တိုက်ပွဲထပ်မံဖြစ်ပွားပါက တနိုင်းဒေသခံများအခြေအနေ ပိုဆိုးရွားနိုင်ဟု PCG ပြော

တနိုင်းဒေသတွင် တပ် မတော်နှင့် ကချင်လက်နက်ကိုင် အဖွဲ့ (KIA) ကြားတိုက်ပွဲများ ထပ်မံဖြစ်ပွားလာပါက စစ်ဘေးရှောင် များအပါအ၀င် ဒေသခံများ၏ အခြေအနေ ပိုမိုဆိုးရွားလာနိုင် ကြောင်း မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုး ဆောင်အဖွဲ့ (PCG) တာဝန်ရှိသူ များက ပြောသည်။


နိုဝင်ဘာအတွင်းက တနိုင်းမြို့အနီးတွင် တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့အကြား စစ်ရေးတင်းမာမှုနှင့် တိုက်ပွဲဖြစ်ပွားမှုအချို့ဖြစ်ပွားခဲ့ ခြင်းသည် စိုးရိမ်စရာဖြစ်ကြောင်း PCG မှ ဦးလမိုင်ဂွန်ဂျာက ဒီဇင် ဘာ ၁ ရက်တွင် ပြောသည်။

‘‘အရင်ရောက်နေတဲ့သူတွေ တောင် နေရပ်ပြန်ဖို့က ဘယ်လိုမှ မဖြစ်နိုင်သေးတဲ့နေရာမှာ တိုက်ပွဲ တွေက ဆက်ဖြစ်နေမယ်ဆိုရင် တော့ အဲဒီမှာရှိတဲ့ ပြည်သူတွေအ တွက်က စဉ်းစားစရာပေါ့နော်။ တော်တော်လေး အခက်အခဲဒုက္ခ ဖြစ်သွားမယ်ဆိုတာ သုံးသပ်ရ တယ်’’ဟု ၎င်းကဆိုသည်။

တနိုင်းဒေသတွင် ယခုနှစ် ဇွန်လက စတင်ခဲ့သည့် တပ်မ တော်နှင့် KIA တို့အကြား စစ်ရေး တင်းမာမှုကြောင့် ဒေသခံအ မြောက်အမြားနေရပ်စွန့်ခွာထွက် ပြေးခဲ့ရသည်။ အထူးသဖြင့် တနိုင်းမြို့နှင့် မိုင် ၂၀ ခန့်အကွာ နမ်ဗျူ နမ်ခမ်၊ အင်ဂါးဂါး၊ နမ့်ကွမ်းနှင့် အွယ်လောကျေးရွာများမှ အိမ် ထောင်စု ၂၆၈ ခု (စစ်ဘေးရှောင် ဒုက္ခသည် ၉၃၇ ဦး)သည် တနိုင်း မြို့ပေါ်ရှိ ခရစ်ယာန်ဘာသာရေး ကျောင်းများတွင် စစ်ဘေးရှောင် နေရဆဲဖြစ်ကြောင်း တနိုင်းမြို့ရှိ ခရစ်ယာန်ဘာသာရေးခေါင်း ဆောင်တစ်ဦးက ပြောသည်။

‘‘ဒီနှစ်လယ်ပိုင်းလောက် တိုက်ပွဲဖြစ်လို့ ထွက်ပြေးလာတဲ့သူ တွေက တနိုင်းမှာ IDP (စစ်ရှောင်)ဘ၀နဲ့ရောက်ရှိနေတယ်။ စစ် ရှောင်ပုံစံပေါ့ဗျာ။ ဘုရားကျောင်း ဟောခန်းမှာ ဒီလိုပဲ စုပြုံပြီးနေနေ ရတယ်။ သူတို့ဘ၀တွေက ခက်ခဲ ပါတယ်။ IDPs ဘ၀နဲ့လည်း လက်မခံဘူး။ သူတို့စားဖို့၊ သောက်ဖို့ ဆန်တင်ကားတွေကိုလည်း ပိတ် ထားမှုတွေရှိတယ်ဆိုတော့ အဲဒီ မှာရှိတဲ့ ပြည်သူလူထုတွေက တကယ့်အရှင်လတ်လတ်နဲ့ ငရဲ ကျနေတာနဲ့ အတူတူပဲ’’ဟု ဦးလ မိုင်ဂွန်ဂျာက ဆက်လက်ပြော သည်။

PCG သည် တိုက်ပွဲများ ကြောင့် စစ်ဘေးဒုက္ခကြုံနေရ သည့် ဒေသခံများ၏ အရေးကိစ္စများကိုလည်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်နေသည့်အဖွဲ့အစည်း ဖြစ်သည်။ ‘‘တိုက်ပွဲတွေ ကြားထဲက ဒီ IDPs တွေအရေးနဲ့ပတ်သက်လို့ကတော့ ညှိနှိုင်းဆောင်ရွက်မှုတွေအတွက်ကလည်း အလှမ်းဝေးနေဆဲပါ’’ဟု ၎င်းကဆိုသည်။

လတ်တလောတွင် တနိုင်း မြို့နယ်အနီး နိုဝင်ဘာ ၂၈ ရက်က တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ ကြောင်း KIA ပြောရေးဆိုခွင့်ရှိ သူ ဒုဗိုလ်မှူးကြီး နော်ဘူက အ တည်ပြုပြောကြားသည်။

တနိုင်းမြို့နှင့် ဆယ်မိုင်ခန့် အကွာ KIA တပ်မဟာ (၂) တပ်ရင်း (၁၄)ဧရိယာတွင် ဖြစ်ပွားခြင်းဖြစ်ကာ နေ့ဝက်ခန့်ကြာမြင့်ခဲ့ သည့် အဆိုပါတိုက်ပွဲကြောင့် နှစ် ဖက်တပ်သားများထိခိုက်ဒဏ် ရာရရှိမှုရှိ၊ မရှိ ကြားသိရခြင်းမရှိ သေးကြောင်း ၎င်းကပြောသည်။

နိုဝင်ဘာ တတိယပတ်က လည်း ကချင်ပြည်နယ် တနိုင်းမြို့ နယ် ကောင်ရာကျေးရွာတွင် တပ် မတော်နှင့် ကချင်လက်နက်ကိုင် အဖွဲ့ (KIA) တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံများရွာ ပြင်သို့ မထွက်ရန် တပ်မတော်က သတိပေးမှုရှိကြောင်း ကောင်ရာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆင် ၀ါးက ပြောသည်။

တပ်မတော်နှင့် ကေအိုင်အေတို့ ၂၀၁၁ ကစ၍ တစ်ကျော့ပြန် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကချင်နှင့် ရှမ်းမြောက်မှ ဒေသခံ တစ်သိန်းကျော်သည် ယာယီစခန်း တစ်ရာကျော်၌ ခိုလှုံနေရသည်။

Top News