်းထန်ခြင်းမရှိ သော တုံ့ပြန်မှုများ ဖြစ်ပေါ်နိုင်ပြီး တစ်ရက်၊ နှစ်ရက်အတွင်း အလို အလျောက်ပျောက်ကင်းမည်ဖြစ်ကြောင်း ၊ ပျောက်ကင်းမှုမရှိပါ က ကလေးငယ်တွင် အခြားရောဂါ တစ်ခု ဝင်ရောက်နေခြင်းဖြစ်သည် ဟု ယူဆနိုင်၍ နီးစပ်ရာကျန်းမာ ရေးဌာနသို့ သွားရောက်ပြသရန် လိုအပ်ကြောင်း ဒေါက်တာစော ဝင်းက ဆိုသည်။

အဆိုပါ ရောဂါမှာ ကပ်ရော ဂါဖြစ်ပွားနိုင်ခြင်းကြောင့် မြန်မာ နိုင်ငံအပါအဝင် အခြားဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဂျပန်ဦးနှောက် ရောင်ကာကွယ်ဆေးကို ထိုးနှံရန်၂၀၁၅ ကတည်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထား သော်လည်း ငွေကြေးအခက်အခဲ ကြောင့် ယခုမှ စတင်ထိုးနှံရန် စီစဉ်ရကြောင်း သဘာဝဘေးနှင့် ကူးစက်ရောဂါကာကွယ် တိုက် ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်း အောင်က ရှင်းပြသည်။

ထို့ကြောင့် အဆိုပါ ရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင် ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအပြင် ယူနီဆက်၊ Gavi နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တို့၏ ပူးပေါင်းထည့်ဝင်ငွေ ဒေါ် လာ ၁၅ သန်းအသုံးပြုကာ တစ် နိုင်ငံလုံးရှိ အသက် (၉)လမှ (၁၅) နှစ်ရှိ ကလေးငယ် ၁၄ သန်းကို အခမဲ့ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်ထားခြင်းဖြစ်သည်။

ဒုတိယအကြိမ် ထိုးနှံမည့် ရပ်ကွက်အခြေပြုတွင် သားဖွား ဆရာမတစ်ဦးသာမက ကျန်းမာရေးကြီးကြပ် (၂)နှင့် အခြားဒေသမှ ဆရာများ ပူးပေါင်းကာ အဖွဲ့လိုက် ထိုးနှံပေးမည်ဖြစ်ပြီး ဆေးထိုးရက်မတိုင်မီကတည်းက ရပ်ရွာများတွင် ကြိုတင်အသိပေးဆွေးနွေးထားရန်ညွှန်ကြားပြီးဖြစ်ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ကျော်မိုး က ပြောသည်။

‘‘အများစုကတော့ ဒီကာ ကွယ်ဆေးထိုးပြီးမှ ဒီလိုဖြစ်သွား တယ်ဆိုတော့ ဒီဆေးကြောင့် ဆိုင် လားဆိုတဲ့ တွေးပူတာတွေရှိတာ ပေါ့လေ။ ကျောင်းအခြေပြုမှာ ကြည့်တာ မူးတာမော်တာတွေရှိ တယ်။ ဒါတွေကို အခုရပ်ရွာအခြေ ပြုမှာဆိုရင် ဆရာမတွေ၊ ရပ်ရွာ အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ဆေးထိုးစုရပ်လာမယ်ဆိုရင် အ စာစားလာဖို့၊ နောက်တစ်ခါ ဆေး ထိုးစုရပ်မှာဆိုရင် ဆေးမထိုးခင် ရော၊ ဆေးထိုးပြီးတဲ့အချိန်မှာရော စောင့်ဆိုင်းတဲ့အချိန်က နေရိပ်တဲ့ နေရာဖြစ်ဖို့၊ အဲဒါအပြင် ဆေးထိုး စုရပ်တိုင်းမှာ ဆေးမထိုးရမယ့် ရောဂါအခြေအနေ၊ ဘယ်လိုရော ဂါတွေဆို ဆေးမထိုးရဘူး၊ ယာယီ ရက်ရွှေ့ဆိုင်းရမယ်ဆိုတာတွေကို ဗီနိုင်းပိုစတာတွေနဲ့ ကပ်ထားမှာ ပါ’’ဟု ၎င်းက ပြောသည်။

၂၀၁၆ က ဦးနှောက်အမြှေး ရောင် ကာကွယ်ဆေးကို ပုံမှန်ကာ ကွယ်ဆေးထိုးအစီအစဉ်တွင် ၁၀ ခုမြောက် ကာကွယ်ဆေးအဖြစ် ထည့်သွင်းနိုင်ခဲ့ပြီး လာမည့် ၂၀၁၈တွင် ဂျပန်ဦးနှောက်ရောင်ကာ ကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေး ထိုးအစီအစဉ်တွင် ၁၁ ခုမြောက် ကာကွယ်ဆေးအဖြစ် ထည့်သွင်း ထိုးနှံပေးမည်ဖြစ်သည်။

ယခုထိုးနှံပြီးသွားသော အ ခြေအနေများကို ပြန်လည်သုံးသပ် ကာ လာမည့် ဒီဇင်ဘာ ၁၁ ရက်မှ ၂၀ ရက်အထိ ကာကွယ်ဆေးထိုး အစီအစဉ်တွင် ပိုမိုကောင်းမွန်သောစီမံချက်များ ချမှတ်ကာ ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

‘‘တချို့ရောဂါတွေက သာမန်ကျန်းမာရေးဝန်ထမ်း စစ်ဆေးလို့ မပေါ်ဘူး။ အထူးစစ်ဆေးချက် တွေလိုတယ်။ ရောဂါအခံရှိမှန်း မသိလိုက်တာပေါ့။ နောက်တစ်ခါ ဆိုရင် ကလေးအထူးကုတွေနဲ့ ပြသပြီး ကုသခိုင်းမယ်။ စစ်ဆေး ပြီးမှ လုပ်မယ်။ ဆရာဝန်ကိုယ်တိုင် စစ်ဆေးရမယ်။ ရောဂါရာဇဝင် တွေ မေးရမယ်။ အဆုတ်၊ နှလုံး တွေကိုလည်း တိုင်းတာရမယ်။ ဆေးထိုးဖို့ သင့်တော်မယ်ဆိုမှ ပေးထိုးမယ်။ မြန်မာနိုင်ငံ ဆရာ ဝန်အသင်းက အထွေထွေရောဂါ ကုဆရာဝန်တွေပါ ပါအောင်အကူ အညီတောင်းထားတယ်’’ဟု ၎င်း က ပြောသည်။

‘‘ဘာပဲပြောပြော ဒီလတ် တလော သေဆုံးမှုတွေနဲ့ တိုက် ဆိုင်မှုတွေ ဖြစ်သွားတဲ့အခါကျ တော့ တချို့က အကြောက်တရား လည်း ပါတာပေါ့။ အခုလုပ်နေတဲ့ ပညာရှင်တွေရော၊ ဦးဆောင်တဲ့ သူတွေရော ဝိုင်းပြီးအကြံပေးချင် တာက ပြည်သူလူထုအနေနဲ့ အ ထိတ်တလန့်မဖြစ်ဖို့၊ ဖြစ်ခဲ့တဲ့ဟာ တွေရဲ့ သတင်းထုတ်ပြန်ချက်တွေ ကို အခုလိုပဲ အမြန်ဆုံး ထုတ်ပြန် ပေးဖို့လိုတာပေါ့။ နောက် ပြည်သူ တွေထိုးလာနိုင်အောင် ထပ်ပြီး တော့ အများကြီး သူတို့နားလည် အောင် ရှင်းပြနိုင်အောင်လုပ်ဖို့ တော့ လိုပါတယ်။ ဝိုင်းဝန်းပြီး တော့ လက်ရှိကျန်းမာရေးဌာနက တာဝန်ရှိသူတွေရော မြန်မာနိုင်ငံ ဆရာဝန်အသင်းလိုမျိုးနဲ့ အရပ် ဘက်အဖွဲ့တွေအားလုံး ဝိုင်းဝန်း ပြီး လုပ်နိုင်ရင် ပိုကောင်းပါမယ်’’ ဟု ဒေါက်တာကျော်စွာဦးက အ ကြံပြုသည်။