သမ္မတဦးထင်ကျော် ကိုယ်အလေးချိန် အနည်းငယ်ကျသွားသည်ကလွဲ၍ ကျန်းမာရေးကောင်းကြောင်း ဦးဝင်းထိန်ပြောကြား

ပုပ်ရဟန်းမင်းကြီးအား သမ္မတအိမ်တော်တွင် ဂုဏ်ပြုအခမ်းအနားဖြင့် ဧည့်ခံကြိုဆိုနေသော သမ္မတဦးထင်ကျော်ကို နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ လတ်တလော ကျန်းမာရေး အခြေအနေသည် အနည်းငယ်ဝိတ်ကျသွားသည်မှ လွဲ၍ ကောင်းမွန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ကပြောကြားသည်။


‘‘သမ္မတကြီးက ကျန်းမာရေး လည်းကောင်းတယ်။ ဘန် ကောက်သွားပြီးကတည်းက ဝိတ် ကျသွားတယ်’’ဟု ဒီဇင်ဘာ ၃ ရက်က နေပြည်တော်ရှိ စည်ပင် ဧည့်ရိပ်သာတွင် ကျင်းပသော ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးအပြီး၌ မီဒီယာများအား ဦးဝင်းထိန်က ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

သမ္မတကြီးသည် လက်ရှိ တွင် ယခင်ကထက် ၁၅ ပေါင် ခန့် ဝိတ်ကျသွားသည်ဟု ဦးဝင်း ထိန်က ပြောသည်။

နိုင်ငံတော်သမ္မတ ဦးထင် ကျော်သည် ပြီးခဲ့သည့် စက်တင် ဘာ ၈ ရက်က ကျန်းမာရေးစစ် ဆေးရန် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များအရ အူလမ်းကြောင်းတွင် (Colonic Polyp) တွေ့ရှိ၍ ခွဲစိတ်ကုသမှုခံ ယူခဲ့သည်။

ခွဲစိတ်ကုမှု ခံယူပြီးနောက် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ စက် တင်ဘာ ၁၉ ရက်တွင် ပြန်လည်ရောက်ရှိလာကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန် ထားသည်။

ဆေးကုသမှုခံယူပြီး နှစ်ပတ်ခန့်အကြာတွင် ဘဏ္ဍာရေးကော် မရှင်အစည်းအဝေး တက်ရောက် ခြင်းနှင့် ပြည်ပဧည့်သည်များ လက်ခံတွေ့ဆုံခြင်းတို့ကို အောက်တိုဘာ ၂ ရက်က စတင်ဆောင် ရွက်ခဲ့သည်။

သမ္မတ ဦးထင်ကျော်သည် ကျန်းမာရေးကုသခံယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒတ်၏ တော်ဝင်ဈာပနအခမ်းအနား တက်ရောက်ရန်အောက်တိုဘာ ၂၅ မှ ၂၇ရက်အထိထိုင်းနိုင်ငံသို့သွားခဲ့သည်။

Top News