တောင်ကိုရီးယားတွင် ရေယာဉ်ချင်း မတော်တဆတိုက်မိမှုကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံး

တောင်ကိုရီးယားတွင် ရေယာဉ်နှစ်စီး မတော်တဆ တိုက်မိမှုကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

တောင်ကိုရီးယား အနောက်ဘက် ကမ်းခြေတွင် ဒီဇင်ဘာ ၃ ရက်က ၃၃၆ တန် အလေးချိန်ရှိ ဆီတင် သင်္ဘောတစ်စီးကို ငါးဖမ်းလှေ တစ်စီးက ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်တွင် လူ ၁၃ ဦးသေကာ နောက်ထပ် ၂ ဦး ပျောက်ဆုံးနေဆဲဟု တောင်ကိုရီးယား ကမ်းခြေစောင့်တပ်က ဆိုသည်။

ဆွန်ချောင် အမှတ်(၁) ငါးဖမ်းသင်္ဘောသည် အခင်းဖြစ်ချိန်က အပျော်တမ်း ငါးဖမ်း ခရီးထွက်လာပြီး အမှုထမ်း ၂ ဦး အပါအဝင် လူ ၂၂ ဦး လိုက်ပါလာကြောင်း သိရသည်။ ဆီတင်သင်္ဘောနှင့် တိုက်မိပြီးနောက် ငါးဖမ်းလှေမှာ ပက်လက်လန်ကာ တိမ်းမှောက် နစ်မြုပ်သွားခဲ့သည်။

ရေတပ်မှ ရဟတ်ယာဉ်များနှင့် စေတနာ့ဝန်ထမ်း လုပ်အားပေးသည့် ရေယာဉ် အမြောက်အမြား အပါအဝင် ကယ်ဆယ်ရေး လုပ်ငန်းများ ဖြန့်ကျက် ဆောင်ရွက်ခဲ့ကြသလို ရေတပ်၏ ရေငုပ်သမားများကလည်း ပျောက်ဆုံးသူများကို ရှာဖွေနေသည်။

ရေယာဉ်နှစ်စီး တိုက်မိမှုသည် ယွန်ဟောင်ကျွန်းအနီး အင်ချီယွန် အနောက်တောင်ပိုင်း ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။ ဒဏ်ရာရသူ ၇ ဦးကိုမူ ဆေးရုံသို့ တင်ပို့ပေးခဲ့ရသည်။ ၁၀ တန် အလေးချိန်ရှိ ငါးဖမ်းလှေ၏ ဦးစီးမှူးသည်လည်း ပျောက်ဆုံးနေဆဲဟု သိရသည်။

ဆီတင်သင်္ဘောပေါ်မှ အမှုထမ်း တစ်ဦးမျှ ထိခိုက်မှု၊ ပျောက်ဆုံးမှု မရှိခဲ့ချေ။ တောင်ကိုရီးယား ယွန်ဟပ် သတင်းဌာနက ငါးဖမ်းလှေ ကမ်းမှခွာသွားပြီး ကိုးမိနစ်မျှ အကြာတွင် ယခုမတော်တဆမှု ဖြစ်ပွားခြင်းဟု ဖော်ပြခဲ့သည်။ တံတားတစ်စင်းအောက်မှ ဖြတ်သန်းချိန်တွင် ရေယာဉ်ချင်း တိုက်မိကြခြင်းဟု ယူဆရကြောင်းလည်း ယွန်ဟပ်က ဆိုသည်။

“လောလောဆယ် စုံစမ်းသိရှိထားသလောက်တော့ ရာသီဥတုနဲ့ အခုဖြစ်ရပ် ဆက်စပ်မှု မရှိနိုင်ပါဘူး။ ဒါပေမဲ့ မတော်တဆမှု ဘယ်လိုဘယ်ပုံ ကြုံခဲ့သလဲ ဆိုတာကိုတော့ ဆက်ပြီး စုံစမ်းနေဆဲပါ”ဟု ကမ်းခြေစောင့်တပ် တာဝန်ရှိသူ တစ်ဦးက မှတ်ချက်ပေးခဲ့သည်။

ထိုနေရာတွင် ရာသီဥတု အေးမြနေသဖြင့် ရေထဲတွင် ခန္ဓာကိုယ် အပူချိန် ကျဆင်းပြီး သေဆုံးမှုများလည်း ရှိနိုင်ကြောင်း ကယ်ဆယ်ရေးများက ပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ်က တောင်ကိုရီးယားနိုင်ငံ၊ ဂျီဂျူအနီးတွင် ယခုလို အပျော်တမ်း ငါးဖမ်းခရီးထွက်ရာမှ လှေတိမ်းမှောက်သဖြင့် လူပေါင်း ၁၅ ဦး သေဆုံးဖူးသည်။ ယင်းမတိုင်မီ တစ်နှစ်ကမူ ကမ္ဘာကျော် Sewol ကူးတို့ရေယာဉ် နစ်မြုပ်မှုကြီး ပေါ်ပေါက်ခဲ့ပြီး တောင်ကိုရီးယား ကျောင်းသူကျောင်းသား အများစု အပါအဝင် လူပေါင်း ၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။

Ref: AFP