အိန္ဒိယမှပဲအ၀ယ်ရပ်ပြီး သုံးလကြာအထိ အစိုးရထံမှ တိကျသော မူဝါဒမသိရ၍ တောင်သူများ အခက်တွေ့

 အိန္ဒိယနိုင်ငံမှ ၀ယ်ယူမှု ရပ်တန့်ပြီးနောက် သုံးလကြာ မြင့်ချိန်အထိ အစိုးရ၏မူဝါဒကို တိကျစွာ မသိရခြင်းကြောင့် ပဲ စိုက်ပျိုးသူများ အခက်အခဲကြုံနေ ရသည်ဟု ပဲစိုက်သူတောင်သူများ က ပြောသည်။

မိုးစပါး ရိတ်သိမ်းပြီးနောက် မတ်ပဲ ၁၅ ဧကခန့် နှစ်စဉ်စိုက်ပျိုး နေသည့် ဇလွန်မြို့နယ်မှ လယ် သမား ဦးမြင့်စိုးက ‘‘ဒီနှစ်တော့ ဘာမှန်းမသိလို့ တစ်ဝက်ပဲစိုက် တယ်’’ဟု ပြောသည်။ မတ်ပဲပေါ် ချိန်တွင် ဈေးမရနိုင်သည့် အခြေ အနေကို ကြိုတင်မှန်းဆပြီး စိုက် ဧက လျှော့ချခြင်းဖြစ်ကြောင်း လည်း ၎င်းကပြောသည်။

၂၀၁၈ မတ်လနှင့်ဧပြီတွင် အသစ်ပေါ်မည့် မတ်ပဲဈေးကွက် အခြေအနေသည် လက်ရှိအချိန် အထိ မှန်းဆ၍မရသောကြောင့် စိုက်ပျိုးထားသည့် ပဲပင်များအ တွက် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးတို့သုံးစွဲသည့် သွင်းအားစု လျှော့ချသင့်သည်ဟု လွတ်လပ် သော တောင်သူလယ်သမားအ သင်းချုပ် ဥက္ကဋ္ဌဦးသိန်းအောင်က ပြောသည်။

‘‘ဈေးကွက်က အခိုင်အမာ မရှိတော့ လယ်သမားအတွက် မျှော်လင့်ချက်မဲ့တာပေါ့’’ ဟု ကျောင်းကုန်းမြို့နယ်မှ လယ်သ မားဦးပြူးကဆိုသည်။

မြန်မာနိုင်ငံတွင် မတ်ပဲကို တစ်နှစ်လျှင် တန်ချိန် ခြောက် သိန်းခန့် စိုက်ပျိုးနေသော်လည်း အိန္ဒိယနိုင်ငံမှ တင်သွင်းမှု ကန့် သတ်ခဲ့ပြီးနောက် တစ်လလျှင် တန်ချိန်သုံးသောင်းခန့်သာ တင်ပို့နိုင်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူးဦးမင်းကိုဦးက ပြောသည်။

‘‘မတ်ပဲက တခြားနိုင်ငံတွေ ကို ပို့လို့ရတော့ ဈေးကျနေပေမယ့် အဆင်ပြေသေးတယ်’’ ဟု ၎င်း ကပြောပြသည်။ လက်ရှိ ပြည် တွင်းဈေးကွက်တွင် မတ်ပဲ တစ်တန်လျှင် ကျပ်လေးသိန်းခုနစ် သောင်းခန့် ရှိနေပြီး ပဲစင်းငုံတစ် တန်လျှင် ကျပ်သုံးသိန်းသုံးသောင်း ခန့် ဈေးရှိသည်။

မြန်မာနိုင်ငံတွင် တစ်နှစ် လျှင် ပဲစင်းငုံတန်ချိန်လေးသိန်း ခန့် စိုက်ပျိုးပြီး ယခုနှစ်မိုးရာသီ တွင် စိုက်ပျိုးကာ လာမည့်နှစ် ဇန် န၀ါရီတွင် အသစ်ထွက်ပေါ်လာ မည့် ပဲစင်းငုံတန်ချိန် နှစ်သိန်း ကျော်ရှိနေကြောင်း ပြည်တွင်းပဲ ကုန်သည်များက  ခန့်မှန်းပြော ကြားသည်။

‘‘ပဲစင်းငုံပေါ်တဲ့ အချိန်မှာ တော့ ကျွန်တော်တို့ဝယ်ပေးဖို့ စီ စဉ်ထားပါတယ်။ ဘယ်လိုဝယ် မယ်ဆိုတာ ညှိနှိုင်းပြီး ဆောင်ရွက် သွားမှာပါ’’ ဟု စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေး ၀န်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင် မောင်လွင်က ပြောကြားသည်။

ပဲစင်းငုံအသစ်ပေါ်ချိန်တွင် ဈေးနှုန်းသတ်မှတ်၍ တောင်သူ လယ်သမားများထံမှ ၀ယ်ယူရန် အစိုးရက ကျပ် ၁၅ ဘီလီယံကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနသို့ ချထားပေး ကြောင်း ၎င်းကဆိုသည်။

တောင်သူများထံမှ ပဲစင်းငုံ ၀ယ်ယူရန် အရည်အသွေး၊ ဈေးနှုန်းသတ်မှတ်ချက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ လွှတ်တော်ကိုယ်စား လှယ်များ၊ အသင်းအဖွဲ့များ စုပေါင်းတိုင်ပင်ဆောင်ရွက်မည်ဟု ဦးခင်မောင်လွင်က  ပြောသည်။

Top News