နိုင်ငံရေးသတင်းတိုများ

ရန်ကုန် - လူငယ်ညီလာခံကို ဒီဇင်ဘာအတွင်း ကျင်းပနိုင်ရေး စီမံချက်ရေးဆွဲအတည်ပြုပြီး ဒီချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့တင်ပြထားကြောင်း ညီလာခံကျင်းပရေးဗဟိုကော်မရှင်ဥက္ကဋ္ဌ ဦး မောင်မောင်ဦးက ပြောသည်။

‘‘ညီလာခံနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်တဲ့ စီမံချက်ထွက်မယ်’’ဟု ဦးမောင်မောင်ဦးကပြောသည်။

လက်ရှိတွင် ဒုတိယအကြိမ် လူငယ်ညီလာခံကျင်းပရေး ကော်မ ရှင်၊ ရန်ကုန်တိုင်းလူငယ်ညီလာခံကျင်းပရေးကော်မရှင်က ကြီးမှူး ကျင်းပသော ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မျိုးဆက်သစ်အဖွဲ့ချုပ် လူငယ် များအတွက် လူငယ်ဖွံ့ဖြိုးရေးနှင့် စည်းရုံးရေးသင်တန်း အပတ်စဉ် (၁) ကို ရွှေဂုံတိုင်ရှိ ဒီချုပ်ရုံးချုပ်၌ စတင်ဖွင့်လှစ် သင်ကြားနေပြီဖြစ် သည်။
 

မော်လမြိုင် - ဒီဇင်ဘာ ၄ ရက်တွင်ပြုလုပ်မည့် မွန်ပြည်နယ်လွှတ် တော်အစည်းအဝေး၌ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးနှင့် ပြည်နယ်တရားသူကြီးတစ်ဦး အစားထိုး ခန့်အပ်ပြောင်းလဲမည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။ 

လွှတ်တော် အစည်းအဝေးကို ရှစ်ရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး မေးခွန်း ၄၀ နှင့် အဆိုသုံးခု ဆွေးနွေးမည်ဖြစ်ကာ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များလေ့လာ သုံးသပ်ရေးကော်မတီအပါအဝင် လွှတ်တော်က ဖွဲ့စည်းထားသည့် ကော်မတီသုံးရပ်မှ အစီရင်ခံစာများကိုလည်း တင်သွင်းမည်ဟု ၎င်းကဆို သည်။

ရန်ကုန်− ၈၈ ငြိမ်းပွင့် ဦးဆောင်သော ငြိမ်းချမ်းရေးအတွက် လူထုပါဝင်သည့် လှုပ်ရှားမှုကို တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်ကိုးမြို့ နယ်တွင် တစ်မြို့နယ်လျှင် တစ်ရက်နှုန်းဖြင့် ကျင်းပမည်ဖြစ်သည်။

အဆိုပါ လူထုငြိမ်းချမ်းရေး လှုပ်ရှားမှုရက်သတ္တပတ်တွင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးမင်းကိုနိုင်၊ ဦးဂျင်မီ၊ ကာတွန်းဆရာ မောင်မောင်ဖောင်တိန်အပါအဝင် အနု ပညာရှင်အချို့နှင့် ပြည်သူများ ပူးပေါင်းကျင်းပမည်ဖြစ်သည်။

ရန်ကုန်- နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံရန် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက တင်ပြတောင်းဆိုသော်လည်း ယနေ့အထိ တွေ့ဆုံခွင့်မရရှိသေးကြောင်း ပါတီခေါင်းဆောင်များက နိုဝင်ဘာ ၂၃ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ 

ပြည်ခိုင်ဖြိုးပါတီသည် ၎င်းတို့ဖြတ်သန်းခဲ့သည့် အတွေ့အကြုံ များကို လက်ရှိအစိုးရအား အကြံဉာဏ်ပြုခြင်းမျိုး ဆောင်ရွက်နေပြီး သမ္မတထံ အကြံပြုစာများပေးပို့ခြင်းနှင့် သမ္မတနှင့်တွေ့ဆုံခွင့်တောင်းခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

Top News