အတိုးနှုန်းများစွာပေး၍ ရှယ်ယာခေါ်ယူသော လုပ်ငန်းများနှင့် ပြည်သူ့အသံ

လက်ရှိတွင် တိမ်းရှောင်နေသော ဒေါ်သက်သက်မြိုင်သည် ဆီဒိုးနားဟိုတယ်၌ ကုမ္ပဏီရုံးခန်းငှားရမ်းဖွင့်လှစ်ခဲ့ပြီး ယင်းကုမ္ပဏီရုံးခန်းသို့ နိုဝင်ဘာ ၃၀ ရက်က လာရောက်စောင့်ဆိုင်းနေသည့် ရှယ်ယာရှင်အချို့ကိုတွေ့ရစဉ်(ဓာတ်ပုံ−ဟိန်းသာ)

အတိုးနှုန်းများစွာပေး၍ ရှယ်ယာများခေါ်ယူကာ လုပ်ငန်းထည့် ၀င်ငွေများမှ အမြတ်များကို သတ်မှတ်ကာလအတွင်းပြန်လည်မထုတ် ပေးဘဲ ကျပ်သိန်းပေါင်းရှစ်သောင်းကျော်လိမ်လည်သွားသည့်ဖြစ်စဉ်မှာ ယခုရက်ပိုင်းအတွင်းနာမည်ကြီးနေသည်။ ရှယ်ယာများကို ဆိုရှယ်မီဒီ ယာများမှတစ်ဆင့် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး မကြာမီပြဿနာများကို ပြေ လည်အောင်ဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းကိုဦးဆောင် သူအမျိုးသမီးက ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သော်လည်း ၎င်းမှာလက်ရှိ အချိန်အထိ တိမ်းရှောင်နေဆဲဖြစ်ရာ အစုစပ်ရှယ်ယာလုပ်ငန်းများတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ထည့်ဝင်ခြင်းနှင့်ပတ်သက်၍ ပြည် သူများသတိပြုနိုင်ရန် နစ်နာသူများအပါအ၀င် ပြည်သူများ၏အသံကို စုစည်းဖော်ပြလိုက်ပါသည်။

ဒေါက်တာဇာနည်ဇင် (အထွေထွေရောဂါကုဆရာဝန်)
အတိုးနှုန်းတွေ မက်လောက်အောင်ပေးတယ်ဆိုရင် လိမ်မှာပဲ။ လောဘကြီးလာရင် အလိမ်ခံရမှာပဲ။ ဆရာတို့လည်း ဆေးခန်းဖွင့်တာ အပြင် အပြင်စီးပွားရေးလုပ်ငန်းတွေလုပ်တာပဲ။ အိမ်တွေဆောက်ပြီး ပြန်ရောင်းတယ်။ အဲဒီမှာ ပိုက်ဆံသိန်း ၁၀၀ ရင်းပြီး လုပ်ရင် အတိုးနှုန်း ၅ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းပေးရတာပဲ။ တကယ့်စီးပွားရေးလုပ်ရင် သိန်း ၁၀၀ ရင်းရင် ၁၀ ရာခိုင်နှုန်းမြတ်ဖို့မလွယ်ပါဘူး။ နောက်တစ်ခုက ကိုယ် က ဒီလုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် ယုံကြည်ရမှု၊ ခိုင် မာမှုဘယ်လောက်ရှိလဲ ဒါကိုကြည့်ရမယ်။ ဆရာတို့မန္တလေးမှာဆိုဘယ်လိုလုပ်ငန်းတွေလုပ်ကိုင်နေသူလဲ၊ ယုံကြည်ရတဲ့သူတွေဆို မြှုပ်နှံမှာပဲ။ ဘဏ်တွေမှာဆိုလည်း ဥပမာ-ကမ္ဘောဇဘဏ်လိုဟာမျိုးက အများပိုင် လုပ်မယ်ဆိုရင် ယုံကြည်မှုရှိလို့ မြှုပ်နှံမှုလုပ်မှာပဲ။ အဲဒီလိုမဟုတ်ဘဲ ကိုယ်လည်းမသိဘဲနဲ့ မြှုပ်နှံဖို့ဆိုတာ မလုပ်သင့်ပါဘူး။

ဦးတင်သန်းဦး (စီးပွားရေးနှင့် ဥပဒေဆိုင်ရာအကြံပေး)
အများပြည်သူထိခိုက်နစ်နာတဲ့ စီးပွားရေးလုပ်ငန်းပြလိမ်လည်မှု ပေါ့။ ဒီလိုပြဿနာတွေက နိုင်ငံတော်ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာဥပဒေနဲ့မညီညွတ်ဘဲ ဆန့်ကျင်ပြီး ငွေကြေးစီးပွားရေးဆိုင်ရာတွေ လက်ခံ ဆောင်ရွက်နေတဲ့ မည်သည့်စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းမဆို မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ၀င်ရောက်စစ်ဆေးနိုင်တယ်။ အရေးယူနိုင်တယ်။ ဟန့်တားနိုင်တယ်။ ၀ရမ်းတစ်စုံတစ်ရာမပါဘဲ အများပြည်သူနစ်နာ မယ်ဆိုရင် ဟန့်တားအရေးယူနိုင်တယ်။ နည်းလမ်းတကျနဲ့ဥပဒေနဲ့အညီ အရေးယူဖို့အတွက် စောင့်ဆိုင်းရမယ့်ပြဿနာတွေရှိခဲ့ရင်လည်း ဘယ်လိုအရေးယူရမယ်ဆိုတာ ရဲလုပ်ထုံးလုပ်နည်းဥပဒေမှာ ရှိပြီးသားပါ။ ပြည်သူတွေအနေနဲ့ ရှေ့မှာဖြစ်ခဲ့ပြီးပါပြီ။ အဲဒီတုန်းကလည်း၊ သတိပေးမှုတွေလုပ်ခဲ့စဉ်ကလည်း ပြည်သူတွေငွေသန်းပေါင်းများစွာဆုံးရှုံးခဲ့တာ တွေဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအဖြစ်အပျက်နဲ့အတူ ခဏခဏငွေကြေး စီးပွားရေးလိမ်လည်မှုဖြစ်ရပ်တွေ မီဒီယာကတစ်ဆင့်ကြားနေရပေမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူတွေမနစ်နာအောင် တိတိကျကျဟန့်တားဖို့ ပညာပေးစီစဉ်မဆောင်ရွက်တာ၊ အကာအကွယ်မပေးတာက မြန်မာ ပြည်သူတွေအတွက် အင်မတန်အံ့ဩစရာကောင်းပါတယ်။ ပြည်သူတွေအနေနဲ့ မက်လောက်တဲ့အတိုးတွေပေးပြီး ငွေလိမ်ယူနေတယ်ဆိုတာ သတိထားရမှာပါ။ နောက်ပိုပြီးသတိထားသင့်ပါတယ်။ ဆိုင်းဘုတ်တွေတင်၊ ကြော်ငြာတွေလုပ်ပြီး လိမ်လည်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို အရေးမယူတဲ့ရဲတပ်ဖွဲ့နဲ့ စီးပွားရေးဆိုင်ရာကုမ္ပဏီတွေ၊ လုပ်ငန်းတွေချပေးတဲ့ ပုဂ္ဂိုလ်တွေမှာ တာဝန်အရှိဆုံးလို့ပြောချင်ပါတယ်။

မသိင်္ဂီဝင်း (ငွေကြေးနစ်နာဆုံးရှုံးခဲ့သူ၊ လမ်းမတော်မြို့နယ်)
ကိုယ်တိုင်ခံစားခဲ့ရတာဆိုတော့ မက်လုံးတွေကို လွယ်လွယ်နဲ့ မယုံ ဖို့ပြောချင်တယ်။ လုပ်ငန်းတစ်ခုမှာ ရှယ်ယာထည့်မယ်ဆိုရင်သိတဲ့၊ တတ်တဲ့သူတွေနဲ့ အရင်တိုင်ပင်ဆွေးနွေးသင့်တယ်။ ကျွန်မတို့အလှည့် တုန်းကကျတော့ ၂၀၁၅ ခုနှစ်က စတော့ရှယ်ယာတွေမပေါ်ခင် အွန် လိုင်းမှာ Gold Trade လုပ်မယ်ဆိုပြီးခေါ်တာ။ ပိုင်ရှင်က တရုတ်နိုင်ငံသား။ အွန်လိုင်းပေါ်မှာ ကမ္ဘာ့ရွှေဈေးအတက်အကျကို ကစားလို့ရတယ်။ ကိုယ်တိုင်မကစားချင်တဲ့သူကို အဲဒီကုမ္ပဏီက ကျွမ်းကျင်ပညာရှင်တွေက ကစားပေးမယ်။ အဲဒီကရတဲ့အမြတ်ငွေကို ပြန်ခွဲပေးမယ်ဆိုပြီးခေါ်တာ။ သိန်းငါးဆယ်ထည့်ရင် တစ်လကို အမြတ်ငွေသုံးသိန်းရမယ်ပေါ့။ သုံးလတစ်ကြိမ်ငွေပြန်ထုတ်လို့ရမယ်ဆိုလို့ ၀င်လိုက်မိတာ။ သုံးလပြည့်ရင်တော့ ငါ့ငွေပြန်ရမယ် အတိုးနဲ့ဆို ၅၉ သိန်းရမှာပဲဆိုပြီး ၀င်လိုက်မိတာ။ သူများတွေဆို သိန်း ၄၀၀၊ ၅၀၀ သမားတွေတောင်ပါတယ်။ ငါ့ငွေက နည်းနည်းလေးပါ၊ သူများတွေတောင်ထည့်ကြတာပဲဆိုပြီးထည့်လိုက်တာ။ ပထမတစ်လ၊နှစ်လတော့ အမြတ်ငွေရတယ်။ နောက်သုံးလပြည့်တဲ့လမှာ အလိမ်ခံရတော့တာပဲ။ အရင်းပါ စုပ်စမြုပ်စ ပျောက်သွားတယ်။ အဲဒီတုန်းက အလိမ်ခံရတဲ့သူတွေစုပြီး ရဲစခန်းသွားကြတော့ ရဲစခန်းကအမှုဖွင့်ပေးလို့မရဘူးပြောတယ်။ ဘာလို့လဲဆိုတော့ ယုံကြည်အပ်နှံမှုဖြစ်နေတယ်တဲ့၊ ကိုယ့်ဘာသာယုံကြည်လို့ပေးထားတဲ့ ငွေပေါ့။ အမှုဖွင့်လို့မရဘူး၊ ချုပ်ထားတဲ့စာချုပ်ကလည်း နိုင်ငံခြားသားနဲ့ချုပ်ထားတာ တရားမ၀င်ဘူးပေါ့။ လိမ်သွားတဲ့တရုတ်က Interpol (နိုင်ငံတကာရဲတပ်ဖွဲ့)က ၀ရမ်းထုတ်ထားတဲ့သူ၊အဲဒီလိုလူက မြန်မာပြည်ထဲဝင်ပြီး မြို့လယ်ကောင်မှာ အခန်းငှားပြီးအလုပ်လုပ်ခွင့်ရနေတယ်။ အဲဒီလိုလူကို ဒီနိုင်ငံ ထဲဝင်ခွင့်ပေးလိုက်တော့ ကိုယ့်နိုင်ငံသားတွေ ကို လိမ်ချင်သလောက်လိမ်စမ်းဆိုပြီး ခွင့်ပေးလိုက်သလိုပဲ။ တချို့ဆိုအဲဒီလိုအလိမ်ခံရလို့ ဘ၀ပါပျက်သွားကြတယ်။ အတိုးအများကြီးပေးတယ်ဆိုပြီး အိမ်တွေဘာတွေ ပေါင်ပြီးထည့်ကြတာ။ အခုဆိုလည်း ဖေ့စ်ဘွတ်ခ်ကတစ်ဆင့်ရှယ်ယာရှင်တွေခေါ်တာတွေ တွေ့နေရတယ်။ အဲဒီလိုခေါ်ပြီ ဆိုရင် အစိုးရက အဲဒီခေါ်တဲ့သူတွေရဲ့ အထောက်အထားတွေ၊ နောက်ကြောင်းရာဇ၀င်တွေကို လိုက်စုံစမ်းသင့်တယ်။ သိအောင်လုပ်သင့်တယ်။ ပြည်သူတွေရဲ့ချွေးနှဲစာတွေအများကြီးပါတယ်လေ။

မကျော့ကေခိုင် (အခွင့်အလမ်းဂျာနယ်)
လတ်တလောဖေ့စ်ဘွတ်ခ်မှာ ရှယ်ယာသိန်းသောင်းချီလိမ်လည် သွားတဲ့ကိစ္စက လောဘကြောင့်အထောက်အထားခိုင်ခိုင်မာမာမရှိတဲ့ ကုမ္ပဏီတစ်ခုအပေါ်မှာ အယုံလွယ်တာက ဖြတ်လမ်းကနေ စီးပွားရှာချင် တာကြောင့် အခုလိုအလိမ်ခံလိုက်ရတယ်လို့ပဲမြင်မိပါတယ်။ ခုကြုံရတဲ့ သူတွေက မြို့ပေါ်နေ လူတန်းစားတွေအများကြီးပါပါတယ်။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး ဗဟုသုတမရှိဘူးလို့လည်း မပြောနိုင်တော့ဘူး။ အခုလို သိန်းပေါင်းများစွာယူပြီး လိမ်လည်သွားတဲ့အခါ ငွေကိုလွယ်လွယ်နဲ့ အချိန်တိုအတွင်းပွားအောင် လုပ်ချင်သူတွေအတွက်ဒီဖြစ်ရပ်က သတိပေးခေါင်းလောင်းသံပါပဲ။ ဒီဖြစ်ရပ်ကို နမူနာယူပြီး အယုံမလွယ်မိကြဖို့ လိုပါတယ်။ ဒီလိုလိမ်နည်းမျိုးက ဟိုတုန်းကတည်းက ကျွန်တော်တို့ နယ် ဘက်မှာရှိခဲ့ဖူးတယ်။ သူ့ကိုယ်သူဘိုးတော်လို့ပြောတဲ့လူတစ်ယောက်က ရွှေပွားအောင်လုပ်ပေးတယ်ဆိုပြီး နာမည်ကြီးခဲ့တာ။ အစပိုင်းတော့ အခုလိုပဲ တစ်ခုပေးရင်နှစ်ခုရအောင်ပွားပေးတယ်ပေါ့။ နောက်ပိုင်းလူ တွေက တကယ်ယုံကြည်လာပြီး နားထဲကနားကပ်တောင်မချန် ပုံအော ကြတဲ့အခါကျတော့ ရွှေထုပ်ပိုက်ပြီးလစ်ပြေးပါလေရော။ ဒီတော့ ခေတ်စနစ်အရလိမ်တဲ့ပုံစံသာပြောင်းသွားတယ်။ လိမ်နည်းကတော့ ဒီလိုပုံစံ ခပ်ဆင်ဆင်တွေချည်းပဲ။ အခုလိုဖြစ်ရပ်မျိုးဖြစ်လာတဲ့အခါ တာဝန်ရှိသူ တွေအနေနဲ့ ဒီလိုဖြစ်ရပ်မျိုးကြုံလာတဲ့အခါ ဘယ်လိုအရေးယူမယ်၊ မဖြစ်ခင်ဥပဒေနဲ့အညီ ဘယ်လိုကာကွယ်သွားမယ်ဆိုတာမျိုးတွေပါ ပြင်ဆင်ထားသင့်ပါပြီ။ ခိုင်မာတဲ့ဥပဒေတွေလည်းရှိသင့်ပါပြီ။

ဒေါက်တာမောင်မောင်လေး(မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ)
လူမှုကွန်ရက်က အစစအရာရာပွင့်လင်းလျင်မြန်တော့ လိမ်လည်မှု တွေများလာတာပေါ့။ ရှေ့ဆက်ပြီးတော့လည်း ဖြစ်လာနိုင်သေးတယ်။ သတင်းအချက်အလက်က မြန်မြန်ဆန်ဆန်ဖြန့်နိုင်တော့ သတိထားဖို့ လိုတယ်။ ကိုယ်လုပ်မယ့်အလုပ်ကိုတော်ရုံနဲ့ မယုံပါနဲ့။ အသေအချာစစ် ဆေးပြီးမှ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့လိုလာပြီ။ ငွေကစားလိုသူတွေက ရွှေ၊ ကား၊ မြေ၊ ဒေါ်လာအပြင် တခြားဟာတွေလည်း လုပ်ကိုင်ချင်ကြတယ်။ ဒီနိုင်ငံမှာက စတော့ဈေးကွက်ကလည်း သိပ်ပြီးမပီပြင်သေးတော့ အမြတ်များများပေးပြီး ဆွဲဆောင်ရင်ပါတတ်တယ်။ ငွေကြေးရင်းနှီးမြှုပ်နှံတဲ့လူတိုင်းက ခိုင်မာတဲ့အခြေအနေတစ်ခုကို လိုချင်ကြတယ်။ ဒီနိုင်ငံမှာ က ရင်းနှီးမြှုပ်နှံထားတဲ့ငွေကြေးတွေ လိမ်လည်မှုမပြုလုပ်နိုင်အောင် ဥပဒေ၊ နည်းဥပဒေတွေလည်း လိုနေသေးတယ်။ စနစ်တကျနဲ့ ဒီလိုမထိန်းရင် ရှေ့ဆက်ပြီးအလိမ်ခံရတာတွေထပ်ပြီးဖြစ်လာနိုင်တယ်။ လူထုကိုလည်း ကျယ်ကျယ်ပြန့်ပြန့်အသိပေးဖို့လိုတယ်။ ဒါမှကြိုတင်ရှောင်ရှားလို့ရမှာပေါ့။

ကိုဇင်ဇေလွင် (ဆင့်ပွားစီးပွားရေးကွန်ရက် MLM စနစ်ကို ပညာပေးလှုပ်ရှားသူ)
အဓိကကတော့ ကိုယ်ငွေထည့်ဝင်မယ့် လုပ်ငန်းအကြောင်းကို သေချာလေ့လာစုံစမ်းစေချင်တယ်။ ကိုယ့်ကို ငွေထည့်ခိုင်းသူတွေဆီမှာ တင်မကဘဲ ကြားလူတွေဖြစ်တဲ့စီးပွားရေးပညာရှင်တွေ၊ လက်တွေ့စီးပွားရေးလောကမှာ ကျင်လည်နေသူတွေနဲ့အရင်တိုင်ပင်ကြည့်သင့်ပါတယ်။ ငွေထည့်တော့မယ်ဆိုရင် ဥပဒေအရခိုင်မာမှုရှိအောင် ဥပဒေ ကျွမ်းကျင်သူနဲ့တိုင်ပင်ပြီး စနစ်တကျလုပ်ဆောင်သင့်တယ်။ ငွေကုန်မှာနှမြောမိရင် နောင်ကျတစ်ခုခုဖြစ်လာရင် ပိုခက်လိမ့်မယ်။ ငွေနည်းနည်းပဲ ထည့်ဆိုလည်း အဲဒီလိုထည့်မယ့်လူတွေအချင်းချင်းအရင်စုစည်းပြီး စရိတ်မျှခံကြပေါ့ဗျာ။ ဒါမှစိတ်ချရမှာ၊ ခိုင်မာမှာပါ။ အပြင်မှာ တိုင်ပင်တာတင်မက  အွန်လိုင်းပေါ်ကနေလည်း လေ့လာစုံစမ်းအကြံဉာဏ်တွေယူလို့ရပါတယ်။ အခမဲ့ဆွေးနွေးအကြံပေးနေတဲ့ Group တွေရှိနေတာပဲဗျာ။ ရသမျှအချက်အလက်တွေကိုစုစည်းပြီးမှ ငွေထည့်သင့်၊ မသင့်ဆုံးဖြတ်ချက်ချရမှာပါ။ သိပ်လောမကြီးမိဖို့လိုပါတယ်။ အကြံပေးချင်တာကတော့ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ အဲဒီနစ်နာသူတွေဟာ စုစု စည်းစည်းနဲ့ အဖွဲ့တစ်ခုသီးသန့်သေချာဖွဲ့ဖို့ပဲ။ ဒါမှဘာလုပ်မလဲ၊ ဘာလုပ်သင့်လဲဆိုတာတွေကို လူပေါင်းများစွာက ချိတ်ဆက်တိုင်ပင်နိုင်မှာလေ။ စုစည်းပြီးတာနဲ့ ရန်ပုံငွေသဘောမျိုးထားပြီး ကျွမ်းကျင်တဲ့ဥပဒေပညာရှင်နဲ့ သွားတိုင်ပင်ပြီး ရှေ့ဆက်လုပ်ရမှာ၊ လုပ်စရာရှိတာတွေကို လုပ်ရမှာပါ။ လူစုပြီးတော့ လုပ်တော့တစ်ဦးချင်းအနေနဲ့ အကုန်အကျ ပိုသက်သာသွားသလို အချင်းချင်းလိုအပ်တာတွေလည်း ပြောပြသတိပေးနိုင်တာပေါ့ဗျာ။ ရဲစခန်းကို အမှုသွားဖွင့်ရင်လည်း တစ်ခါတည်း ဥပဒေပညာရှင်ပါ ခေါ်သွားသင့်တာပေါ့။ ဒါမှ ဥပဒေဘောင်ဝင်အောင် သေချာပြောပြပြီး အမှုဖွင့်နိုင်မှာ။ မဟုတ်ရင် ကိုယ်တိုင်က ဥပဒေသေချာ နားမလည်ရင် ရဲကအမှုမဖွင့်ပေးဘူးဆိုတာနဲ့တင် ဘာဆက်လုပ်ရမှန်း မသိဖြစ်နေလိမ့်မယ်။ အဓိကကတော့ ဥပဒေကျွမ်းကျင်သူနဲ့တိုင်ပင်ပြီး လိမ်လည်သွားသူဆီက ငွေကြေးပြန်ရဖို့ရော၊ ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးနိုင်ဖို့ရော ကြိုးစားရမှာပါ။ မဟုတ်ရင်တော့ ဥပဒေအရသေချာအရေး မယူနိုင်ရင် လူလိမ်တွေက ထပ်ထပ်လိမ်နေကြမှာပါပဲ။ အစိုးရနဲ့ သက်ဆိုင်ရာကို ဆောင်ရွက်ပေးစေချင်တာကတော့ နိုင်ငံပိုင်မီဒီယာတွေကနေ ပုံမှန်သေသေချာချာသတိပေး၊ ပညာပေးတာတွေလုပ်ပြီး မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ဖို့၊ ဖြစ်လာတော့မယ့် အလားအလာမြင်နေရတဲ့လုပ်ငန်းတွေကို မြန်မြန်သွက်သွက်ဝင်ရောက်စစ်ဆေးပေးဖို့၊ စစ်ဆေးတွေ့ ရှိချက်တွေကို ပြည်သူတွေပါသိနိုင်အောင် ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးဖို့၊ ဖြစ်ပြီးတဲ့အချိန်မှာ ဆုံးရှုံးနစ်နာမှုတွေ နည်းနိုင်သလောက်နည်းအောင် (တိုင်တာတောတာကို ထိုင်စောင့်မနေဘဲ မူမမှန်ဘူးဆိုတာ သံသယရှိတာနဲ့) မြန်မြန်သွက်သွက်စုံစမ်းဆောင်ရွက်ပေးဖို့၊ ဖြစ်ပြီးတဲ့အချိန်မှာ ဆုံးရှုံးနစ်နာမှုတွေ နည်းနိုင်သလောက်နည်းအောင် စုံစမ်း ဆောင်ရွက်ပေးဖို့ လိမ်လည်သူတွေကို ဥပဒေအရ ထိထိရောက်ရောက်၊ ပြင်းပြင်းထန်ထန်အရေးယူပေးပြီးနောင်မှာလည်း ပြည်သူတွေသတိထား နိုင်အောင် သေချာကြေညာပေးဖို့စတာတွေပါပဲ။

အထက်တန်းရှေ့နေ ဦးနေစည်သူဇော် (Jude Jude ဖြစ်စဉ်တွင်နစ်နာသူ ၂၀ ခန့်ကို ကူညီပေးသူ)
ဒီလိုဖြစ်လာပြီဆိုရင် အရင်ဆုံးသက်ဆိုင်ရာ၊ ဌာနဆိုင်ရာကို သွား ရောက်အကြောင်းကြားရမယ်။ သက်ဆိုင်ရာကလည်း ဒီလိုလူအများကြီး က လာတိုင်တယ်ဆိုရင် အလိမ်မခံရသေးတာနဲ့၊ပြစ်မှုမကျူးလွန်တာနဲ့ လွှတ်ပေးမထားသင့်ဘဲ စောင့်ကြည့်တာမျိုး၊ ၀င်ရောက်စစ်ဆေးတာမျိုး ဒါလုပ်ပိုင်ခွင့်တွေရှိပါတယ်။ လူတွေကလည်း ဥပဒေအသိအားနည်းကြ တယ်ဆိုတော့ အဲဒီလိုဖြစ်လာပြီဆိုရင် ဥပဒေနားလည်တဲ့သူရှေ့နေမဟုတ်ဘူး။ ဥပဒေနားလည်တဲ့လူကိုသတင်းပေးရမယ်။ ပြီးတော့ ဘဏ်တွေကလည်း ဒီလောက်များတဲ့ငွေတွေဝင်ထွက်နေတာ သူတို့မသိဘူးလားလို့မေးစရာရှိတယ်။ ဒီကိစ္စမှာ ရာခိုင်နှုန်းတွေ ဒီလောက်ကြီး၊ အမြတ်တွေဒီလောက်ကြီးပေးတာကိုက ဥပဒေမဲ့နေပြီ။ နောက်တစ်ချက်က တရားမ၀င်ငွေကြေးအပ်နှံတာက တရားမ၀င်ဘူး။ဒါပေမဲ့ဒီကိစ္စမဖြစ်ခင် ဒါကြီးတွေလိုင်းပေါ်မှာပျံ့နှံ့နေတာ သက်ဆိုင်ရာကမသိဘူးလား။ ဒါ အရေးယူရမယ်လေ။

ဒေါက်တာစိုးထွန်း (မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဒုတိယဥက္ကဋ္ဌ)
ငွေကြေးရင်းနှီးမြှုပ်နှံနေတဲ့ လူတွေက အဓိကကျပါတယ်။ အရင် ကလည်း သစ္စာပန်းခင်းတို့၊ ဧရာမြေတို့လည်း ဒီလိုပဲလိမ်သွားတာ။ တစ် ခုသတိထားရမှာက ၁၀၀ ရာခိုင်နှုန်းဘယ်လုပ်ငန်းမှ မမြတ်ဘူး။ ဘိန်း ဖြူရောင်းရင်လည်း အဲဒီလောက်မရဘူး။ ဒါကို သတိထားဖို့လိုပါတယ်။ အခုဖြစ်နေတဲ့ ငွေကြေးအရှုပ်အရှင်းပြဿနာက ရှယ်ယာထည့်တယ်ဆို ပေမယ့် အတိုးပေးထားတာဆိုတော့ ဥပဒေအရဆောင်ရွက်ရတာလည်း ခက်တယ်။ မြန်မာနိုင်ငံမှာ ရှယ်ယာဝင်ချင်ရင် စတော့အိတ်ချိန်းရှိတယ်။ အစိုးရကလည်း ရှယ်ယာရောင်းချခွင့်ကုမ္ပဏီငါးဆယ်ရှိတယ်ဆိုတာကို တရားဝင်ကြေညာပေးထားတယ်။ ဒါတွေကို သတိထားလေ့လာပြီးမှ ၀ယ်သင့်တယ်။ အတိုးများများပေးတာတို့၊ အမြတ်များများပေးတာတွေကို သတိထားဖို့လိုပါတယ်။

ဒေါ်မိုမိုချစ် (ထားဝယ်မြို့ခံ)
ရှယ်ယာစုဆောင်းခေါ်ယူတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အလိမ် မခံရအောင်ဆိုရင် အဲဒါတွေနဲ့သက်ဆိုင်တဲ့ ၁၉၄၅ ငွေရေးကြေးရေးအက် ဥပဒေအရ ဘယ်လိုရှိတယ်။ နိုင်ငံတော်က ငွေရေးကြေးရေးဥပဒေတွေ ဘယ်လိုပြဋ္ဌာန်းထားလဲဆိုတာတွေကို အစိုးရအနေနဲ့ ပြည်သူတွေကြား ထဲ သိသာအောင်ပြောပေးရမယ်။  ယူရမယ်လေ။ အခု ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ အဲဒီလိုပုံစံတူလိမ်လည်ခံရတာမျိုးတွေဖြစ်သွား တယ်။ အမှုပေါင်း ၅၀၀ ကျော်ထိရှိသွားတယ်။ အခုချိန်ထိ မပြီးပြတ်သေးတာတွေရှိသေးတယ်။ ရှယ်ယာစုဆောင်းတဲ့လုပ်ငန်းကို အမှန်တကယ် လုပ်ချင်တယ်ဆိုရင် ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေနဲ့ဆွေးနွေးတိုင်ပင်ပြီး စာချုပ်စာတမ်းတွေနဲ့ သေချာစွာလုပ်သင့်တယ်။ အခုကတရားမ၀င်ဘဲ ကိုယ့်သဘောနဲ့ကိုယ်လုပ်ကြတယ်။ အလိမ်ခံရတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ခိုင်လုံတဲ့သက်သေအထောက်အထားမရှိဘဲ သိန်းပေါင်းရာချီပြီး မြှုပ်နှံရင် လိမ်တဲ့သူက လိမ်လည်ဖို့အတွက် ကြိုတင်ကြံစည်ပြီးသား။ လိမ်ခံရတယ်ဆိုတာ လောဘကြောင့်လိမ်ခံရတာ။

မမြတ်နိုးဝေ (Jude Jude လုပ်ငန်းမှ ရှယ်ယာငွေလိမ်ခံရသူတစ်ဦး)
တကယ်လုပ်ငန်းလုပ်တော့မယ်ဆိုရင် ဒီလူရဲ့ လုပ်ငန်းနဲ့နောက်ခံ ကို ထဲထဲဝင်ဝင်လေ့လာဖို့၊ လိုက်ကြည့်ဖို့လိုပါတယ်။ အခုကျွန်မတို့ဖြစ် သွားတဲ့ပြဿနာက သူလိုက်ပြတဲ့ဆိုင်ခန်းတွေနဲ့ သူ့ရဲ့ဆွယ်လုံးတွေကို မက်မောမိလို့ဖြစ်တာပေါ့နော်။ အစ်မတို့ကို ကုမ္ပဏီမှတ်ပုံတင်ရှိတယ်ဆို ပြီး ပြောဆိုထားတာ။ တကယ်တမ်းကျ လိမ်ခါနီးမှ မှတ်ပုံတင်ကိုချက် ချင်းတင်လိုက်တာ။ နောက်ဆုံးအမှုဖွင့်ဖို့ လုပ်တဲ့နေ့ကလည်း ရဲတွေက ဖွင့်မရကြောင်း၊ ဘယ်လိုလုပ်သင့်တဲ့လမ်းကြောင်းကို ပြောဆိုရှင်းပြတာ မရှိဘူး။ သူတို့မအားဘူး၊ အိပ်နေတယ်ဆိုတာပဲလာတယ်။ ဒီတော့ ဒါမျိုးတွေကြုံလာရပြီဆို ဥပဒေကျွမ်းကျင်တဲ့လူနဲ့အရင်တိုင်ပင်သင့်တယ်။ တကယ်တမ်းဖြစ်လာပြီဆိုရင် တရားဥပဒေအရပဲသွားဖို့လိုပါတယ်။ ကျွန်မတို့လည်း ဥပဒေလမ်းကြောင်းကပဲသွားမှာ။ ဒါပေမဲ့ ဒီနိုင်ငံမှာက ဥပဒေကို လက်တစ်လုံးခြားလုပ်တယ်။ ငွေများတရားနိုင်ဖြစ်နေတယ်။ ဒီလုပ်ငန်းတွေကို ထိန်းချုပ်ဖို့ကလည်း လျော့ရဲနေတယ်။

ကိုလပြည့် (ကုမ္ပဏီဝန်ထမ်း၊ ပြည်မြို့)
အတိုးနှုန်းတွေ အများကြီးပေးမယ်ဆိုပြီး ရှယ်ယာရှင်တွေခေါ်လိမ် လည်ထွက်ပြေးတာတွေ မခံရဖို့ သူတို့ရဲ့လုပ်ငန်းမည်မည်ရရရှိ၊မရှိသိ ဖို့လိုပါတယ်။ လုပ်ငန်းလည်း မပြနိုင်၊ ခိုင်မာတဲ့မူဝါဒလည်းမရှိဘဲ အတိုး နှုန်းတွေ အများကြီးပေးမယ်ဆိုတာတော့ ဖြစ်နိုင်၊ မဖြစ်နိုင်စဉ်းစားကြ ပေါ့။ မိမိပတ်ဝန်းကျင်မှာလည်း ဒီလိုပဲလိမ်လည်ခံနေရသူတွေကြားကြ မှာပါ။ ပြည်မြို့ဒေသ၀န်းကျင်ဘက်မှာ အဲဒီလိုလိမ်လည်ခံရသူတွေရှိပါ တယ်။ တခြားနိုင်ငံဘက်က နိုင်ငံခြားသားက လိမ်သွားတာမျိုးတွေ၊ ပြည်တွင်းကနေ လိမ်လည်ထွက်ပြေးသွားတာတွေ၊ အဆင့်ဆင့်အုပ်စုဖွဲ့ လက်ဆင့်ကမ်းစည်းရုံးရေးဆင်းလိမ်တာကြောင့် အရေးယူဖို့က ကြန့်ကြာမှာပဲ။ ဘာပဲဖြစ်ဖြစ် နည်းနည်းနဲ့အများကြီးရတာလိုချင်တဲ့လောဘစိတ်ကြောင့်သာဖြစ်ရတာပါ။ ရင်းနှီးမြှုပ်နှံခါနီးမှာ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြီးတွေးဆဆင်ခြင်ဖို့ လိုပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့ကတော့ ပြည်သူတွေအကြားမှာ ကျယ်ကျယ်ပြန့်ပြန့်သိနိုင်ဖို့ အသိပညာပေးဟောပြောတာတွေ လုပ်ပေးနိုင်ရင်ကောင်းပါတယ်။

မအေးအေးအောင် (သတင်းထောက်)
Jude Jude ဆိုရင် မပြေးခင်ကတည်းက ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြန်အမ်းငွေမရပါဘူးဆိုပြီး အလိမ်ခံနေရသူတွေက ပို့စ်တွေတင်ပြီးသတိပေးနေတာပဲ။ သူကိုယ်တိုင်ကလည်း ရိုးရိုးကုမ္ပဏီလိုင်စင်လေးကိုပြပြီး ဒီနှစ်ပိုင်းအတွင်းမှာ လုပ်ထားတော့ ယုံကြတာပေါ့။ ငွေရှာလို့ အဆင်မပြေတော့ အတိုးလည်းရမယ်ဆိုတော့ မက်ကြတာပေါ့။ တကယ်ဆိုရင်ရဲအရေးမပိုင်လည်း ပြည်သူတွေနစ်နာချက်တွေသိပြီဆိုတာနဲ့ ချက်ချင်းအရေးယူဆောင်ရွက်ပေးသင့်တာပေါ့။ နောက်ထပ် ဒီလိုမဖြစ်အောင်တင်းတင်းကျပ်ကျပ်အရေးယူရမယ်။ တချို့ကလည်း ကုမ္ပဏီလိုင်စင်ရှိတယ်ဆိုပြီးယုံကြတော့ ဒီလိုင်စင်ကဘာအတွက်ချပေးတာ၊ ဘာလုပ်ငန်းပဲလုပ်ရတာကိုမသိတဲ့သူများတယ်။ သေချာစစ်ဆေးဖို့ပျက်ကွက်ကြတယ်။ ဗဟိုဘဏ်ကလည်း ဒီလိုငွေကြေးလုပ်ငန်းလုပ်နေတာကို တိတိကျကျထိန်းချုပ်ရမှာပေါ့။

 

More in Interview Section